ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာရှိ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်၏အထက်တွင် ဉာဏ်တော် ၁၀၈ တောင်စေတီတော်တစ်ဆူ တည်ထားပြီး ယတြာချေရန် စစ်အုပ်စုခေါင်းဆောင်စီစဥ်နေကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သူများထံမှ သိရသည်။
မဟာမြိုင်သဲဖြူတောရဆရာတော်ဦးပညာဇောတ၏ နှုတ်မိန့်ကြောင့် ဉာဏ်တော် ၁၀၈ တောင်စေတီကို တည်ထားရန် စီစဥ်နေခြင်းဖြစ်ပြီး ဇူလိုင်လ ၅ ရက်နေ့က စစ်အုပ်စုခေါင်းဆောင် ဧရာဝတီတိုင်းသို့ လာ ရောက်သည့်ခရီးစဥ်တွင် မော်တင်စွန်းစေတီအား သွားရောက်ကြည့်ရှုခဲ့ကြောင်း စစ်တပ်အသိုင်းအဝိုင်း နှင့်နီးစပ်သူက ပြောသည်။
မြတ်မော်တင်စွန်းစေတီတော်ကိုငုံပြီး စေတီတော်ရဲ့အထက်မှာဉာဏ်တော် ၁၀၈ တောင် စေတီတော် တစ်ဆူထပ်တည်ဖို့ လုပ်နေတာပါ။ မြတ်မော်တင်စွန်းစေတီနဲ့ အပေါ်ကထပ်ငုံပြီးတည်တဲ့ စေတီတော်ရဲ့ ကြားမှာ လှိုင်ဂူတွေထားမယ်လို့ သိရတယ်။ ဘုရားရင်ပြင်ကိုလည်း ၁၀၈ တောင်အထိချဲ့မယ်လို့ ပြော တယ်။ ဆရာတော်ရဲ့နှုတ်မိန့်ကြောင့် ယတြာချေတဲ့သဘောမျိူးလုပ်တာပါ။ ဒီကောင် (စစ်အုပ်စုခေါင်း ဆောင်) အရပ်ရှည်ချင်တာလား၊ အသက်ရှည်ချင်တာလား တခုခုပဲ” ဟု ၎င်းကဆိုသည်။
အဆိုပါ စေတီတော်တည်ရန် ဒီဇိုင်းဆွဲသည့်အပိုင်းကို MKT ဆောက်လုပ်ရေးကုမ္ပဏီက ဆောင်ရွက်နေ ခြင်းဖြစ်ပြီး ဒီဇိုင်းဆွဲပြီးပါက ဧရာတိုင်းရဲမှူးကြီးမှတဆင့်တင်ပြရန် စစ်အုပ်စုခေါင်းဆောင်ကညွှန်ကြား ထားကြောင်း စစ်တပ်နှင့်နီးစပ်သူကပြောသည်။
“ဒီဇိုင်းဆွဲပြီးရင် သူ့ကိုတင်ပြရမယ်။ သူအတည်ပြုပြီဆိုမှ စေတီတည်ရမှာပါ။ အခုတော့ မြတ်မော်တင် စွန်းစေတီရဲ့ ညာဏ်တော်၊ ရင်ပြင်အကျယ်နဲ့ ရင်ပြင်ကို ၁၀၈ တောင်အထိချဲ့ဖို့ တိုင်းထွာနေကြပြီလို့ သိရ တယ်” ဟု ဆက်လက်ပြောကြားသည်။
ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်သည် ဂေါတမမြတ်စွာဘုရား၏ဆံတော်ကို ထည့်သွင်းဌာပနာ ထားသည့် ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူဖြစ်ပြီး ယခုကဲ့သို့ သမိုင်းဝင်စေတီတော်၏အထက်တွင် စေတီတော်တစ်ဆူ ထပ်မံတည်ထားရန်စီစဥ်နေခြင်းကို မပြုလုပ်သင့်ကြောင်း ဂေါပကတစ်ဦးကဆိုသည်။
“ ရှေးဟောင်းသမိုင်းဝင်စေတီတော်ကို မမြင်ရတော့အောင် အပေါ်ကနေ စေတီတော်တစ်ဆူထပ်တည် မယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပဲ။ ကိုယ်ယတြာချေဖို့တစ်ခုတည်းအတွက်နဲ့ ငွေတွေလည်း အများကြီးကုန် မယ်။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဆံတော်ရှင်နဲ့တည်ထားတဲ့ စေတီတော်ကိုလည်း ဖုံးအုပ်သလိုဖြစ်မယ်။ ဒီလူ တွေ အတော်လေးအကုသိုလ်များတာပဲ” ဟု ဧရာဝတီတိုင်းတွင်းရှိ ဘုရားဂေါပကတစ်ဦးက သုံးသပ်သည်။
Source – Mizzima