မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စက်တင်ဘာလအတွင်း ဘုန်းတော်ကြီးနှစ်ပါးနှင့် လသားကလေးငယ်အပါအဝင် စုစုပေါင်း ပြည်သူ ၁၆၅ ဦး ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားကြောင်း လူထုလှုပ်ရှားမှု အဖွဲ့တစ်ခုက ပြောသည်။
ယင်းအဖွဲ့သည် စက်တင်ဘာလ ၃ ရက်မှ ၂၉ ရက် အတွင်း စာရင်းပြုစုထားခြင်းဖြစ်ပြီး ဖမ်းဆီးခံထားရသူများတွင် အသက် ကိုးလ၊ ငါးနှစ်၊ ခုနှစ်နှစ်နှင့် ၁၂ နှစ်အရွယ် ကလေးငယ်များ ပါဝင်ကြောင်း သိရသည်။
အဆိုပါကလေးငယ်များသည် ၎င်းတို့၏ဖခင်များကိုယ်စား ဓားစာခံအဖြစ် စစ်ကောင်စီက ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဒေသခံများ ထံကသိရသည်။
” ဒီနေ့ နေ့လည်ကလည်း အရင်ဆန္ဒပြပွဲတုန်းက ကလေးတွေရဲ့ဗီနိုင်းတွေ၊ ဆိုင်းဘုတ်တွေကို သိမ်းပေးထားလို့ဆိုပြီး စစ်ခွေး ကိုးယောက်က အမှတ်(၆) ဇေယျသိမ် ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဘုန်းကြီးတစ်ပါးနဲ့ ဦးဇင်းတစ်ပါးကိုဖမ်းခေါ်သွားတယ်။ အခုဆို မြင်းခြံအဝင်အထွက်ကို ပိတ်လိုက်ပြီ ။အုပ်ချုပ်ရေးမှူးဆီက ထောက်ခံစာနဲ့ ဈေးရောင်းဈေးဝယ်လုပ်တဲ့သူကလွဲလို့ သာမန်ဒေသခံတွေ သွားလာခွင့်ကို တင်းကျပ်လိုက်တယ်”ဟု မြင်းခြံဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
ယင်းအပြင် အကြမ်းဖက်စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် ဒေသခံပြည်သူ ငါးဦးသေဆုံးခဲ့ရာ ယင်းတို့အနက် နှစ်ဦးမှာ စစ်ကြောရေးတွင် သေဆုံးခဲ့ပြီး ကျန်သုံးဦးမှာ လမ်းတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ယင်းလူထုလုပ်ရှားမှုအဖွဲ့ ၏ စာရင်းများအရသိရသည်။
လက်ရှိမြင်းခြံမြို့တွင် အင်အား ၂၀၀ ကျော်ရှိသည့် တပ်မ (၉၉) တပ်ရင်းမှ မြို့အနှံ နေရာဖြန့်ကျက်ကာ စခန်းချတပ်စွဲထားလျက်ရှိပြီး စက်တင်ဘာလ ၁၄ ရက်မှစ၍ လက်ရှိအချိန်အထိ မြင်းခြံမြို့သည် မိုဘိုင်းအင်တာနက် ဖြတ်တောက်ခြင်းခံထားရသည်။
Source: မဇ္ဈိမ