Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

နွေဦးတော်လှန်ရေးနှင့် သတင်းမီဒီယာအခြေအနေ

ဒေသအခြေစိုက်မီဒီယာများ၊ ထိုမီဒီယာတို့၏အားကို တစ်စိတ်တစ်ပိုင်းယူထားသော သမားရိုးကျ သတင်းဌာနများသည် အာဏာရှင်စနစ်ကို အစဉ်အလာမပျက် ဆက်လက် အန်တုနေကြသည်။

November 3, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

ဗမာပြည်စာနယ်ဇင်းသမိုင်းရဲ့ နိဒါန်းလို့ဆိုရမယ့် အင်္ဂလိပ်နယ်ချဲ့ခေတ်က သတင်းသမားတွေကို ပြန်လေ့လာကြည့်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ကြီးတွေဟာ သူတို့ခေတ်ရဲ့ သမိုင်းပေးတာဝန်ဖြစ်တဲ့ နယ်ချဲ့ဆန်ကျင်ရေး စာနယ်ဇင်းတာဝန်တွေကို ကျေကျေပွန်ပွန်ထမ်းဆောင်ခဲ့ကြတယ်ဆိုတာ အထင်အရှား တွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီကာလနောက်ပိုင်း ဆက်တိုက်ဆိုသလို ကြုံတွေ့လာရတဲ့ ဖက်ဆစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးစတဲ့ ပခုံးပေါ် ကျလာတဲ့တာဝန်တွေကိုလည်း ဗမာစာနယ်ဇင်းအများစုကြီးဟာ မညည်းမညူထမ်းဆောင်ခဲ့ကြပြန်ပါတယ်။

၁၉၆၂ ကနေ ယနေ့အထိ ဗမာပြည်သူတွေ မီးလို ပိုက်ထားရတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးမှာလည်း ဗမာစာနယ်ဇင်းဆရာတွေ အင်တိုက်အားတိုက် ပါဝင်ခဲ့ကြတာပါပဲ။ ခေတ်ကာလတွေပြောင်း၊ နည်းပညာတွေပြောင်းလို့ အသုံးပြုတဲ့ကြားခံမီဒီယာတွေ ပြောင်းသွားပေမယ့် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး ချစ်မြတ်နိုးတဲ့ ဗမာစာနယ်ဇင်းအများစုရဲ့ နှလုံးသားက ပြောင်းလဲမသွားပါဘူး။

အခု ဒီစာစုမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာကြတဲ့ ဗမာပြည်စာနယ်ဇင်းသတင်းမီဒီယာများ (လက်လှမ်းမီသလောက်) ကို လေ့လာဆန်းစစ် တင်ပြသွားမှာဖြစ်ပါတယ်။ လက်ရှိ လေ့လာမိသလောက် နွေဦးတော်လှန်ရေးကာလအတွင်း အသစ်ဖြစ်ထွန်းပေါ်ပေါက်လာတဲ့ စာစဉ်စာတမ်း (၄၀) ကျော်နဲ့ ဒေသအခြေစိုက် သတင်းမီဒီယာပေါင်း (၁၅၀) ကျော်ခန့်ကို လေ့လာတွေ့ရှိရပါတယ်။ တကယ်ဖြစ်ထွန်းပေါ်ပေါက်လာတဲ့ အရေအတွက်က ဒီထက်ပိုများနိုင်ပါတယ်။ ဆက်လက်လေ့လာသုတေသနပြုကြဖို့လဲ လိုအပ်ပါတယ်။

