Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်း ကဆုန်စိုင်းတက်နေ

စည်းစနစ်မကျသည့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားနှင့် အာဏာသိမ်းမှုဂယက်များကြောင့် ကျပ်ငွေတန်ဖိုး ကျဆင်းပြီး ကုန်ဈေးနှုန်းများမြင့်တက်လာကာ အလွှာစုံ လူတန်းစားအသီးသီး ထိခိုက်နေသည်။

September 24, 2021
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter
ရန်ကုန်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှ မြင်ကွင်းတစ်ခု။ (ဓာတ်ပုံ-Myanmar Now)

အတက်အကျ အနိမ့်အမြင့်ရှိသည့် အထွေထွေကုန်ဈေးနှုန်းမှာ အာဏာသိမ်းပြီးနောက် အတက်ကြမ်းနေပြီး လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် အရှိန်အဟုန်ပြင်းပြင်းရိုက်ခတ်ခံနေရသည်။

ငွေကြေးတတ်နိုင်သူများလက်လှမ်းမီသည့် ရွှေမှအစ အခြေခံစားသောက်ကုန်အထိ ဈေးတက်နေခြင်း ဖြစ်ပြီး ဆင်းရဲနွမ်းပါးသောအိမ်ထောင်စုများသည် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အကြီးအကျယ် ခါးစည်းခံနေရသည်။

 

 

ဓာတ်ဆီနှင့် ဒီဇယ်ဈေးတက်သည့်အပြင် အမေရိကန်ဒေါ်လာဈေး မြင့်တက်မှုကြောင့် သွင်းကုန်ကို မှီခိုရသည့် မြန်မာနိုင်ငံတွင် အစစအရာရာဈေးကြီးလာပြီး ဆိုင်ရှေ့မရပ်ဝံ့သည်အထိ တစ်နေ့တခြား ဈေးတက်နေကြောင်း ဈေးဝယ်သူများက ဆိုကြသည်။

အခြားတစ်ဖက်တွင်မူ ကိုဗစ်နိုင်တင်း(Covid-19) နှင့် အာဏာသိမ်းမှု ဂြိုဟ်ဆိုးနှစ်ခု ဝင်မွှေခံရသောကြောင့် စီးပွားရေးယိုယွင်းလာနေပြီး ဝင်ငွေလည်း ထိခိုက်နေကြသည်။

 

အခြေခံစားသောက်ကုန်များ

စိုက်ပျိုးရေးအခြေခံနိုင်ငံဖြစ်၍ စားနပ်ရိက္ခာ မရှားပါးကြောင်း စစ်ကောင်စီက ကြွားလုံးထုတ်လေ့ရှိသော်လည်း အာဏာသိမ်းပြီး ၈ လနီးပါးကြာမြင့်ချိန်တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ အချို့မှုန့်တို့ ဈေးကြီးလာသည်။

စစ်အာဏာမသိမ်းမီက ပေါ်ဆန်းမွှေးတစ်အိတ် (၁၀၈ ပေါင်) လျှင် ကျပ် ၅၀,၀၀၀ ကျော်ဖြင့် ဝယ်နိုင်သော်လည်း ယခုအခါ ၆၀,၀၀၀ မှ ၇၀,၀၀၀ ကျပ်အထိ၊ ဟင်းရွက်ဆီ ၅ လီတာတစ်ဘူးကို ၉,၅၀၀ ကျပ်မှ ၁၃,၅၀၀ ကျပ်အထိ တက်သွားကြောင်း ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်မှ အသက် ၃၀ အရွယ် အိမ်ရှင်မတစ်ဦးက ပြောသည်။

“ဝင်ငွေမရှိတဲ့အတွက် မလောက်ငတာတော့ သေချာတယ်။ အဲဒီတော့ အရင်လို များများစားစားဝယ်ပြီး မိသားစုအတွက် ချက်ပြုတ်လို့တော့ မဖြစ်နိုင်ဘူးလေ။ သေချာတာကတော့ မိုးဖိုချောင်ကုန်ကျစရိတ်က အရင်ကထက် သိသိသာသာများလာပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ စည်းစနစ်မကျသည့် အုပ်ချုပ်ရေးယန္တရားနှင့် အာဏာထိန်းချုပ်မှုအခြေအနေကြောင့် အခြေခံကုန်ဈေးနှုန်း ဝရုန်းသုန်းကားဖြစ်လာပြီး အချိန်ကြာလာလျှင် ဝင်ငွေမရှိသည့် မိသားစုများအတွက် ပိုစိတ်ပူစရာဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မြန်မာတွင် စားသုံးမှုများသည့် စားအုန်းဆီကို ပြည်ပမှ တင်သွင်းရပြီး အာဏာမသိမ်းမီ ဇန်နဝါရီ ၂၈ တွင် လက်လီပုံး ဆွဲဈေး ၂,၄၄၅ ကျပ်ရှိသော်လည်း စက်တင်ဘာ ၂၀ တွင် ၄,၁၂၀ ကျပ်ရှိလာကြောင်း မြန်မာနိုင်ငံ၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စာရင်းများတွင် တွေ့ရသည်။

