စစ်တပ်က အာဏာသိမ်းခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြအနေဟာ တည်ငြိမ်လုံခြုံမှု ရှိရမယ့်အစား သီးခြားခွဲထွက်နိုင်ငံတွေအဖြစ်၊ ပြိုကွဲသွားနိုင်တဲ့ အခြေအနေမှာ ရှိနေကြောင်း၊ စစ်တပ်အနေနဲ့လည်း ဆက်လက်တည်တံ့နိုင်အောင် အတော်ကြိုးစား ရုန်းကန်နေရကြောင်း အရှေ့တောင်အာရှဆိုင်ရာ သုတေသီတစ်ဦးဖြစ်တဲ့ Michael Martin ရဲ့ သုံးသပ်ချက်သတင်းဆောင်းပါး တစ်စောင်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းခဲ့တာနဲ့အတူ နိုင်ငံဟာ ဘက်ပေါင်းစုံ ပြည်တွင်းစစ်အတွင်း ကျရောက်သက်ဆင်းခဲ့ရပါတယ်။ စစ်တပ်ဟာ ချင်း၊ ကရင်၊ ကယားပြည်နယ်တွေ၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ EAO တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေနဲ့ ရင်ဆိုင်နေရပြီး၊ အကျအဆုံးလည်း များပြားနေကြောင်း၊ အဲဒီထဲမှာ အကြီးတန်း စစ်တပ်အရာရှိတွေလည်း ပါဝင်နေပြီး၊ ကချင်ပြည်နယ်မှာဆိုရင် စစ်တပ်ဟာ သူတို့ရဲ့ တပ်စခန်းအခြေစိုက်ဝင်းအတွင်းကနေ အပြင်ကို မထွက်ရဲကြောင်းလည်း ဖော်ပြပါတယ်။
ဒါ့ပြင် လက်ရှိစစ်သည်အင်အားကို ထိန်းသိမ်းထားရေး၊ သေဆုံးဒဏ်ရာရသူတွေကို အစားထိုးဖို့ တပ်သားသစ်တွေ ရှာဖွေစုဆောင်းရေးလည်း ခက်ခဲနေပါတယ်။ အရာရှိတချို့ အပါအဝင် ရာနဲ့ချီတဲ့ တပ်သားတွေ ခွင့်မဲ့ပျက်ကွက်လာတာတွေ၊ EAO တွေ PDF တွေနဲ့ ပူးပေါင်းသွားတာတွေလည်း ပေါ်ပေါက်လာနေကြောင်း၊ အရင်က စစ်တပ်အတွက် လူသစ်စုဆောင်းမှု များပြားခဲ့တဲ့ မကွေးနဲ့ စစ်ကိုင်းလိုနေရာတွေက လူငယ်တွေဟာ၊ အခုတော့ PDF တွေဆီ ဝင်ရောက်သွားနေကြကြောင်းလည်း ဆောင်းပါးမှာ ဖော်ပြပါတယ်။
ရလဒ်အနေနဲ့ စစ်တပ်စခန်းတွေမှာ လူအင်အားအပြည့်ရဖို့ ခက်ခဲလာနေတာပါ။ ဒီပြဿနာကို ဖြေရှင်းဇို့ စစ်တပ်ဟာ ရဲအရာရှိတွေကို ခေါ်ယူသုံးစွဲခဲ့ပေမယ့် အရာရှိတချို့က နုတ်ထွက်သွားခဲ့ကြပါတယ်။ ဒီအခါ စစ်တပ်ဟာ စစ်ပြန်တွေ၊ စစ်တပ်လိုလားတဲ့ ဘာသာရေးအစွန်းရောက်ပါဝင်တဲ့ ပျူစောထီးလို အဖွဲ့တွေဖွဲ့စည်းပြီး ဒေသခံလူထုကို ခြိမ်းခြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးကိုတော့ မထိန်းချုပ်နိုင်ဘူးလို့ သတင်းမှာဖော်ပြပါတယ်။
အခြေအနေကို စောင့်ကြည့်နေကြတဲ့ သတင်းရင်းမြစ်တွေကတော့ နိုင်ငံရဲ့ ၄၀ – ၅၀ ရာခိုင်နှုန်းလောက်ကို EAO၊ PDF တွေ ထိန်းချုပ်ထားနိုင်ပြီလို့ဆိုပါတယ်။ ရခိုင့်တပ်တော် AAကလည်းရခိုင်ပြည်နယ်နေရာအများစုကို အုပ်ချုပ်နိုင်ပြီဖြစ်ပြီး စစ်ကောင်စီအောက်နေ လွတ်လပ်တဲ့ ကိုယ်ပိုင်အစိုးရ ထူထောင်ထားပြီဖြစ်ကြောင်း ပြောဆိုပါတယ်။
