၂၀၂၂ ခုနှစ် မှာ မြန်မာနိုင်ငံဟာ အတိမ်းအစောင်းမခံနိုင်ဆုံးနိုင်ငံ Fragile State ဖြစ်တယ်လို့ အမေရိကန် The Fund for Peace ငြိမ်းချမ်းရေးရန်ပုံငွေ သုတေသနအဖွဲ့က ပြောကြားလိုက်ပါတယ်။
Fragility ဆိုတဲ့ အတိမ်းအစောင်းမခံနိုင် ဒါမှမဟုတ် အထိမခံနိုင် ဆိုတာဟာ ကဏ္ဍတိုင်းမှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ဖြေရှင်းရမယ့် သဘောတရားဖြစ်တယ်လို့ ပြောပါတယ်။
ဒီလအတွင်း ထုတ်ပြန်တဲ့ Fragile State ညွှန်းကိန်းအစီရင်ခံစာနဲ့ ပတ်သက်ပြီး The Fund for Peace ညွှန်ကြားရေးမှူး Nate Haken ဟာဂင်က ခုလိုပြောပါတယ်။
“ဒီနှစ်အတွက် အဆိုးဝါးဆုံးနိုင်ငံတွေက မြန်မာနိုင်ငံ။ စစ်အာဏာသိမ်းထားပါတယ်။ အာဖဂန်နစ္စတန်မှာ အကြမ်းဖက် အာဏာအပြောင်းအလဲ၊ Burkina Faso မှာ အစွန်းရောက်အကြမ်းဖက်မှုတွေ များပြီး ဒီ၂ဝ၂၂ မှာ အာဏာသိမ်းမှု ဖြစ်ပွားပါတယ်။ လက်ဘနွန်မှာ စီးပွားရေးနဲ့ နိုင်ငံရေး အကျပ်အတည်းအပြင် ဆန္ဒပြပွဲနဲ့ အကြမ်းဖက်မှုများလာမှု ဟေတီမှာ သမ္မတလုပ်ကြံခံရမှုတွေ ဖြစ်ပွားပါတယ်။”
၁၇၉ နိုင်ငံက ပေါင်းစည်းမှုညွှန်းကိန်း၊ စီးပွားရေးညွှန်းကိန်း၊ နိုင်ငံရေးညွှန်းကိန်း၊ လူမှုရေးနဲ့ သူနဲ့ ဆက်စပ်တဲ့ ညွှန်းကိန်းတွေကိုကြည့်ပြီး အတိမ်းအစောင်းရှိ-မရှိ သတ်မှတ်တာပါ။
ပေါင်းစည်းမှု ညွှန်းကိန်းမှာ လုံခြုံရေးယန္တရား၊ အထက်လွှာပိုင်း ဂိုဏ်းဂဃ၊ အုပ်စုလိုက် မကျေနပ်ချက်တို့ ပါဝင်ပါတယ်။ စီးပွားရေး ကျဆင်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု မညီမျှမှု၊ လူတွေအစုလိုက် ထွက်ခွာမှုနဲ့ ဦးနှောက်ယိုစီးမှုတို့က စီးပွားရေးညွှန်းကိန်းမှာ ပါရှိပြီး တရားဝင်မှု၊ ပြည်သူ့ဝန်ဆောင်လုပ်ငန်း၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးမှုတို့က နိုင်ငံရေးညွှန်းကိန်းမှာ ပါဝင်ပါတယ်။ လူဦးရေ၊ ပြည်တွင်းနေရပ်ရွှေ့ပြောင်းမှုနဲ့ ပြည်ပစွက်ဖက်မှုကို လူမှုရေးနဲ့သူနဲ့ ဆက်စပ်တဲ့ ညွှန်းကိန်းမှာ ထည့်သွင်းထားပါတယ်။
မြန်မာနိုင်ငံဟာ ညွှန်းကိန်းတိုင်းက ကဏ္ဍရပ်တွေနဲ့ အကျုံးဝင်နေပြီး လုံခြုံရေးယန္တရားမှာ ဖော်ပြထားတာတွေနဲ့လည်း အထူးတလည် တိုက်ဆိုင်နေပါတယ်။
