ယခုနှစ်၏ ဒေသတွင်း ဆယ်နိုင်ငံအဖွဲ့ အာဆီယံ၏ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနှင့် အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာအရေးအား ဗုဒ္ဓဟူးနေ့တွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြပြီး ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများကို မကြာသေးခင်က မြန်မာစစ်ကောင်စီက သေဒဏ်ပေးကွပ်မျက်ခြင်းကို ‘လွန်စွာ စိတ်ပျက်ရကြောင်း’ ပြောသည်။
လွန်ခဲ့သော နှစ်နှစ်ကျော်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် လူချင်း တိုက်ရိုက်ပထမဆုံး တွေ့ဆုံခြင်းအဖြစ် ဖနွမ်းပင်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက နှစ်ပတ်လည် စည်းဝေးကြခြင်း ဖြစ်ပြီး ယင်း အစည်းအဝေးတွင် မြန်မာမှ ကိုယ်စားလှယ် မပါဝင်ခဲ့ပေ။
“နိုင်ငံရေးဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးတွေ ဆောင်ကြဉ်းနိုင်ဖို့ သေဒဏ်ပေးမှာကို ပြန်ပြီး စဉ်းစားသုံးသပ်ဖို့ ကျွန်တော်နဲ့ အခြားသူတွေ မေတ္တာရပ်ခံတဲ့ကြားကကို အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေကို သေဒဏ်ပေးလိုက်တာဟာ အာဆီယံ အဖွဲ့ဝင်အားလုံးအတွက် လွန်စွာ စိတ်ပျက်စရာ ဖြစ်ရတယ်”ဟု အစည်းအဝေး အဖွင့်မိန့်ခွန်း၌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောသည်။
မြန်မာစစ်ကောင်စီအနေဖြင့် အတိုက်အခံ တက်ကြွလှုပ်ရှားသူများအား ဆက်လက် သေဒဏ်စီရင်နေပါက မြန်မာ့အကျပ်အတည်းကို အာဆီယံအနေဖြင့် ချည်းကပ်မှုသစ် ဖော်ဆောင်ရလိမ့်မည်ဟုလည်း ၎င်းက ဆိုသည်။
၂၀၂၁ ဖေဖော်ဝါရီလအတွင်း အာဏာသိမ်းခဲ့သည့် စစ်တပ်အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ လေးဦးအား သေဒဏ်ပေး ကွပ်မျက်ခဲ့ခြင်း ဖြစ်သည်။ အာဆီယံနှင့် တရုတ်၊ ဂျပန်နှင့် အမေရိကန်တို့ အပါအဝင် မိတ်ဖက်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်မည့် အစည်းအဝေးများ မကျင်းပခင် ရက်ပိုင်းအလို၌ သေဒဏ်စီရင်လိုက်ခြင်းလည်း ဖြစ်သည်။
“မြန်မာ့အရေးကို ဒီ နေ့လယ်မှာ ကျွန်တော်တို့ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တယ်”ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အက်ဘ်ဒူလက်ရှ်က သတင်းထောက်များအား ပြောသည်။
သေဒဏ်ပေးကွပ်မျက်ခြင်း မတိုင်ခင်က ကမ္ဘောဒီးယားသည် ယခု အစည်းအဝေးသို့ စစ်ကောင်စီခန့် မြန်မာနိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့်ပြုရန် အခြားသော အဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုခဲ့သည်ကို အိမ်ရှင် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ် ဆော့ခွန်း ရေးသားသော အစီရင်ခံစာတစ်ရပ်အရ သိရသည်။ ယင်း အစီရင်ခံစာသည် ကိုယ်စားလှယ်များကြား ပြန့်နှံ့ခဲ့ကာ Kyodo News က တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံအစိုးရကို ဖြုတ်ချအာဏာသိမ်းပြီး ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများကို အကြမ်းဖက်ဖြိုခွင်းခြင်းကြောင့် အာဆီယံသည် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် စစ်အစိုးရအကြီးအကဲတို့ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာမှစကာ အစည်းအဝေးများမှ ဖယ်ချန်ထားခဲ့ခြင်း ဖြစ်သည်။
Source – MIZZIMA