Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဦးခေါင်းကို ချိန်ရွယ်ပစ်ခတ်ခံရသည့် မြန်မာပြည်သူလူထု

လက်ဖြောင့်တပ်သားများ ပါဝင်သော စစ်ကောင်စီတပ်က ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုကို ပစ်ခတ်ဖြိုခွင်းရာ နိုဝင်ဘာ ၁၂ အထိ ၈ လတာအတွင်း ဦးခေါင်းကျည်ထိ သေဆုံးရသည့် အရပ်သား ၁၃၉ ဦး ရှိခဲ့ကြောင်း AAPP စာရင်းအရ သိရသည်။

November 21, 2021
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

မတ်လ ၃ ရက်နေ့တွင် မုံရွာမြို့မှ ရဲတပ်ဖွဲ့ဝင်များက ကျည်ထိ အမျိုးသားတစ်ဦးကို တရွတ်တိုက်ဆွဲသွားရာ လမ်းပေါ်တွင် သွေးစီးကြောင်း စွန်းထင်းသွားသည့် အွန်လိုင်းရုပ်သံဖိုင်ကို ကြည့်မိသူများ ကြောက်လန့်တုန်လှုပ်၊ ဒေါသဖြစ်ခဲ့ရသည်။

ထိုသူမှာ မုံရွာ ဆန္ဒပြလူအုပ်အတွင်း ကျည်ထိသူများထဲမှ တစ်ဦးဖြစ်သော၊ ဦးခေါင်းကျည်သင့်သေဆုံးသွားသော ၃၉ နှစ်အရွယ် ကဗျာဆရာ ကေဇဝင်း (ခေါ်) ချမ်းသာဆွေ ဖြစ်သည်။

ရုပ်အလောင်း မီးသင်္ဂြိုဟ်ခဲ့ပြီး အရိုးပြာကို မတ် ၅ တွင် ဆားလင်းကြီးမြို့နယ်ရှိ သူ၏ ဇာတိ လက်ပံတောင်းရွာသို့ သွားရောက် ဂူသွင်းသည့်အစီအစဉ်၌ သူ၏ မိတ်ဆွေတစ်ဦးဖြစ်သော ကဗျာဆရာခက်သီကလည်း အမှတ်တရ စကားပြောပြီး ကဗျာရွတ်ခဲ့သည်။

“သူတို့က ခေါင်းကိုပစ်တယ်…တော်လှန်ရေးက နှလုံးသားမှာရှိတာ …သူတို့ မသိကြဘူး” ဟု ကဗျာဆရာခက်သီက သူ့မိတ်ဆွေ၏ အုတ်ဂူရှေ့တွင် ရွတ်ဆိုလိုက်သည်။

 

ဘုတလင်မြို့တွင် ကဗျာဆရာ ကေဇဝင်းအတွက် အထိမ်းအမှတ်တစ်ခုကို မတ် ၇ က ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ- နွေဦးမြန်မာဒေါ့ကွန်း)

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အတည်ပြုထားသည့် အချက်အလက်များအရ စစ်ကောင်စီတပ်သားတို့၏ ပစ်ခတ်မှုကြောင့်  ဦးခေါင်းကျည်ထိ သေဆုံးခဲ့သည့် ဆန္ဒပြပြည်သူအရေအတွက်သည် ၈ လ အတွင်း ၁၃၉ ဦး ရှိခဲ့ပြီး ထိုအထဲတွင် အသက်အရွယ်စုံ ပါဝင်သည်ကို တွေ့ရသည်။

ခေါင်းပစ် စနိုက်ပါများ

စစ်ကောင်စီတပ်က ဆန္ဒပြသည့် နေရာများသို့ တပ်များ စေလွှတ်ထားသည့်ထဲတွင် လက်ဖြောင့်တပ်သားများလည်း ပါဝင်သည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့က နေပြည်တော်၊ သပြေကုန်းအဝိုင်းတွင် ဆန္ဒပြသူတို့ကို ရဲတပ်ဖွဲ့က ပစ်ခတ်စဉ် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင် ဦးခေါင်းကျည်ထိခဲ့သည်။