စာစဉ်စာတမ်းများ

နွေဦးတော်လှန်ရေးကာလအတွင်းမှာ တော်လှန်ရေး၊ ဝါဒဖြန့်ချိမှုနဲ့ စည်းရုံးရေးအတွက် ရည်ရွယ်ပြီး အဖွဲ့စည်းအသီးသီးက ထုတ်ဝေတဲ့ စာစဉ်စာတမ်း (၄၁) စောင် ထွက်ရှိခဲ့ပါတယ်။ ထိုစာစဉ်စာတမ်းတွေဟာ သက်ဆိုင်ရာ လူထုလူတန်းစားအဖွဲ့အစည်းအသီးသီးရဲ့ အာဘော်တွေကို ထုတ်ဝေဖြန့်ဖြူးရုံသာမက အများပြည်သူ သတင်းသိရှိနိုင်ခွင့်နဲ့ သတင်းရပိုင်ခွင့် တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဖွဲ့အစည်းများအနက် ကျောင်းသားသမဂ္ဂဟာ ဝါဒဖြန့်ချိမှုနဲ့ စည်းရုံးလုပ်ငန်းစဉ်တွေကို အားကြိုးမာန်တက်ကြိုးပမ်းခဲ့ပါတယ်၊ ထွက်ပေါ်ခဲ့တဲ့ စာစဉ်စာတမ်း (၄၁) စောင်ထဲမှာ  (၁၇) စောင်ဟာ ကျောင်းသားသမဂ္ဂတွေ ထုတ်ဝေတယ်ဆိုတဲ့ အချက်က ထင်ထင်ရှားရှား သက်သေပြနေပါတယ်။ ဒါပေမဲ့ သတင်းဖြန့်ချိရေးလုပ်ငန်းတွေရဲ့ ပကတိအခက်အခဲတွေနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေရဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်ချက်တွေကြောင့် စာစဉ် (၇) စောင် ဆက်လက် မထွက်ရှိနိုင်တော့ဘဲ ရပ်နားသွားခဲ့ပါတယ်။

(၁) မျိုးဆက်သစ်စာစဉ် – ထားဝယ်မြို့နယ်အခြေခံပညာကျောင်းသားသမဂ္ဂနှင့် အဝေးရောက် အခြေခံပညာကျောင်းသားသမဂ္ဂ (ထားဝယ်) ၊

(၂)  နွေဦးလမ်းပြစာစဉ် – အခြေခံပညာကျောင်းသား အဖွဲ့အစည်းများဖြစ်သည့် အခြေခံပညာကျောင်းသားလူငယ်အစည်းအရုံး (အကလ)  နှင့် အခြေခံပညာကျောင်းသားများ​ရေးရာအဖွဲ့ (အကရ)

(၃)  ဇီးကွက်စာစဉ် (အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ချုပ်  (အကရ)

(၄)  ပင်နီစလင် (နွေဦးတော်လှန်ရေးကာလအတွင်း ဆေးနှင့်ဆေးနီးနွှယ် ကျောင်းသားသမဂ္ဂများ)

(၅)  ခွပ်ဒေါင်းတို့မြေစာစဉ် – အခြေခံပညာကျောင်းသားသမဂ္ဂများ  (အထက်မြန်မာပြည် ဗကသ)

(၆)  ဒေါင်းမျိုးဆက်စာစဉ် (မလှိုင်)

(၇) တောင်ပံခတ်သံစာစဉ် (မော်လမြိုင်ကျောင်းသားသမဂ္ဂ စာပေနှင့်ယဉ်ကျေးမှုရေးရာကော်မတီ)  တို့ ဖြစ်ပါတယ်။

ကျောင်းသားသမဂ္ဂတွေအပြင် အခြားတော်လှန်ရေးအင်အားစုတွေက ထုတ်ဝေတဲ့ စာစဉ်စာတမ်းပေါင်း (၂၁) စောင် ထွက်ရှိပြီး လက်ရှိမှာတော့ (၁၂) စောင်ပဲ ဆက်လက်ထုတ်ဝေဖြန့်ချိနေတာကို တွေ့ရပါတယ်။  အဲဒီထဲမှာ ထင်ရှားတဲ့ အရပ်ဘက်လူမှု့အဖွဲ့စည်း (၂) ခုဖြစ်တဲ့ SYNERGY အဖွဲ့က ထုတ်ဝေတဲ့ ငါတို့အနာဂတ် ငါတို့နိုင်ငံတော်စာစဉ်၊ Women Alliance Burma အဖွဲ့က ထုတ်ဝေတဲ့ အမျိုးသမီးမဟာမိတ်အင်အားစုစာစဉ်တွေ ပါဝင်ပါတယ်။ နိုင်ငံရေးပါတီတွေထဲကတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ထုတ်ဝေတဲ့ လူ့ဘောင်သစ်စာစဉ်တစ်ခုပဲ ထွက်ရှိနေပါတယ်။