ဒီအတွင်းချင်းအမျိုးသားတပ်ဦး CNF နဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ CDF တို့ကလည်း ချင်းပြည်လွတ်မြောက်ဒေသအတွက် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းဖို့ စီစဉ်နေပါတယ်။ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ ဝပြည် ညီညွတ်ရေးတပ် UWSA အပါအဝင် သူတို့ရဲ့ မဟာမိတ် EAO တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း ကချင်နဲ့ရှမ်းပြည်နယ်တွေကိုတိုးချဲ့ထိန်းချုပ်လာခဲ့ကြပါတယ်။ ဒီအတွင်း ကရင်၊ ကရင်နီ၊ မကွေးနဲ့ စစ်ကိုင်းတိုင်း နဲ့ပြည်နယ်တွေမှာ စစ်ကောင်စီနဲ့အတူ ပူးပေါင်းဆောင်ရွက်လိုသူ ရှားပါးလာနေတာ တွေ့ရကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့တာဟာလည်း မြန်မာစစ်တပ် ရှေ့ရေးအတွက် စိုးရိမ်ဖွယ်ဖြစ်ပါတယ်။ ရုရှားဟာ မြန်မာအတွက် လက်နက်တွေ အဓိက တင်ပို့နေသူဖြစ်ပြီး၊ ယူကရိန်းကိစ္စအပြီးမှာ ရုရှားလက်နက်တင်ပို့မှုနှေးကွေးသွားခဲ့ပါတယ်။တရုတ်ကလည်းမြန်မာအတွက်အဓိကလက်နက်တင်ပို့သူဖြစ်ပေမယ့်မြန်မာနိုင်ငံတွင်းကအဓိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်းဆက်ဆံရေးမပျက်ရလေအောင် လက်နက်တွေ ပံ့ပိုးပေးနေတာပါ။ မြန်မာစစ်တပ်မှာ ကိုယ်ပိုင်လက်နက်စက်ရုံတွေရှိပေမယ့် စစ်တပ်အတွက် လုံလောက်အောင် ထုတ်လုပ်နိုင်စွမ်းရှိမရှိ မသိရပါဘူး။
ဒီအတွင်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တောင်းဆိုခဲ့တာဟာ စစ်တပ် အခက်တွေ့ရတာကို ပြသနေတယ်လို့ ဆောင်းပါးက ဆိုပါတယ်။ ၁၉၆၂ ခုနှစ် ကနေ ၂၀၁၁ ခုနှစ်အတွင်း စစ်တပ်ဟာ အကျပ်အတည်းနဲ့ ကြုံရတိုင်း အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့သလို အပစ်ရပ်သဘောတူညီချက်တွေကိုလည်း အကြိမ်ကြိမ် ချိုးဖောက်ခဲ့တာကြောင့် မင်းအောင်လှိုင် ရဲ့တောင်းဆိုချက်ကို တိုင်းရင်းသားအဖွဲ့တွေ လက်မခံတာဟာအံ့သြစရာမဟုတ်ကြောင်းလည်း ဖော်ပြပါတယ်။
တကယ်တော့ EAO နဲ့ PDF အဖွဲ့တွေမှာ စတင်ဂါ လို၊ တာဝေးပစ်လောင်ချာလိုမျိုး လက်နက်တွေ ၅၀ – ၁၀၀ လောက် နဲ့ M4 အော်တိုမက်တစ် ရိုင်ဖယ်သုံးလေးထောင်လောက်ရှိမယ်ဆိုရင် စစ်ကောင်စီကို ဖြတ်ချနိုင်မှာဖြစ်ကြောင်း၊ ဒီအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံနီးပါးလောက်သာ ကုန်ကျမှာဖြစ်ကြောင်း၊ အဲဒီကုန်ကျငွေပမာဏဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းကို လတ်တလော ထောက်ပံ့ခဲ့တဲ့ ငွေကြေးပမာဏရဲ့ အစွန်းထွက်သာရှိကြောင်း၊ ဒါပေမဲ့ အမေရိကန်သမ္မတက မြန်မာ EAO နဲ့ PDFတွေကို စစ်ရေးအရထောက်ပံ့မှာ မဟုတ်သလို အီးယူ ဥရောပသမဂ္ဂ ဆီကလည်း စစ်ရေးအကူအညီ ရဖွယ်မရှိကြောင်း၊ ဒါပေမဲ့ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ မြန်မာစစ်တပ်ကို ရရာလက်နက်နဲ့ ဆက်လက် တိုက်ပွဲဝင်နေကြမှာဖြစ်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။
Source – RFA