၂၀၂၀ ရွေးကောက်ပွဲကို အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းမှုဟာ သန်းပေါင်းများစွာသော မြန်မာလူထုရဲ့ဘဝတွေကို အပြောင်းအလဲဖြစ်စေခဲ့ပါတယ်။
အာဏာသိမ်းမှုကနေ ဖြစ်ရပ်ကြီးတွေတစ်ခုပြီးတစ်ခု ဆင့်ကဲပေါ်ပေါက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်ဟာ ဝမ်းနည်းစိတ်ပျက်မှုတွေ၊ အဆင်မပြေခက်ခဲမှုတွေ ပြည့်နှက်ခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်အတွင်း မြန်မာကို ပုံဖော်ခဲ့တဲ့ဖြစ်ရပ်တွေကိုပြန်ပြောင်းကြည့်ကြရအောင်ပါ။
အာဏာသိမ်းမှု
ဖေဖော်ဝါရီ ၁ ရက် ဟာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရအမတ်တွေ လွှတ်တော်စတင်မယ့် ရက်စွဲကနေ မြန်မာနိုင်ငံမှာ ၄ ကြိမ် မြောက် အာဏာသိမ်းတဲ့ ရက်စွဲအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
နေပြည်တော်ကအမတ်တွေ လွှတ်တော်မရောက်ဘဲ သူတို့တည်းခိုရာ စည်ပင်ဧည့်ရိပ်သာထဲမှာ ထိန်းသိမ်းခံခဲ့ရပါတယ်။
မနက်မိုးမလင်းခင်မှာပဲ စစ်တပ်က တစ်နိုင်ငံလုံးမှာ လူဖမ်းပွဲစပြီး သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကစလို့ ဝန်ကြီးတွေ၊ နိုင်ငံရေးသမားတွေနဲ့ ထင်ရှား ကျော်ကြားသူတွေပါ အဖမ်းခံခဲ့ရတာပါ။
စစ်တပ်ကတင်ထားတဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် အရေးပေါ်အခြေအနေကြေညာပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အာဏာထိန်းတယ်လို့ စစ်တပ်က ပြောပေမယ့် မြန်မာကရော ကမ္ဘာကပါ ဒါဟာ အာဏာသိမ်းမှုလို့ ရှင်းရှင်းလင်းလင်း သိမြင်ကြပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ စစ်ဗိုလ်ချုပ်တွေကို ဗဟိုပြုပြီး အရပ်သားသုံးဦးသာပါတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပါတယ်။ အရပ်သား သုံးဦးအနက် နှစ်ဦးဟာ NLD ပါတီနဲ့ မပြေလည်ကြဘူးလို့ အများက သိကြတဲ့ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့နဲ့ နောက်တစ်ဦးကတော့ ကရင်နိုင်ငံရေးသမား မန်းငြိမ်းမောင်ဖြစ်ပါတယ်။
နောက်ပိုင်းမှာ ကောင်စီထဲ တိုင်းရင်းသားတချို့ ထည့်ခဲ့ပေမယ့် ကောင်စီကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကပဲ ချုပ်ကိုင်ထားခဲ့ပါတယ်။
အာဏာသိမ်းပြီး ၆ လပြည့်တဲ့နေ့မှာ အိမ်စောင့်အစိုးရ လို့အမည်ပြောင်းပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပဲ ဝန်ကြီးချုပ်လုပ်ပြန်ပါတယ်။
အာဏာသိမ်းပြီး အစိုးရသစ်ဖွဲ့အုပ်ချုပ်တာကို ပြည်တွင်းကလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြသလို နိုင်ငံတကာကလည်း အသိအမှတ်မပြုခဲ့ပါဘူး။