ဌာနဆိုင်ရာဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်ကြသည့်ပြင် လမ်းမများပေါ်တွင် ပြည်သူသိန်းသန်းချီ ဆန္ဒပြမှုများ အရှိန်မြင့်နေချိန် ထိုသို့ပစ်ခတ်နှိမ်နင်းရာတွင် ဦးခေါင်းကို ပစ်ခတ်မှု အစပြုခဲ့ခြင်းဖြစ်သည်ဟု လေ့လာသူအများအပြားက ယူဆကြသည်။

ဦးခေါင်းကျည်ထိမှန်ပြီး ၁၀ ရက်အကြာတွင် ထိုအမျိုးသမီးငယ် ကွယ်လွန်သွားသည်။ စစ်ကောင်စီက ထိုအမျိုးသမီးငယ် ဦးခေါင်းထဲမှ ကျည်ဆန်သည် ၎င်းတို့၏ ကျည်ဆန်မဟုတ်ဟု ဆိုခဲ့သည်။

မြိတ်မြို့မှ အသက် ၁၈ နှစ်အရွယ် မောင်နေဝင်းထက်သည် ဖေဖော်ဝါရီ ၁၅ တွင်လည်းကောင်း၊ အသက် ၁၆ နှစ် အရွယ် မောင်ဝေယံထွန်းသည် မန္တလေးမြို့တွင်လည်းကောင်း ဦးခေါင်းတွင် ဒဏ်ရာရကာ သေဆုံးခဲ့ကြသည်။

ဒဏ်ရာရ လူနာတင်ထားသော တွန်းလှည်းကို အင်္ကျီဗလာကျင်း၊ ဘောင်းဘီတိုနှင့် အလောသုံးဆယ်တွန်းကာ ပြေးလာနေသော မောင်ဝေယံထွန်းဓာတ်ပုံနှင့်အတူ ဦးနှောက်ပွင့်ထွက်ဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးခဲ့သော ဓာတ်ပုံတို့က နာရီပိုင်းအတွင်း ဖေ့ဘုတ်လူမှုကွန်ရက်တွင် ပြန့်သွားခဲ့သည်။

မန္တလေးတိုင်း၊ မြစ်ငယ်မြို့၊ ပြင်ကြီးရွာတွင် မောင်ဝေယံထွန်း၏ ရက်လည်အခမ်းအနားကို ဖေဖော်ဝါရီ ၂၄ က ပြုလုပ်ခဲ့စဉ်။(ဓာတ်ပုံ- Myanmar Now)

စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၆၊ ၂၇ တို့တွင် တစ်နိုင်ငံလုံး၌ အကြမ်းပတမ်းဖြိုခွင်းခဲ့ကာ ဖေဖော်ဝါရီ ၂၈ တွင် ရန်ကုန်မြို့၌ ကျည်အစစ်သုံး၍ ပစ်ခတ်မှုကြောင့် ကိုညီညီ‌အောင်ထက်နိုင် သေဆုံးခဲ့ရပြီး ​​အာဏာသိမ်းမှု တစ်လပြည့်သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ၁၈ ဦးထက်မနည်း သေဆုံးခဲ့သည်။

ယင်းနေ့က ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် မြို့တို့တွင် ဦးခေါင်းပစ်ခတ်ခံရသူ ၄ ဦး ရှိခဲ့သည်။

ထိုကာလများအတွင်း စစ်ကောင်စီခေါင်းဆောင်များက ဆန္ဒပြသူများ၏ ခေါင်းကို ပစ်ရန် ညွှန်ကြားခဲ့ကြောင်း၊ “ခေတ်ကိုပြောင်းအောင် ခေါင်းကိုပစ်” ဟု ပြောဆိုခဲ့ကြကြောင်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

သွေးစွန်းသည့် မတ်လ 

မတ်လ ၃ တွင် စစ်ကောင်စီက နိုင်ငံအနှံ့အပြား ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ပစ်ခတ်ဖြိုခွင်းရာ ယင်းတစ်နေ့တည်းမှာပင် ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ စလင်း၊ မုံရွာနှင့် ​မော်လမြိုင်မြို့တို့တွင် သေဆုံးသူ ၃၈ ဦးအထိ ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀၀ နီးပါးရှိခဲ့သည်။