ကုန်ဈေးနှုန်းတည်ငြိမ်ရေးဟုဆိုကာ အသင်းအဖွဲ့များဦးစီး၍ ဆန်၊ ဆီနှင့် ဆေးဝါးများကို ရောင်းချသော်လည်း ကျယ်ကျယ်ပြန့်ပြန့်မရှိသေးပေ။ အဆိုပါကုန်ပစ္စည်းတင်သွင်းသူများလိုအပ်သည့် ဒေါ်လာများကို ဗဟိုဘဏ်က ဦးစားပေးရောင်းချပေးနေသည်။

အထွေထွေကုန်ဈေးနှုန်း မြင့်တက်လာပြီး ရှိရင်းစွဲ ဆင်းရဲနွမ်းပါးမှု၊ ကိုဗစ်နိုင်တင်းနှင့် နိုင်ငံရေးပဋိပက္ခများကြောင့် ၆ လအတွင်း(အောက်တိုဘာလအတွင်း) မြန်မာနိုင်ငံမှ လူဦးရေ ၃ ဒသမ ၄ သန်းကျော် ငတ်မွတ်နိုင်ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် (WFP) က ဧပြီ ၂၂ တွင် သတင်းထုတ်ပြန်ခဲ့သည်။

“ဆင်းရဲနွမ်းပါးသူတွေဟာ အလုပ်အကိုင်တွေဆုံးရှုံးနေကြပြီး ထမင်းဟင်း ဝယ်ခြမ်းစားသောက်ဖို့ မတတ်နိုင်တော့တဲ့အခြေအနေ ဖြစ်နေပါတယ်” WFP ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Stephen Anderson က ထုတ်ပြန်ချက်တွင်ပြောသည်။

ထို့ကြောင့် စားနပ်ရိက္ခာအကူအညီများတိုးမြှင့်ပေးသွားမည်ဟု WFP က ကတိပြုခဲ့ပြီး ဇူလိုင်အတွင်းက ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှ လူပေါင်းသုံးသိန်းကျော်ကို အစားအစာများ ထောက်ပံ့ခဲ့သည်။

ကုန်ဈေးနှုန်းတက်ကြောင်း အိမ်ရှင်မများက ညည်းတွားနေသော်လည်း စားသောက်ကုန်ထုတ်လုပ်ရေးကို ကြိုးစားဆောင်ရွက်နေသဖြင့် ကုန်ဈေးနှုန်းမြင့်မားစွာ မတက်ဟု စက်တင်ဘာ ၆ ၌ ပြုလုပ်သော ကိုဗစ်ဆိုင်ရာ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တုံ့ပြန်ပြောဆိုသည်။

ပင်မြင့်စံ ဒေါ်လာနှင့် ရွှေဈေး

ဒေါ်လာဈေးနှင့် စက်သုံးဆီဈေးမြင့်တက်မှုအခြေအနေ ။

အာဏာမသိမ်းမီ ဇန်နဝါရီက တစ်ဒေါ်လာ ၁,၃၃၇ ကျပ်ရှိသော်လည်း စက်တင်ဘာ ၂၄ တွင် ၂,၁၀၀ ကျပ် ရှိရာ တစ်ဒေါ်လာလျှင် ၇၆၃ ကျပ်တက်လာပြီး ကျပ်ငွေတန်ဖိုးသည် ၈ လအတွင်း ၅၇ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ပြည်တွင်းငွေလဲကောင်တာများ၏ ငွေလဲလှယ်နှုန်းထားများအရ သိရသည်။

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကျပ်ငွေအပေါ် ယုံကြည်မှုကျဆင်းလာပြီး အမေရိကန်ဒေါ်လာ စုဆောင်းသဖြင့် ဒေါ်လာဈေး မကြုံစဖူးမြင့်တက်လာကြောင်း မန္တလေးမြို့မှ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ကျပ်ငွေ ယုံကြည်မှု တည်ဆောက်နိုင်မှုအားနည်းတာပေါ့။ ဒါပါပဲ။ ကုန်ဈေးနှုန်းတက်တာတွေကတော့ ဒေါ်လာနဲ့သွင်းတဲ့ဟာတွေက ဒေါ်လာနဲ့တွက်ပြီး ရောင်းကြတာပေါ့။ တချို့လည်း သွင်းပြီးသား၊ တချို့လည်း သွင်းဆဲပေါ့။ အဲ့ဒီပေါ်မှာ ဒေါ်လာဈေးနဲ့ ကောက်မြှောက်ပြီး ဈေးဖွင့်ကြတာ” ဟု ၎င်းက ရှင်းပြသည်။

