မနေ့က စမ်းချောင်းမှာ ပိတ်မိနေတဲ့ ဆန္ဒပြသူကလေး ၈၀၀ လောက်ကို ပိတ်ဆို့ဖမ်းဆီး အကြမ်းဖက်ဖို့အတွက် ညနေလောက်ထဲက စစ်တပ်ဟာ မြို့နယ်ကို isolate လုပ်၊ မီးဖြတ်ပြီး ညဘက်မှာ ကဒါဖီစတိုင် တစ်အိမ်ချင်း အကြမ်းဖက်ဖို့ စီစဥ်ခဲ့ပါတယ်။
သို့သော်လည်း စစ်တပ်ရဲ့ စီမံကိန်းဟာ မအောင်မြင်ပဲ လူအနည်းငယ်လောက်ကိုသာ ဖမ်းဆီး၊ ကားတွေနဲ့ ပြည်သူပိုင် ပစ္စည်းတွေကို လုယက် ဖျက်ဆီးမှု တွေနဲ့ပဲ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒီအကြမ်းဖက်မှုကို တားဆီးနိုင်ခဲ့တဲ့ အဓိက အချက်ကတော့ ပြည်သူတွေရဲ့ ညီညွတ်မှုနဲ့ ရဲရင့်မှုကြောင့်ပါ။
စမ်းချောင်းမြို့နယ် အပါအဝင် နီးစပ်ရာ မြို့နယ် အသီးသီးက လက်နက်မဲ့ ပြည်သူတွေဟာ လမ်းမပေါ်ထွက်ကာ စမ်း ချောင်းကို ဝန်းရံပြီး သွေးဆာနေတဲ့ လက်နက်ကိုင် အကြမ်းဖက် သမားတွေကို သတ္တိ ရှိရှိ ရင်ဆိုင်ခဲ့ပါတယ်။
ည ၉ နာရီ ကျော်လောက်မှာတော့ ရန်ကုန်က မြို့နယ် အသီးသီးက ပြည်သူတွေဟာ ကြွေးကျော်သံတွေနဲ့အတူ ပုဒ်မ ၁၄၄ နဲ့ ကျည်ဆန်တွေ ကို မကြောက်နိုင်တော့ပဲ ညသပိတ် ထွက်လာပြီး စမ်းချောင်းကို အာရုံစိုက်နေတဲ့ အကြမ်းဖက် သမားတွေ ကို အာရုံလွှဲခဲ့သလို အခြား မြို့နယ်တွေက လက်နက်ကိုင်တွေ စမ်းချောင်းကို အင်အား သွားမဖြည့်နိုင်ဖို့အတွက်ပါ လမ်းမထက် ခံစစ်တွေကို ညတွင်းချင်း တည်ဆောက်ခဲ့ကြပါတယ်။
ဒီလို ပြည်သူတွေရဲ့ တခဲနက် တုန့်ပြန်မှုကြောင့် စမ်းချောင်း အရေးအခင်းကို တစ်ကမ္ဘာလုံးက သတိထားမိလာကြပြီး EU, US, UK, UN နဲ့ ကမ္ဘ့ာ အင်အားကြီး နိုင်ငံတွေက စမ်းချောင်းကို အကြမ်းမဖက်ဖို့ စစ်တပ်ကို တစ်ပြိုင်နက်ထဲ အမိန့်ဝိုင်းပေး ခဲ့ကြတယ်။
နိုင်ငံတကာက ကြေငြာချက်တွေပဲ ထုတ်ပြန်တယ်၊ အားမကိုးရဘူးလို့ ဆိုပေမယ့်လည်း အခုလို စစ်တပ်က လုပ်တော့မယ့် အကြမ်းဖက်မှု တစ်ခုကို တစ်ကမ္ဘာလုံးက စောင့်ကြည့် နေကြတယ် ဆိုတဲ့ အနေအထားက အတော်လေး ထိရောက်ပြီး စစ်တပ်ကို အလွန်အကျွံ မတရား လုပ်ဖို့ တွန့််ဆုတ်သွားစေခဲ့ပါတယ်။
ထပ်ပြီး ချီးကျူးရမှာ ကလေးတွေကို လက်ခံထားတဲ့ အိမ်ရှင်တွေပါ။သူတို့ဟာ ကလေးတွေနဲ့အတူ အဖမ်းခံမယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ဆက်လက် ကူညီနေကြသလို ကလေးတွေကလည်း အိမ်ရှင်တွေ သူတို့ကြောင့် အဖမ်းခံရမှာ စိုးရိမ်တဲ့အတွက် တိုက်အပြင် လှေခါးတွေမှာ ထွက်ထိုင်နေကြပါတယ်။ ကလေးတွေကို အိမ်ရှင်က ပြန်ခေါ်၊ ကလေးတွေကငို၊ အိမ်ရှင်က ငို၊ အပြင်က ပြည်သူတွေက ငိုနဲ့ ပြည်သူအချင်းချင်းကြားက မေတ္တတရားဟာ တကယ့်ကို မှတ်ကျောက် တင်နိုင်ခဲ့ပါတယ်။
ဒါကြောင့်လည်း အဆုံးသတ်မှာတော့ စမ်းချောင်းဟာ အကြမ်းဖက်မှု ဘေးဆိုးကနေ အထိအခိုက် အနည်းဆုံးနဲ့ အောင်မြင်စွာ လွတ်မြောက်ခဲ့တာပါ။ ပြည်သူ့အင်အားဟာ အဓိက ဖြစ်ပြီး ပြည်သူတွေ ညီညွတ်ရင် အောင်မြင်နိုင်တယ် ဆိုတာကို စမ်းချောင်း အရေးအခင်းက မြန်မာကိုသာမက ကမ္ဘာကိုပါ ပြသ နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘယ်လိုပဲ ဖြစ်ဖြစ် နိုင်ငံတကာရဲ့ ကူညီမှုနဲ့ အရေးပါမှုကလည်း ခေတ်သစ် ကမ္ဘာမှာ အဓိက ကျနေဆဲပါ။ ခုလို ပြည်တွင်းပြည်ပ ညီညီညွတ်ညွတ်နဲ့ တွန်းလှန်နေတာကြောင့် အကြမ်းဖက် အာဏာရှင် စနစ်ဟာ မကြာခင်မှာပဲ မြန်မာ့ မြေပေါ်ကနေ ပျောက်ကွယ်သွားမှာကတော့ သေချာနေပါတယ်။ crd