၂၀၂၁၊ ဖေဖော်ဝါရီ အာဏာသိမ်းမှုအပြီး နောက်တစ်လမှာ စတင်ထွက်ပေါ်လာတဲ့ အထင်ကရစာစဉ်တစ်ခုကတော့ မိုလိုတော့ပ်စာစဉ်ပဲ ဖြစ်ပါတယ်။ အထွေထွေသပိတ်ကော်မတီ (GSC) ထဲမှာ ပါဝင်တဲ့အဖွဲ့တစ်ခုက စီစဉ်ထုတ်ဝေပြီး အင်တာနက်ပေါ်မှာရော ပုံနှိပ်ပုံစံနဲ့ပါ နှစ်မျိုးလုံးဖြန့်ဝေတာ တွေ့ရပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစုနဲ့ စစ်ကိုင်းတိုင်းအတွင်း ယင်းမာပင်၊ မုံရွာ၊ ကလေး စတဲ့မြို့တွေမှာ အဓိကဖြန့်ဝေတာကို တွေ့ရပါတယ်။ (၁၂-၄-၂၀၂၁) နေ့မှာ စစ်ကောင်စီက မိုလိုတော့ပ်ကို တရားမဝင်ကြောင်း ကြေညာခဲ့ပြီး သူ့ကို အားပေးကူညီရင် တည်ဆဲဥပဒေအရ အရေးယူမယ်လို့ ဆိုပါတယ်။

အခြားတစ်ဖက်မှာလဲ စစ်အာဏာရှင်တိုက်ဖျက်ရေးအထွေထွေသပိတ်တပ်ပေါင်းစု (မန္တလေး) အနေနဲ့ လူထုလက်ရုံးစာစဉ်ကို အဲဒီကာလတွေမှာပဲ ထုတ်ဝေခဲ့ပါတယ်။ အင်တာနက်ရော၊ မြေပြင်မှာပါ ဖြန့်ဝေတာပါ။ (၂၈-၃-၂၂) နေ့မှာ ထုတ်ဝေမှု ယာယီရပ်ဆိုင်းခဲ့ပြီး ဧပြီလ (၇) ရက်နေ့မှာ စာစဉ် ပြန်လည်ထွက်ရှိရန်အတွက် စာမူများပေးပို့ရန် ဖိတ်ခေါ်တာကို တွေ့ရပါတယ်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ အတွဲ (၃) ၊ အမှတ် (၉) ထိ ထုတ်ဝေထားပါတယ်။

မကွေးတိုင်းအခြေပြုသပိတ်ကော်မတီတွေက စီစဉ်တဲ့ မြစ်ကွေ့လူထုတော်လှန်ရေးစာစဉ်ဟာ (၁.၁၂.၂၁)  နေ့မှာ စတင်ထွက်ရှိခဲ့ပါတယ်။ တစ်လ (၂) ကြိမ် ထုတ်ဝေဖြစ်ပြီး ခုထိ ထွက်နေတုန်းပါပဲ။ Democracy Movement, Strike Committee Dawei က ထုတ်ဝေခဲ့တဲ့ The Revolution စာစဉ်ဟာ ၂၀၂၁၊ ဧပြီလမှာ တနင်္သာရီတိုင်းအတွင်း စတင်ဖြန့်ချိခဲ့ပြီး ဇူလိုင်လမှာ ငွေကြေးအခက်အခဲကြောင့် ရပ်နားသွားခဲ့ပါတယ်။  ဧရာ၀တီတိုင်းဘက်မှာတော့ စာစောင်စာတမ်း သီးသန့်ထုတ်ဝေတာမျိုး မရှိဘဲ ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာနဆိုပြီး ပုံမှန်တင်ဆက်နေတာ Facebook Page တစ်ခုကနေ တော်လှန်ရေးနှင့်ဆိုင်တဲ့ သတင်းတွေကို ပုံမှန်တင်ဆက်လျက်ရှိပါတယ်။ လက်ရှိအချိန်မှာ အဲဒီ Page ဟာ Likes (53K) , Followers  (60K) တစ်ရက်ကို သတင်းအပုဒ်ရေ ပျမ်းမျှ (၆ ပုဒ်) ခန့် တင်ဆက်လျက်ရှိပါတယ်။