လုံခြုံရေးယန္တရားညွှန်းကိန်းမှာ ဗုံးပေါက်ကွဲတာတွေ၊ တိုက်ခိုက်တာတွေ၊ တိုက်ရင်းခိုက်ရင်း သေဆုံးရတာတွေ၊ ပုန်ကန်ခြားနားသူတွေရဲ့လှုပ်ရှားမှု၊ တပ်တွင်းပုန်ကန်မှု၊ အာဏာသိမ်းမှု ဒါမှမဟုတ် အကြမ်းဖက်မှု စတာတွေ အပါအဝင် နိုင်ငံ့လုံခြုံရေး ခြိမ်းခြောက်ခံနေရတာကို ထည့်သွင်းစဉ်းစားပါတယ်။
လုံခြုံရေးယန္တရားပိုင်းမှာ အချက်အလက်အတော်များများပါရှိပြီး အင်အားသုံးချုပ်ကိုင်မှုအပိုင်းက ဆန်းစစ်ချက်တွေက မြန်မာနိုင်ငံနဲ့ တိုက်ဆိုင်နေပြန်ပါတယ်။
ဒါနဲ့ပတ်သက်လို့ လုံခြုံရေးအတွက် စိုးရိမ်နေရပြီး စီးပွားရေးက ကျပ်တည်းနေတယ်လို့လည်း ကချင်နိုင်ငံရေးသမား ဦးဂျီအောင်ခမ်းက သုံးသပ်တာပါ။
“လုံခြုံရေးက အမြဲစိုးရိမ်နေရတယ်။ စကားပြောလည်း ချင့်ချိန်ပြောရတယ်။ စီးပွားရေးကျတော့လည်း ကုန်ဈေးနှုန်းက တက်၊ ငွေဖောင်းပွနေတယ်”
လုံခြုရေးနဲ့ပတ်သက်လို့ ပထမဆုံးဆန်းစစ်ချက်က စစ်တပ်က အရပ်သားအုပ်ချုပ်မှုအောက်မှာ ရှိသလား ဆိုတာကပဲ တခြားနိုင်ငံတွေနဲ့ မတူတဲ့အချက်ကို တွေ့ရပါတယ်။ သီးခြားထူထောင်ထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေက လက်ရှိအစိုးရကို အာခံနေသလားဆိုတဲ့ ဆန်းစစ်ချက်မှာပါတဲ့ ဝေါဟာရနဲ့ ပြည်သူ့ကာကွယ်ရေးတပ် ထပ်တူမကျပေမယ့် သဘောတရားက တူတယ်လို့ ပြောနိုင်ပြန်ပါတယ်။
စစ်တပ်ကို အားဖြည့်ပေးတဲ့ ရဲတပ်ဖွဲ့နဲ့ တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေက လှုပ်ရှားသလားကိုလည်း ဆန်းစစ်ပါတယ်။ ပြောက်ကျားတပ်ဖွဲ့ဝင်တွေ လှုပ်ရှားနေသလား။နယ်မြေတွေကိုချုပ်ကိုင်နိုင်သလားဆိုတာကို လည်း ဆန်းစစ်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံသူ နိုင်ငံသားတွေ ဆက်ဆံရေးအပိုင်းမှာတော့ ရဲတပ်ဖွဲ့ဝင်တွေက သူ့အသက်မွေးဝမ်းကျောင်းပညာနဲ့ ကိုက်ညီတယ်လို့ သုံးသပ်နိုင်ပါသလား၊ အုပ်ချုပ်ရေးပိုင်းကိုယ်တိုင် နိုင်ငံရေးအရ စေ့ဆော်မှုနဲ့ အကြမ်းဖက်သလား၊ စစ်တပ်နဲ့ရဲ က အင်အားအသင့်အတင့်သုံးသလား စတာတွေ ဆန်းစစ်ပါတယ်။
လက်နက်နဲ့သက်ဆိုင်တဲ့ အပိုင်းမှာတော့ လက်နက်တွေအမြောက်အမြား သုံးနိုင်သလားဆိုတာတွေ ပါရှိပြီး အဲဒီအချက်တွေပေါင်းစည်းလိုက်တဲ့အခါအခု၂၀၂၂ခုနှစ်မှာမြန်မာနိုင်ငံဟာကမ္ဘာ့အတိမ်းအစောင်းမခံနိုင်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရတာပဲ ဖြစ်ပါတယ်။
Source – RFA