ပြည်သူတွေဆီက ဒီလောက်ထိပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ကြုံရလိမ့်မယ်မထင်ခဲ့ဘူးလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်မီဒီယာ Phoenix နဲ့ မေးမြန်းခန်းမှာ ဖြေကြားခဲ့ပါတယ်။
သပိတ်စုံနဲ့ CDM
ဖေဖော်ဝါရီ ပထမပတ်ထဲကစလို့ မြန်မာလူထုဟာ လမ်းပေါ်ထွက်ပြီး အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း ပုံစံမျိုးစုံနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။
အဲ့ဒီအထဲ လက်သုံးချောင်းထောင်တဲ့ သင်္ကေတနဲ့ ည ၈ နာရီတိုင်း သံပုံးတီးတဲ့ လှုပ်ရှားမှုက အထင်ရှားဆုံး ဖြစ်ပါတယ်။
သပိတ်တွေကို မျိုးဆက်သစ်လူငယ် ဂျန်ဇီ (Generation Z) တွေက အဓိက ဦးဆောင်ပြီး လမ်းလျှောက်သပိတ်၊ ထိုင်သပိတ်၊ ငြိမ်သက်ခြင်းသပိတ်၊ သနပ်ခါးသပိတ်၊ ပန်းသပိတ်နဲ့ ထဘီအလံလွှင့်တဲ့ သပိတ်စတဲ့ သပိတ်တွေ ထွက်ခဲ့ကြပြီး အနုပညာမြောက်တဲ့ ဖန်တီးမှုအမြောက်အမြားနဲ့ သပိတ်စုံ ထွက်ခဲ့ကြတာပါ။
ကိုဗစ်- ၁၉ ကပ်ရောဂါရှိနေတဲ့ကြားကကို လူပင်လယ်ကြီးတွေအထိဖြစ်အောင် နိုင်ငံတဝန်း ဆန့်ကျင်ဆန္ဒပြခဲ့ကြတာပါ။
နှစ်ငါးလုံး နေ့လို့ သတ်မှတ်ခဲ့ကြတဲ့ ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့ (၂၂. ၂.၂၀၂၁) နေ့ဟာ ‘သန်းချီစုဝေး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး’ ကြွေးကြော်သံနဲ့အတူ လမ်းပေါ်ထွက်ဆန္ဒပြတဲ့ လူထု အင်အား သန်းနဲ့ချီ ရှိခဲ့ပြီး အများဆုံး စံချိန်တင်တဲ့နေ့လည်း ဖြစ်ခဲ့ပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနေတဲ့ ဆရာဝန်တွေ ၊ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် နိုင်ငံတဝန်းက ဌာနဆိုင်ရာဝန်ထမ်းတွေလည်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါ၀င် လုပ်ဆောင်ခဲ့ ကြပါတယ်။
ရက်ရှည် ဆန္ဒပြပွဲတွေ နဲ့ CDM လှုပ်ရှားမှုတွေဟာ အာဏာသိမ်းမှုကိုလူထုက လက်မခံတဲ့အကြောင်း နိုင်ငံတဝန်းမှာ ပြသခဲ့ပေမယ့် နေပြည်တော်မှာအခြေစိုက်တဲ့ စစ်ကောင်စီကတော့ လူထုဆန္ဒကို လစ်လျူရှုခဲ့ပါတယ်။
ဆန္ဒပြပွဲတွေဟာ အကြမ်းဖက်မှုတွေအဖြစ် အသွင်ပြောင်းလာခဲ့တယ်လို့စစ်ကောင်စီက စွပ်စွဲပြီး CDM ကိုလည်း နိုင်ငံကိုဖျက်ဆီးတဲ့လှုပ်ရှားမှုလို့ စစ်ကောင်စီဘက်က မြင်ပါတယ်။
အဲဒီနောက်ပိုင်းမှာ သပိတ်တွေကို ကြမ်းကြမ်းတမ်းတမ်းဖမ်းဆီးဖြိုခွဲခဲ့ပေမယ့် ပြောက်ကျား သပိတ်တွေ ဆက်ရှိနေခဲ့ပါတယ်။
သပိတ်တွေတင်မက ထင်ရှားတဲ့ သပိတ်ခေါင်းဆောင်တွေကိုပါ စစ်ကောင်စီဘက်က ကားနဲ့တိုက်ဖမ်းဆီးတဲ့လုပ်ရပ်တွေကို ပြုလုပ်ခဲ့ပါတယ်။ အထင်ရှားဆုံးဖြစ်စဉ်တွေထဲက တစ်ခုကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်က ပန်းပင်ကြီးလမ်းသပိတ်ကို နောက်ကကားနဲ့ အရှိန်ပြင်းပြင်းဝင်တိုက်တဲ့ လုပ်ရပ်နဲ့ CDM ဝန်ထမ်းတွေကို ဖမ်းဆီးတာ၊ ဝန်ထမ်းလိုင်းခန်းတွေကနေ နှင်ချတဲ့လုပ်ရပ်တွေကို ပြုလုပ်ခဲ့ကြပါတယ်။