ပြည်နယ်အခြေစိုက်တော်လှန်ရေးအင်အားစုတွေကလည်း ဝါဒဖြန့်ချိရေးနဲ့ စည်းရုံးရေးဆိုင်ရာ လှုပ်ရှားမှုတွေ အထိုက်အလျောက် အားကောင်းလာတာ လေ့လာတွေ့ရှိရပါတယ်။ Kachin State Civilian Movement – KSCM အင်အားစုသပိတ်ကော်မတီက စီစဉ်ထုတ်ဝေတဲ့ ရှတ်ဂျမ်စာစောင်ဟာ ၂၀၂၁၊ မေလမှာ စတင်ထွက်ရှိပါတယ်။ ကချင်ပြည်နယ်အတွင်းရှိ အင်တာနက်ဖြတ်တောက်ခံရတဲ့ ဒေသတွေကို အဓိကထား ဖြန့်ဝေပါတယ်။ ကချင်ပြည်သူလူထု စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အရှိန်အဟုန်မြှင့်တင်နိုင်ရန်၊ သတင်းအမှန်များ ပြည်သူလုထုထံသို့ ‌ရောက်ရှိရန် ရည်ရွယ်သည်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ကချင်ပြည်နယ်လူထုလှုပ်ရှားမှုစာစောင်ဆိုတာလည်း ရှိပါသေးတယ်။ မိုးညှင်းတော်လှန်ရေးအင်အားစုတွေကလည်း ရောင်နီသစ်စာ‌စောင်ဆိုပြီးတော့ ထုတ်ဝေခဲ့ပေမဲ့ ၂၀၂၁၊ ဧပြီမှာ စတင်ထုတ်ဝေခဲ့ပြီး ၂၀၂၁ သြဂုတ်လမှာ ရပ်နားခဲ့ပါတယ်။

မွန်ပြည်နယ်ဘက်မှာတော့ ရာမညဖယ်ဒရယ်အင်အားစုသစ်ကနေပြီး လဂွန်းအိမ်စာစဉ်ကို ၂၀၂၁၊ ဧပြီလမှာ စတင်ထုတ်ဝေခဲ့ပြီး အတွဲ (၃) ၊ အမှတ် (၃) ကို ၂၀၂၂၊ စက်တင်ဘာလအတွင်း ထုတ်ဝေခဲ့ပါတယ်။ မွန်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေတင်ဆက်လျက်ရှိပါတယ်။

ကယားပြည်နယ်ထဲက တက်ကြွလှုပ်ရှားသူတွေ စီစဉ်တဲ့ မီးတုတ်တော်လှန်ရေးစာစဉ်ဟာ (၁၅-၈-၂၁)  မှာ စတင်ထွက်ရှိခဲ့ပြီး အင်တာ‌နက်ကနေတစ်ဆင့် အဓိကဖြန့်ချိပါတယ်။ အဲဒီနှစ် ဒီဇင်ဘာမှာတော့ ဒေသတွင်းတိုက်ပွဲတွေကြောင့် ယာယီရပ်နားသွားခဲ့ရပြီး လက်ရှိအချိန်ထိ ပြန်လည်ထုတ်ဝေနိုင်ခြင်း မရှိသေးပါဘူး။

သမိုင်းအစဉ်အလာအရ ထင်ရှားကျော်ကြားတဲ့ ဗကသများအဖွဲ့ချုပ်နဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂတို့ စီစဉ်ထုတ်ဝေတဲ့ အိုးဝေစာစောင်ကတော့ နယ်ချဲ့ခေတ်ကတည်းက စခဲ့တဲ့ အိုးဝေရဲ့အစဉ်အလာကောင်းကို ဆက်ခံထိန်းသိမ်းထားတာပါပဲ။ (၈-၈-၂၁) မှာ စတင်ထုတ်ဝေခဲ့ပြီး ယနေ့အထိ ဆက်လက်ထွက်ရှိနေတုန်းပါပဲ။ အင်တာနက်ရော မြေပြင်မှာပါ ဖြန့်ချိတာ တွေ့ရပါတယ်။ လူထုကြား ပြန်နှံ့မှုအားအကောင်းဆုံး စာစောင်စာတမ်းတစ်ခုအဖြစ် လေ့လာတွေ့ရှိရပါတယ်။