မတ် ၃ ၌ မြောက်ဥက္ကလာပမြို့နယ်အတွင်း ညပိုင်းအထိ ပစ်ခတ်မှုကြောင့် ၂၀ ထက်မနည်း သေဆုံးသည်။

ပြည်သူများက ရဲကား ၃ စီးကို ပိတ်ဆို့ပြီး ဆန္ဒပြနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု We Love North Okkalapa လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ထိုနေ့ညဦးပိုင်းတွင် ပြောသည်။

“အဲ့ဒီလို ပေးမထွက်တဲ့အချိန်မှာပဲ အကုန်ပစ်သွားပြီးတော့ ညနေပိုင်းမှာ အကျအဆုံးများသွားတာ။ နေရာတင် ပွဲချင်းပြီး ၄ ယောက်သေသွားပါတယ်” ဟု ထိုသူက ပြောသည်။

ထိုနေ့က လက်ဖြောင့်စစ်သားများလက်ချက်ဖြင့် ဦးခေါင်းထိမှန်သေဆုံးသူ ၁၀ ဦး အနည်းဆုံးရှိကြောင်း Myanmar Now က အတည်ပြုနိုင်ခဲ့သည်။ မြင်းခြံတွင် တစ်ဦး၊ မုံရွာမြို့တွင် ၂ ဦး၊ စလင်းမြို့တွင် တစ်ဦး၊ မော်လမြိုင်မြို့တွင် တစ်ဦး၊ မန္တလေးမြို့တွင် တစ်ဦး၊ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်တွင် ၄ ဦး ရှိခဲ့သည်။

မန္တလေးမြို့ ၈၄ လမ်းနှင့် လမ်း ၃၀ ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး တပ်ပေါင်းစုစစ်ကြောင်း ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းခံရသဖြင့် နှစ်ဦးသေဆုံးပြီး အခြား ၈ ဦး အပြင်းအထန်ဒဏ်ရာရရှိရာတွင် အသက် ၁၉ နှစ်အရွယ် ကြယ်စင်ဆိုသည့် အမျိုးသမီးငယ်တစ်ဦး ဦးခေါင်းကျည်ထိမှန်ကာ သေဆုံးခဲ့သည်။

မြင်းခြံမြို့တွင် အသက် ၂၂ နှစ်အရွယ် ဇင်ကိုကိုသော် သေနတ်ပစ်ခတ်ခံရပြီး ခေါင်းပွင့်ကာ သေဆုံးခဲ့ပြီး ထိုနေ့က ဦးခေါင်းပစ်ခတ်ခံရသူအများစုမှာ အသက် ၂၀ ဝန်းကျင် လူငယ်လေးများ ဖြစ်ကြသည်။

ထိုသို့ စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းပြလိုက်သော်လည်း နောက်တစ်နေ့ မတ် ၄ တွင်လည်း ရန်ကုန်မြို့အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြပွဲများ ဆက်လက်အားကောင်းခဲ့သည်။

မတ်လ ၁၁ ရက် ပစ်ခတ်မှုများတွင် မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် သေဆုံးသူ ၆ ဦး ရှိခဲ့ရာ ၃ ဦးသည် ဦးခေါင်းကို ပစ်ခတ်ခံရခြင်း ဖြစ်သည်။

မတ် ၁၃ တွင် မန္တလေးမြို့၊ စိန်ပန်းရပ်ကွက်အတွင်း ထောင်နှင့်ချီသော ပြည်သူများ ထိုင်သပိတ်ပြုလုပ်နေစဉ် စစ်တပ်နှင့် ရဲက အင်အားသုံးပိတ်ဆို့ကာ နံနက် ၁၀နာရီခွဲခန့်မှစ၍ ညနေ ၄ နာရီခွဲခန့်အထိ ပစ်ခတ်ဖြိုခွင်းရာ အရပ်သားအများအပြား သေဆုံးခဲ့သည်။ ထိုပစ်ခတ်မှုတွင် အထပ်မြင့်တိုက်များ၌ ကြိုနေရာယူထားသော စနိုက်ပါသမားများကြောင့် ၃ ဦးထက်မနည်း ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