စင်ပြိုင်အစိုးရ ၊ စင်ပြိုင်စစ်တပ်
အာဏာသိမ်းထားတဲ့စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အစိုးရအဖွဲ့ဝင်တွေကို ချက်ချင်းဖမ်းဆီးခဲ့ပေမယ့်လို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရအမတ်တွေကိုတော့ မဖမ်းဘဲ နေပြည်တော်ကနေ အိမ်ပြန်လွှတ်ခဲ့ပါတယ်။
အဲဒီအမတ်တွေထဲကနေ အမတ်တချို့ ဦးဆောင်ပြီး ဖေဖော်ဝါရီ ၅ ရက်မှာ အမတ် ၁၅ ဦး နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို စတင် ဖွဲ့စည်းခဲ့ပါတယ်။
အဲ့ဒီနောက် ဧပြီ ၁၆ ရက်မှာ CRPH က အစိုးရအဖွဲ့ဝင် ၁၄ ဦး ၊ ဒုဝန်ကြီး ၁၂ ဦးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းပေးခဲ့ပါတယ်။
NUG က မေလ ၅ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ဖွဲ့စည်းလိုက်လို့ စင်ပြိုင်အစိုးရ၊ စင်ပြိုင်စစ်တပ် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင်ကတည်းက ဒေသတချို့မှာ စစ်ကောင်စီတပ်တွေနဲ့ စစ်တပ်သတင်းပေးလို့ နာမည်ထွက်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ပြောက်ကျားလှုပ်ရှားမှု ရှိနေပြီ ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ CRPH၊ NUG နဲ့ PDF တို့ကို မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် ကြေညာပြီး ပါဝင်သူတွေကို ဖမ်းဝရမ်းထုတ်ပါတယ်။
အဲဒီနောက်ပိုင်းမှာ ဒေသအနှံ့ PDF တွေ တဖြည်းဖြည်းအားကောင်းလာပြီး စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ် တကြောဟာ PDF တွေရဲ့ အမာခံနယ်မြေတွေဖြစ်လာခဲ့သလို အဲဒီနယ်မြေတွေမှာ စစ်ကောင်စီတပ်တွေ အထိနာခဲ့ပါတယ်။
ရန်ကုန်နဲ့ မန္တလေးမြို့ပေါ်နေရာတွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရသလို စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားမလည်ပတ်နိုင်အောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ တခြားရုံးတွေ ဗုံးထောင်၊ မိုင်းခွဲဖြစ်စဥ်တွေ အများအပြားဖြစ်ပွားခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးကတည်းက နယ်စပ်တလျှောက်အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်လာတဲ့စစ်တပ်ဟာ ၂၀၂၁ မှာ အာဏာသိမ်းပြီးတဲ့နောက် မြေပြန့်က ဗမာလက်နက်ကိုင်တွေကိုပါ ရင်ဆိုင်လာရတာဖြစ်ပါတယ်။