တက္ကသိုလ်ကျောင်းသားများသမဂ္ဂ  (ရန်ကုန်) နဲ့ တကသကျောင်းသားဟောင်းများ အင်အားစုကလည်း ဆီသို့စာစဉ်ကို ၂၀၂၁၊ မတ်လမှာ စတင်ထုတ်ဝေပါတယ်။ အင်တာနက်ရော၊ ပုံနှိပ်ပုံစံနဲ့ပါ ဖြန့်ဝေပါတယ်။ လက်ရှိအချိန်ထိလည်း ဆက်လက်ထုတ်ဝေနေဆဲဖြစ်ပါတယ်။

လူငယ်နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဒီမိုကရက်တစ်လူငယ်ကောင်စီ၊ သုတေသနနှင့် မူဝါဒရေးရာ ကော်မတီက စီစဉ်တဲ့ သုတေသနစာစဉ်ဟာ ၂၀၂၁၊ သြဂုတ်လမှာ စတင်ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ ယခုနှစ်အတွင်းမှာလည်း ဆက်လက်ထုတ်ဝေနေဆဲ ဖြစ်ပါတယ်။ နောက်တစ်ခုက ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးက စီစဉ်တဲ့ ‘ဆိုရှယ်ဒီမိုကရက်တစ်’ စာစဉ်ပါ။ နွေဦးတော်လှန်ရေး  (၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၂၂၊ ဖေဖော်ဝါရီမှာ စတင်ထုတ်ဝေပါတယ်။ ၁ လ (၁) ကြိမ် ထုတ်ဝေနေဆဲဖြစ်ပါတယ်။

မြို့နယ် (သို့မဟုတ်) ဒေသအခြေစိုက်မီဒီယာများ

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ သတင်းတင်ဆက်ကြတဲ့ မီဒီယာတွေများစွာရှိကြပြီး ပင်မရေစီးသတင်းမီဒီယာလို့ ခေါ်ကြတဲ့ သမားရိုးကျ သတင်းဌာနကြီးတွေသာမက ‌ဒေသအခြေစိုက်၊ မြို့နယ်အခြေစိုက် သတင်းမီဒီယာတွေနဲ့ ပြည်သူပြည်သားသတင်းသမား  (Citizen Journalist)  အ‌မြောက်အမြားပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီသတင်းမီဒီယာတွေဟာ ပြည်သူလူထုကို သတင်းအချက်အလက်ပေးရုံမျှသာ မဟုတ်ဘဲ လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်များ၊ ဆောင်ရန်ရှောင်ရန်များကိုပါ ပေးပို့နိုင်ခဲ့ကြပါတယ်။ အထူးသဖြင့် နိုင်ငံမီဒီယာနဲ့ ပင်မရေစီးမီဒီယာကြီးတွေ ရုတ်တရက်လက်လှမ်းမမှီနိုင်တဲ့ ဒေသဆိုင်ရာထူးခြားချက်ရှိတဲ့သတင်းတွေကို လျင်လျင်မြန်မြန် တိတိကျကျ တင်ဆက်နိုင်ခဲ့ပါတယ်။ အချို့သော အခြေအနေတွေမှာ နိုင်ငံတကာမီဒီယာများနဲ့ ပင်မရေစီးမီဒီယာများက သတင်းအချက်အလက်အရသော်လည်းကောင်း၊ သတင်းအရင်းအမြစ်အရသော်လည်းကောင်း၊ သတင်းဓာတ်ပုံအရသော်လည်းကောင်း၊ မြို့နယ် (သို့မဟုတ်) ဒေသအခြေစိုက်မီဒီယာများကို ပြန်လည်ကိုးကား အသုံးပြုတာကို ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း ပေါ်ပေါက်လာတဲ့ မြို့နယ် (သို့မဟုတ်) ဒေသအခြေစိုက်မီဒီယာ ပျမ်းမျှ  (၁၅၀) ကျော်ခန့် ရှိနိုင်ပြီး သက်ဆိုင်ရာ မြို့နယ် (သို့မဟုတ်) ဒေသအခြေစိုက်မီဒီယာများမှာ ဖတ်ရှုသူပရိသတ် အတိုင်းအတာတစ်ခုအထိ ရရှိထားကြပါတယ်။ အဲဒီထဲကမှ Thakayta News, Khayan Channel III, Shwepyithar Information, Kyauktada Information, “Kalaw Township Media, “Karenni’s Voice”, “𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬, မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး၊ KO News – ကော့ကရိတ်ပွင့်လင်းသတင်းစဉ် စတဲ့ လူထုက စိတ်ဝင်တစားကြည့်ရှု့ရတဲ့ ဒေသအခြေစိုက် သတင်းမီဒီယာများလည်းရှိကြတယ်။ အဆိုပါသတင်းမီဒီယာတွေက မြေပြင်အခြေစိုက်သတင်းတွေ၊ သပိတ်လှုပ်ရှားမှုသတင်းတွေနဲ့ စစ်ကောင်စီရဲ့လှုပ်ရှားမှုသတင်းတွေကို အများပြည်သူ သိရှိအောင် စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ မီဒီယာတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ အလုပ်လုပ်ပုံ၊ သတင်းတင်ဆက်ပုံနဲ့ အကျိုးသက်ရောက်မှုတွေကိုလည်း သီးခြားလေ့လာ သုတေသနပြုဖော်ပြသင့်ပါတယ်။