မတ် ၁၄ တွင်လည်း ဦးခေါင်းထိမှန် သေဆုံးသူ ၁၂ ဦး ရှိခဲ့ပြီး မြိတ်၊ ဖားကန့်၊ ပဲခူး၊ ရန်ကုန်၊ မန္တလေးမြို့များမှ ဖြစ်ကြသည်။

​​နောက်တစ်နေ့ မတ် ၁၅ တွင် ရန်ကုန်တွင် လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒေါပုံ မြို့နယ်များတွင် ပစ်ခတ်ဖြိုခွင်းသလို မြင်းခြံ၊ မုံရွာ၊ မန္တလေး၊ သပိတ်ကျင်း၊ အောင်လံ၊ ပဲခူး၊ ကြို့ပင်ကောက် စသည့် မြို့များတွင်လည်း ပစ်ခတ်သဖြင့် အရပ်သား ၂၀ ကျော် သေဆုံးခဲ့ရသည်။ ယင်းအထဲတွင် ပဲခူးမှ အသက် ၁၈ နှစ်အရွယ် မောင်သူရကျော်မှာ ဦးခေါင်းကျည်သင့်ခဲ့သည်။

ယင်းသို့ သတ်ဖြတ်ပြနေသော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆက်လက်ရှိနေပြီး မြို့ပေါင်း ၄၀ ကျော်တွင် ​​အရုဏ်ဦးသပိတ်၊ ပြောက်ကျားသပိတ်၊ လူမဲ့သပိတ်၊ ထိုင်သပိတ်၊ ထီးသပိတ်၊ ဆိုင်ကယ်သပိတ်၊ ညသပိတ် စသဖြင့် ပုံစံမျိုးစုံဖြင့် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများ အရှိန်အဟုန်မြင့်လာသည်။

မတ် ၁၇ တွင် ကလေးမြို့မှ ဒေသခံ ၃ ဦးအပါအဝင် လူ ၅ ဦး ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ရသည်။ မတ် ၂၁ မနက်ပိုင်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဗိုလ်တေဇလမ်းပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရန် ပြင်ဆင်နေစဉ် စစ်ကောင်စီတပ်က ပစ်ခတ်ရာ ကိုမင်းမင်းဇော် ဆိုသူ ဦးခေါင်းပွင့်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

သေဆုံးသူ ကိုမင်းမင်းဇော်ဆိုသူဖြစ်ပြီး မုံရွာမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း၌ ရှေ့တန်းမှ ပါဝင်နေသူတစ်ဦးဖြစ်သည်။ (ဓာတ်ပုံ-CJ)

မတ်လ ၂၆ တွင် စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်ပါက ​​ဦးခေါင်းနောက်စေ့နှင့် နောက်ကျောဖောက်ခံရနိုင်သည့် အန္တရာယ်ရှိသည်ဟု နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်ခဲ့သည်။

ထိုသို့ ကြေညာပြီး နောက်တစ်နေ့တွင် စစ်ကောင်စီတပ်က နိုင်ငံအနှံ့မှ ငြိမ်းချမ်းစွာ ဆန္ဒပြသူ ၁၀၀ ကျော်ကို ပစ်သတ်ခဲ့သည်။

ထိုအထဲမှ လူ ၉ ဦးခန့်သည် ဦးခေါင်းကို ပစ်ခတ်ခံရပြီး နေရာမှာပင် သေဆုံးခဲ့ရပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို ပစ်သတ်သည့်အထဲတွင် ထို့နေ့က တစ်ရက်တည်းနှင့် အများဆုံးဖြစ်ခဲ့သည်။ သေဆုံးသူများထဲတွင် ကလေးများလည်း ပါဝင်သည်။

သားတစ်ဦး ဆုံးရှုံးရသည့် မိခင်

ဧပြီလ နံနက်ခင်းတစ်ခုတွင် အောက်မြန်မာပြည်ရှိ မြို့တစ်မြို့၌ စားသောက်ဆိုင်ဖွင့်ထားသော အမျိုးသမီးတစ်ဦး သေနတ်သံ ကြားလိုက်ရသည်။ ရပ်ကွက်အတွင်း ထိုပစ်ခတ်မှုတွင် အသက် ၂၀ ၀န်းကျင် သားဖြစ်သူ ဦးခေါင်းကျည်ထိပြီး သေဆုံးသွားသော်လည်း နှလုံးရောဂါသည် ထိုအမျိုးသမီးကို ချက်ချင်း အသိမပေးကြပေ။