နှစ်ဖက်လုံးက အကြမ်းဖက်အဖွဲ့အဖြစ် အပြန်အလှန်ကြေညာထားပြီး ဆွေးနွေးဖို့ အကြောင်းမရှိဘူး လို့ ထုတ်ပြောထားကြလို့ လာမယ့်နှစ်တွေအထိ တိုက်ခိုက်မှုတွေကို မြင်တွေ့ရဖွယ် ရှိနေပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေ
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ အာဏာထိန်းတာလို့ တဖွဖွပြောခဲ့ပေမယ့် အာဏာသိမ်းမှုလို့ပဲ တစ်ကမ္ဘာလုံးက လက်ခံထားတာပါ။
အာဏာသိမ်းမှုတွေရဲ့ထုံးစံအတိုင်း သွေးစွန်းခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေဘက်ကရော စစ်တပ်ကိုထောက်ခံအားပေးသူတွေဘက်ကပါ သေကြေခဲ့ကြရတာပါ။ နွေဦးတော်လှန်ရေးကာလမှာ ဒီဇင်ဘာ ၂၉ ရက်အထိ ၁၃၈၂ ဦး ကျဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းပြုစုချက်အရ သိရပါတယ်။
ဒီကနေ့ဖမ်းဆီးသွားပြီး နောက်တစ်နေ့မှာသေပြီလို့ အိမ်ကိုအကြောင်းကြားခဲ့တဲ့ ထိတ်လန့်ကြောက်ရွံ့စရာ အသတ်ခံရမှုတွေ အပါအဝင်လည်းဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ရုပ်သံဖိုင်တချို့မှာ စစ်ကောင်စီတပ်တွေဟာ အရပ်သားတွေကို လမ်းပေါ်မှာတင် သေနတ်နဲ့ပစ်သတ်ခဲ့ကြတာမျိုးအထိ ရှိခဲ့ပါတယ်။
စစ်ကောင်စီဘက်ကလည်း PDF လက်ချက်ကြောင့် သေဆုံးသူ အရပ်သား ၁၁၅၅ ဦးအထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ စစ်တပ်က ထုတ်ပြန်တဲ့အသတ်ခံရသူတွေထဲမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ကြံ့ခိုင်ရေးပါတီဝင်တွေ နဲ့ စစ်ကောင်စီကိုသတင်းပေးသူလို့သတ်မှတ်ခံရတဲ့သူတွေ အများဆုံးပါဝင်ပါတယ်။
ဒါ့အပြင် တပ်မတော်သား ၇၅ ဦး၊ ရဲ တစ်ရာဝန်းကျင်နဲ့ ဝန်ထမ်း ၃၈ ဦးပါ အသတ်ခံရတယ်လို့ ထုတ်ပြန်ပါတယ်။
ဒါကြောင့် နှစ်ဖက် သေဆုံးမှုဟာ တရားဝင်စာရင်းတွေအရကို သုံးထောင်နားကပ်နေပြီ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့တရားခွင်
၂၀၂၁ ခုနှစ်ရဲ့ ဖြစ်ရပ်ကြီးတွေထဲမှာ ချန်လှပ်ထားလို့မဖြစ်တဲ့ နောက်ထပ် ဖြစ်ရပ်ကြီးတစ်ခုကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးချိန်းတွေ ဖြစ်ပါတ ယ်။
နေပြည်တော်ကောင်စီထဲက ရုံးအဆောက်အအုံတစ်ခုကို သီးသန့်တရားရုံးလုပ်ထားလို့ ခြံနံပါတ် (၁) တရားခွင်လို့လည်း လူသိများပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၂၄ ရက်မှာမှ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး လေးလခန့်အကြာမှ လူမြင်ကွင်းကို ထုတ်ပြခဲ့တာပါ။
နေပြည်တော်၊ မြနန်းဘုံသာလမ်းမှာ နေအိမ် အကျယ်ချုပ်ကျခံထားရာကနေ စစ်တပ်က တခြားတစ်နေရာကို ရွှေ့ထားလိုက်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင် သူရှိနေတဲ့နေရာကို ပြောမပြတတ်ပါဘူး။
