ဒီနေ့မနက်ရန်ကုန်ဆင်ခြေဖုံးရွှေပြည်သာမြို့နယ်ဘက်မဂ်လာဆောင်ရှိလို့သွားရတယ်။ဖြစ်ချင်တော့ကွန်ပျူတာတက္ကသိုလ်နားမှာဗုံးပေါက်ထားလို့အစစ်အဆေးတွေနဲ့တိုးတယ်။လမ်းမကြီးတစ်ခုလုံးပိတ်နေတဲ့အထိစစ်နေတာဆိုပြန်လှည့်လို့လဲမရဘူး။ကိုယ့်ကားကိုလဲသေချာစစ်ပြီးဟိုမေးဒီမေးလျောက်မေးတယ်။ကားထဲမှာဘာအထုတ်မှမပါသွားလို့တော်သေးတယ်။နောက်တစ်ခုကံကောင်းသွားတာကဖုန်းတွေယူမစစ်တာပဲ။ဖုန်းထဲကdataတွေတွေ့သွားရင်တစ်ခါထဲပါသွားလောက်တယ်။ရင်ခုန်စိတ်လှုပ်ရှားစရာအခိုက်အတန့်တစ်ခုပေါ့။
ရန်ကုန်မှာသွားလာရတာလဲမလွယ်ပါဘူး။အကြမ်းဖက်လက်ပါးစေတွေကနေရာတကာမှာစစ်ဆေးနေကြတော့ယာဉ်ကြောပိတ်ဆို့မှုတွေလဲရှိတယ်။အပြင်ထွက်ရင်ထွက်သလိုစိတ်ညစ်ညူးရတယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။