ကျည်ထိသွားသော်လည်း ပြုစုကုသမှုပေးထားကြောင်းသာ ကနဦး အသိပေးခဲ့စဉ် ထိုအမျိုးသမီး သတိလစ်သွားသည်။ ထိုအမျိုးသမီး သတိပြန်လည်လာသောအခါ ရွာပြန်ရန် အထုပ်အပိုးပြင်တော့သည်။ ရွာရောက်မှ သားဖြစ်သူကို ဆေးဆက်ကုမည်ဟု ဆိုသည်။

“တစ်ခါတည်းခေါ်သွားမယ်ဆိုပြီး အန်တီက ကားငှားဖို့ လုပ်နေပြီလေ။ အဲဒီလိုလုပ်တဲ့ အချိန်ကျမှ သူတို့က ဒါ မဖြစ်မနေ ပြောရမဲ့အချိန်ရောက်ပြီဆိုပြီး အန်တီ့ကို ခေါ်သွားပြီး (ရုပ်အလောင်းကို) ပြတာ” ဟု ထိုအမျိုးသမီးက ၇ လအကြာမှ ဖြစ်ရပ်ကို ပြန်ပြောပြသည်။

“ပထမတစ်ခါ ခေါ်သွားတုန်းက ဟိုးလမ်းထိပ်မှာတင် သူတို့ကိုမေးရင်း သတိလစ်သွားတာ။ နောက် သူတို့ ထပ်ခေါ်သွားပြီးတော့ ကလေး (အလောင်း) ကို အဝတ်နဲ့ ထုပ်ထားတာ။ ဘယ်စိတ်ချမ်းသာမှာလဲ။ အဲဒီကနေတစ်ခါ သတိလစ်တော့ ပြန်ခေါ်လာကြတယ်”

အားကိုးရသည့်သား ဖြစ်သည့်အတွက် လက်တစ်ဖက်ပြုတ်သလို ခံစားခဲ့ရပြီး ကျန်သားသမီးများနှင့်အတူ ဘဝကို ရုန်းကန်ရင်ဆိုင်နေရသည်။ (ဒေသခံ လုံခြုံရေးအရ မြို့အမည်ကို မဖော်ပြခြင်း ဖြစ်သည်)

လက်နက်ကိုင်တော်လှန်ရေး

လမ်းပေါ်မှ လူအုပ်စုကြီးဖြင့် ဆန္ဒပြမှုများသည် ဖမ်းဆီးနှိပ်စက်မှု၊ ဦးခေါင်းကိုပစ်ခတ်မှု၊ ကားဖြင့် ဝင်တိုက်ပြီး ဖမ်းဆီးမှုတို့ကြောင့် လူငယ်အနည်းအကျဉ်းသာ ပါဝင်သည့် လူအုပ်စုက ပြောက်ကျားစနစ်ဖြင့် ပြေးလွှားဆန္ဒပြသည့် ပုံစံသို့ ပြောင်းလဲသွားသည်။

ဦးခေါင်းကို ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။

လမ်းမများပေါ်တွင် ဆန္ဒပြပွဲများ ကျဲပါးသွားသည်။ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများကို သွားရောက်ကာ စစ်ပညာသင်ယူပြီး စစ်ကောင်စီကို လက်နက်ကိုင်၍ ပြန်တော်လှန်ရန် လူငယ်အများအပြားက ဆုံးဖြတ်လိုက်ကြရာမှ လက်နက်ကိုင်အန်တုမှုများ နိုင်ငံအနှံ့ ဖြစ်ပေါ်လာခဲ့သည်။

ဒေသအသီးသီးတွင် တိုင်ပင်မထားကြဘဲ PDF ခေါ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းလိုက်ကြသည်။ အထူးသဖြင့် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ကရင်နီ (ကယား) ဒေသများတွင် လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာသည်။