ခြံနံပါတ် (၁) တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရှေ့နေတွေ ခေတ္တစကားပြောခွင့်ရလို့ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ခွင့်ရတဲ့ တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်ပါတယ်။
သူ့ရှေ့နေတွေကတဆင့် ပြည်သူလူထုကို သတင်းစကားပါးတာတွေရှိပြီး
‘ပြည်သူတွေရှိနေသရွေ့ပါတီရှိနေမယ်’ ၊ ‘ကိုဗစ်အတွက်စိုးရိမ်မိတယ်’ ပြောတာတွေက အထင်ကရစကားတွေဖြစ်ခဲ့ပါတယ်။
မကြာခင်မှာပဲ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေကို မီဒီယာတွေ၊ ပြည်ပအဖွဲ့အစည်းတွေနဲ့ ပြောရေးဆိုခွင့်ပိတ်ပင်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်း ထောင်ဒဏ် အနှစ်တစ်ရာကျော်အထိချလို့ရတဲ့ အမှုပေါင်း ၁၁ မှုနဲ့ ရုံးတင်ထားပြီး ၂ မှုကို အမိန့်ချပြီးပါပြီ။
အဖမ်းဆီးခံထားရချိန်မှာ ပုဒ်မတပ်ခံရတဲ့ ၅၀၅(ခ) အမှု အတွက် ထောင် ၂ နှစ်၊ ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလမှာ မဲဆွယ်ယာဥ်တန်းကိုလက်ပြလို့ဆိုပြီး သဘာဝဘေးစီမံဥပဒေနဲ့ ၂ နှစ် အမိန့်ချခဲ့ပြီးမှ စစ်ကောင်စီက ၂ နှစ်ပြန်လျှော့ပေးပါတယ်။
နေအိမ်မှာ စကားပြောစက်တွေတွေ့လို့ဆိုပြီး ပို့ကုန်သွင်းကုန်ဥပဒေ၊ဆက်သွယ်ရေးဥပဒေတို့ နဲ့စွဲထားတဲ့ ၂ မှု၊ သဘာဝဘေးစီမံဥပဒေနဲ့စွဲထားတဲ့ နောက်တစ်မှု လည်း အမိန့်ချဖို့ကျန်ပါသေးတယ်။
နှစ်ရှည်ထောင်ဒဏ်တွေဖြစ်တဲ့ အဂတိအမှု ၅ မှု နဲ့ စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနယ် နဲ့အတူ အစွဲခံရတဲ့ အစိုးရလျှို့ဝှက်ချက် အက် ဥပဒေ အမှုတွေလည်း ကျန်နေပါသေးတယ်။
သမ္မတနဲ့အတူ အစွဲခံရတဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုအတွက် တာဝန်ရှိတယ်လို့စွပ်စွဲခံရတဲ့ အမှုတစ်ခုနဲ့ နောက်ထပ် အဂတိတစ်မှုလည်း တရားရုံးကို ရောက်လာဖို့ ရှိနေပါသေးတယ်။
စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချပြီးတဲ့နောက် ထောင်မပို့ခဲ့ပေမယ့် ထောင်ဝတ်စုံကို ဝတ်ဆင်စေခဲ့လို့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူတွေရဲ့ အမျက်ဒေါသကို ရရှိခဲ့ပြန်ပါတယ်။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဝတ်စုံဝတ်ထားတာတောင် ကျက်သရေရှိနေတုန်းပဲလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောဆိုကြပါတယ်။
အသက် ၈၀ နားကပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အနှစ်တစ်ရာကျော်အထိချနိုင်တဲ့ထောင်ဒဏ်တွေနဲ့ တရားစွဲတဲ့အတွက် စစ်ကောင်စီအနေနဲ့ အပြင်းအထန် ဝေဖန်ခံခဲ့ရပါတယ်။
BBC Burmese မှ ကူးယူဖော်ပြပါသည်။
မူရင်းလင့်ခ် ၂၀၂၁ အထင်ကရဖြစ်ရပ်ကြီး ၅ ခု – BBC News မြန်မာ
https://www.bbc.com/burmese/burma-59790077