စစ်‌ကောင်စီက အာဏာသိမ်းပြီး မကြာခင်မှာပဲ တစ်ပြည်လုံးရှိ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခဲ့ပါတယ်။ အင်တာနက်မြန်နှုန်းလည်း လျှော့ချပစ်ပါတယ်။ လုံးလုံးဖြတ်တောက်တာမျိုးမဟုတ်ဘဲ Facebook, Messenger အသုံးပြုမှု ခက်ခဲအောင် ပြုလုပ်ခဲ့တာမျိုးတွေပါ။ အဲဒီကာလမှာ သတင်းအချက်အလက် ပြတ်လပ်မှု ရပ်တန့်မသွားစေဖို့ သတင်းမီဒီယာများနဲ့ တက်ကြွလှုပ်ရှားသူများက ဖုန်း (SMS) ကနေ သတင်းများ ပြန်လည်ပေးပို့နိုင်ရန် ကြိုးစားခဲ့ကြတယ်။ ဥပမာအနေနဲ့ ‘ခိုဖြူ’ ဆိုတဲ့ သတင်းဖြန့်ဖြူးရေး Page တစ်ခု ပေါ်လာခဲ့ပါတယ်။ ခိုဖြူက သတင်းဌာနကြီးတွေက ဖော်ပြတဲ့သတင်းတွေကို စိစစ်အတည်ပြုပြီး အနှစ်ချုပ် ပြန်လုပ်ပေးတာပါ။ တစ်ရက်ကို (၂) ကြိမ် သတင်းတင်ပေးပါတယ်။ အင်တာနက်ခက်ခဲနေတဲ့ နေရာတွေက တော်လှန်ရေးအင်အားစုတွေ၊ အများပြည်သူလူထုတွေကို SMS ပို့လို့ပဲဖြစ်ဖြစ်၊ ဖုန်းဆက်ပြောလို့ပဲဖြစ်ဖြစ် အဆင်ပြေအောင် ရည်ရွယ်တာပါ။ ခိုဖြူ page ကို ၂၀၂၁၊ မတ်လမှာ စတင်ခဲ့ပြီး လက်ရှိကာလထိလည်း ဆက်လက်ပြီး သတင်းများတင်ဆက်လျက်ရှိပါတယ်။

အဲဒီလိုမျိုးတွေ တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းမီဒီယာတွေဟာ သတင်းအချက်အလက်စီးဆင်းမှု မပြတ်တောက်စေဖို့နဲ့ သတင်းအချက်အလက်မှန်တွေ အများပြည်သူရရှိဖို့ ရည်ရွယ်ပြီး ဘက်ပေါင်းစုံက တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း ဆောင်ရွက်ခဲ့ကြသလိုပဲ စာနယ်ဇင်းသတင်းမီဒီယာတွေဟာ ကွန်ရက်တွေအဖြစ်လည်း စုစည်းတိုက်ပွဲဝင်ခဲ့ကြပါတယ်။ (၃၀-၈-၂၁) နေ့မှာ လွတ်လပ်သော တော်လှန်ရေးမီဒီယာများကွန်ရက်ကို တော်လှန်မီဒီယာ (၇) ခုနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဒီဇင်ဘာ ၂၈ မှာ ထပ်တိုး (၅) ခု ထပ်မံဝင်ရောက်လာပါတယ်။ အဲဒီ (၁၂) ဖွဲ့ကတော့ (၁) တူမီးတော်လှန်ရေးစာစဉ် (၂) ဆီသို့စာစဉ် (၃) သူပုန်ဂေဇက် (၄) သပြေညိုသတင်းလွှာ (၅) ဖီးနစ်စာစဉ်၊ (၆) ပြည်သူ့သတင်းစီးဆင်းမှုကွန်ရက် – CIN  (၇) လုပ်သားစာမျက်နှာ၊ (၈) ဒေါင်းတမန်စာစဉ်၊ (၉) နွေဦးနေ့စဉ်၊ (၁၀) ပြောက်ကျားရေဒီယို၊ (၁၁) ဝရဇိန်စာစဉ်၊ (၁၂)  မြစ်ကွေ့ – လူထုတော်လှန်ရေးစာစဉ်တို့ ဖြစ်ကြပါတယ်။