စစ်ကောင်စီကလည်း ၎င်းတို့ကို ဆန့်ကျင်သူဟု ယူဆပါက ဖမ်းဆီးစစ်ဆေးနှိပ်စက်ကာ နောက်တစ်နေ့ အလောင်းပြန်ပို့သည်အထိ ဖိနှိပ်ပြခဲ့ပြီး ဖမ်းဆီးလိုသူကို ဖမ်းမမိပါကလည်း မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းဆီး ထောင်ချနေသည်။

အာဏာသိမ်းမှုဆန့်ကျင်သူတို့ ဖမ်းဆီးနှိပ်စက်ခံရမှု၊ သတ်ဖြတ်ခံရမှုတို့ကို လက်လှမ်းမီသမျှ အဆက်မပြတ် စုံစမ်းမှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ နိုဝင်ဘာ ၁၉ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်လက်ချက်ကြောင့် သေဆုံးရသူ ၁၂၇၈ ဦးထက်မနည်း ရှိနေသည်ဟု သိရသည်။ သေဆုံးသူများအနက် AAPP ၏ စာရင်းအရ နိုဝင်ဘာ ၁၂ အထိ ဦခေါင်းပစ်ခတ်ခံရပြီးသေဆုံးသူ ၁၃၉ ဦး ရှိခဲ့သည်။

စစ်ကောင်စီကမူ ထိုကိန်းဂဏန်းမှာ ချဲ့ကားထားခြင်းဖြစ်သည်ဟု တုံ့ပြန်လေ့ရှိသည်။

မုံရွာမြို့ သတ်ဖြတ်မှု

မုံရွာမှ ကဗျာဆရာ ကေဇ၀င်းသည် ဆန္ဒပြလူအုပ်နှင့်အတူ ရှိနေစဉ် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ထိုလူအုပ်ထဲမှ ကျည်သင့်သေဆုံးသူတို့မှာ ၃၆ နှစ်အရွယ် ဒေါ်မြင့်မြင့်ဇင် (ခ) စာရေးဆရာမ ကြည်လင်အေး၊ ၂၃ နှစ်အရွယ် ကိုမိုးအောင်၊ ၂၂ နှစ်အရွယ် ကိုမင်းခန့်ကျော် (ခ) ဖိုးသဲ၊ ၄၅ နှစ်အရွယ် ဦးနိုင်ဝင်း၊ အသက် ၂၆ နှစ်အရွယ် မကျော့နန္ဒာအောင်၊ အသက် ၂၅ နှစ်အရွယ် ကိုဝေယံ (ခ) ကံချွန်၊ ၁၈ နှစ်အရွယ် မောင်ဇင်မျိုးမောင်၊ အသက် ၂၀ အရွယ် ကိုဇော်သိန်းအောင်တို့ ဖြစ်သည်။

သေသောသူ ကြာရင်မေ့ဆိုသော စကားရှိသော်လည်း ကဗျာဆရာ ကေဇဝင်း၏ မိသားစုဝင်တစ်ဦးကမူ အိမ်၏ အခက်အခဲများကို အတူတကွ ဖြေရှင်းခဲ့သည့်၊ အားကိုးရသည့် ကိုကေဇဝင်းကို နေ့စဉ်သတိရနေသည်ဟု ပြောသည်။

“ကဗျာရေးတယ်။ နိုင်ငံရေးလုပ်တယ်။ လုပ်ပြီးတော့ အိမ်နဲ့ ခွဲရတယ်။ ကျွန်တော်တို့က အမြဲတမ်းခွဲနေကျ။ သူ တစ်လတစ်ခါ၊ နှစ်လတစ်ခါ ပြန်လာတယ်။ အဲဒါကြောင့် အခုအချိန်ထိ သူ တခြားတစ်နေရာရာမှာ အသက်ရှင်နေတယ်လို့ပဲ ကျွန်တော်တို့က ခံစားရတယ်” ဟု ထိုသူက ဝမ်းနည်း နှမြောတသစွာ ပြောလိုက်သည်။

“သူ လောကမှာ မရှိတော့ဘူးဆိုတာကြီးက လက်ခံဖို့က မတရားကို ခက်ခဲတယ်၊ ပင်ပန်းတယ်”

 

 

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English