စစ်ကောင်စီရဲ့ရူးကြောင်ကြောင်အမိန့်တွေကြောင့်မနေ့ကစလို့ ပြည်တွင်း ဒေါ်လာဈေးနဲ့ ရွှေဈေး ဆက်တိုက်မြင့်တက်နေပြီး ဒီနေ့မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ကျပ် ၂၄၀၀ ထိ မြင့်တက်သွားတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက တစ်ဒေါ်လာကို ကျပ် ၂၀၀၀ သာ ရှိခဲ့ပြီး ရက်အနည်းငယ်အတွင်း ကျပ် ၂၄၀၀ ထိ ခုန်တက်သွားတာဖြစ်တယ်။စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလ ၃၁ ရက်နေ့က ပြင်ပပေါက်ဈေး အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေကျပ် ၁၃၄၀ သာ ရှိခဲ့တာပါ။
ဒီနေ့ အခေါက်ရွှေဈေးကတော့ တစ်ကျပ်သားကို ကျပ် ၂၁ သိန်းအထိ မြင့်တက်သွားတယ်။စစ်တပ်အာဏာသိမ်းပြီး နှစ်လကျော်အကြာ ၂၀၂၁ ဧပြီလဆန်းမှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၁၀ သိန်း ဝန်းကျင်သာ ပေါက်ဈေးရှိခဲ့ပါတယ်။ အခုလိုအချိန်မှာ လူတွေက ခိုင်မာတဲ့ရွှေလို ပစ္စည်းမျိုးကို အလုအယက် ဝယ်ယူစုဆောင်းမှုကြောင့် ရွှေဈေးမြင့်တက်လာတာပဲ။
အာဏာသိမ်းမှုနောက်ဆက်တွဲ အကျိုးဆက်တွေအဖြစ် နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ဗဟိုဘဏ်ရဲ့ အမေရိကန်ဒေါ်လာ ကန့်သတ်ချက်တွေကြောင့် အခုလို ဒေါ်လာဈေးနဲ့ ရွှေဈေး ရုတ်တရက် ခုန်တက်သွားတာဖြစ်ပြီး ဒီရက်ပိုင်းဆက်တက်နေဦးမယ့်အခြေအနေမှာရှိတယ်။ဒေါ်လာလိုချင်လို့ အလုအယက် ဝယ်ကြလို့ အခုလိုတွေ ဖြစ်နေတာ။ သွင်းကုန်အတွက် ဒေါ်လာဝယ်တာတွေရှိတယ်။ ပြည်တွင်းမှာ နိုင်ငံခြားချေးငွေတွေ ပေးစရာရှိလို့ ဒေါ်လာဝယ်တာတွေရှိတယ်။ ဒေါ်လာကလည်း ပြည်တွင်းမှာ လိုနေတဲ့အခါကျတော့ ဒေါ်လာ လိုအပ်ချက်နဲ့အညီ ဒေါ်လာဈေးက တက်သွားတဲ့သဘောပဲ။ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဒေါ်လာကန့်သတ်ချက်အမိန့်ကို အခုနှစ်ဆန်းမှာ ထုတ်ပြန်ခဲ့ပြီး ဗဟိုဘဏ်ပေါက်ဈေးတစ်ဒေါ်လာကိုကျပ်၁၈၅၀သာသတ်မှတ်ထားပေမယ့်အဲ့ဒီဈေးနဲ့ဘယ်သူမှအရောင်းအဝယ်မလုပ်ကြဘူးလေ။