အဲဒီလိုပဲ အခြားအခြားစုဖွဲ့မှုတွေလည်း အများအပြားပဲ ရှိကြပါတယ်။ စုဖွဲ့မှု အားကောင်းရင် ကောင်းသလို လူထုကိုလည်း အကျိုးပြုနေနိုင်ကြသလို သတင်းအချက်ကိုလည်း လျင်လျင်မြန်မြန် မှန်မှန်ကန်ကန် ဖြန့်ဖြူးစီးဆင်းနိုင်ခဲ့ပါတယ်။ ဒီနေရာမှာ ထည့်သွင်းဖော်ပြခြင်းမပြုနိုင်ခဲ့တဲ့၊ ကျန်ခဲ့နိုင်တဲ့ တော်လှန်ရေးစာနယ်ဇင်းသတင်းမီဒီယာတွေလည်း အများအပြားရှိနေဦးမှာပါ။ အဲဒီမီဒီယာတွေကလည်း ကျန်တာတွေနည်းတူ ပြည်သူလူထုကို မျက်စိနားဖွင့်ပေးနေမှာပါပဲ။ အဲဒီမီဒီယာတွေအကြောင်းကိုလည်း ထပ်မံ လေ့လာမှတ်တမ်းတင်ဖော်ထုတ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။

ဗမာပြည်တိုင်းရင်းသား ပြည်သူလူထုကြီးကလည်း အင်တာနက်တွေဖြတ်၊ ဖုန်းတွေပိတ်နေတဲ့ကြားကကို သတင်းမီဒီယာတွေကိုပဲ သတင်းအချက်အလက်ရရှိဖို့ ဘဝလုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက်ဖို့ အားကိုးအားထားပြုနေကြရတာပါ။ ဒါကြောင့် သူတို့အပေါ် လူထုထောက်ခံမှုကလည်း ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့တာ အထောက်အထားတွေ အမြောက်အမြားရှိပါတယ်။  အခြားတစ်ဖက်မှာလည်း အများပြည်သူလူထုရင်ဆိုင်ရသလို သတင်းသမားတွေ၊ ဖမ်းဆီးခံရ၊ အကျဉ်းချခံရ၊ နှိပ်စက်ခံရ၊ သတ်ဖြတ်ခံရတာတွေ အ‌မြောက်အမြားရှိသလို သတင်းမီဒီယာလုပ်ငန်းတွေနဲ့ သတင်းလုပ်ငန်းတွေကို လျှို့လျှို့ဝှက်ဝှက် လုပ်ဆောင်နေကြရပါတယ်။

နွေဦးတော်လှန်ရေးမတိုင်မီကတည်းကရှိခဲ့တဲ့ သတင်းဌာနကြီးတွေရယ် နွေဦးတော်လှန်ရေးနှင့်အတူ ပေါက်ဖွားလာကြတဲ့ တော်လှန်မီဒီယာသစ်တွေရယ်ဟာ စစ်အာဏာရှင်စနစ်နဲ့ ဝါဒဖြန့်ချိရေးစစ်တလင်းမှာ အပြင်းထန်ဆုံး စစ်ခင်းနေကြပြီ ဖြစ်ပါတယ်။

ကိုလိုနီခေတ်ကတည်းက ထားရှိခဲ့တဲ့ စာနယ်ဇင်းအစဉ်အလာနဲ့ ညီစွာပဲ မကြာခင်မှာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်အောင်ပွဲခံနိုင်တော့မှာ အသေအချာပါပဲ။    ။

Source – Myanmar Now

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English