ဒေါ်လာဈေးတက်မှုကို ထိန်းသိမ်းရန် စစ်ကောင်စီ၏ ဗဟိုဘဏ်က (စက်တင်ဘာ ၁၅ ထိ) ဒေါ်လာ ၁၄၄ ဒသမ ၈ သန်းကို ဈေးကွက်အတွင်း ရောင်းချခဲ့သော်လည်း အမှန်တကယ်လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သောကြောင့် ဆင့်ပါးစပ်နှမ်းပက်ရုံသာရှိကြောင်း ကုန်သည်များက ဆိုသည်။

အခြားတစ်ဖက်တွင် ဒေါ်လာဈေးထိန်းချုပ်ရန် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းကို သုည ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်း ရောင်းဝယ်ရန်သတ်မှတ်ချက်မှာလည်း မှောင်ခိုရောင်းဝယ်မှုကို အားပေးရာရောက်စေသောကြောင့် ဖျက်သိမ်းပစ်လိုက်ရသည်။

ပို့ကုန်ရပ်ဆိုင်းနေခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျဆင်းခြင်းတို့ကြောင့် ဒေါ်လာစီးဝင်မှု အားနည်းသော်လည်း စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးများကို ဒေါ်လာဖြင့် ဝယ်ယူရသောကြောင့် ဒေါ်လာလိုအပ်ချက်မြင့်မားကာ ဈေးတက်လာကြောင်း ကုန်သည်များက ယူဆသည်။

ဒေါ်လာဈေးမြင့်တက်မှုနှင့်အတူ မြန်မာရွှေဈေးမြင့်တက်လာရာ ဇန်နဝါရီ၌ အခေါက်ရွှေတစ်ကျပ်သား ၁၃ သိန်းကျော်သာရှိပြီး စက်တင်ဘာ ၂၄ တွင် ၁၉ သိန်းကျော်ရှိသဖြင့် ၄၅ ရာခိုင်နှုန်းကျော် ဈေးတက်လာကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

“လူထုက စုတာအတွက်ပဲ ဝယ်တဲ့အတွက် ရွှေဈေးပြန်ကျသွားရင် ဒါက အရှုံးပေါ်နိုင်ပါတယ်။ အခုချိန်ကတော့ စုမယ့်လူ မဝယ်သင့်သေးဘူး” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က Myanmar Now ကို ပြောသည်။

ရန်ကုန်တွင် ရွှေဈေးမြင့်တက်နေခြင်းဖြစ်ပြီး ရွှေတူးဖော်သည့်နေရာများတွင် ၁၃ သိန်းဝန်းကျင်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေးပြန်ပွင့်ပါက ရွှေအဝင်များပြီး ဈေးပြန်ကျနိုင်ကြောင်း ၎င်းက ဆိုသည်။

ရွှေဈေးတက်ခြင်းကြောင့် ယခင်က ၇ သိန်း၊ ၈ သိန်းဖြင့် ဝယ်ယူထားသူများမှာ အမြတ်အစွန်းကြီးကြီးဖြင့် ပြန်လည်ရောင်းချနိုင်သော်လည်း ဈေးကွက်ထဲတွင် အမှန်တကယ်အရောင်းအဝယ်ဖြစ်မှု နည်းပါးကြောင်း၊ ရွှေဈေးမှာ နိုင်ငံရေးတည်ငြိမ်ပါက ဈေးပြန်အေးနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များက ဆိုသည်။

ရွှေဈေးမြင့်တက်မှုအခြေအနေ။

အားလုံးကို ထိသည့် စက်သုံးဆီဈေး

အာဏာမသိမ်းမီ ဓာတ်ဆီ(92) တစ်လီတာ ၅၈၅ ကျပ်ရှိသော်လည် စက်တင်ဘာလလယ်တွင် ၁,၁၆၀ ကျပ် ရှိလာကာ ၉၈ ရာခိုင်နှုန်းကျော် မြင့်တက်လာခြင်းဖြစ်သည်။

ခေတ်မကောင်းသဖြင့် စီးပွားရေးလုပ်ငန်းများရပ်ဆိုင်းနေပြီး ဆီဈေးမြင့်တက်မှုကြောင့် တက္ကစီယာဉ်မောင်းများ၊ ကားဖြင့် ကုန်စည်ပို့သူများ တွက်ချေမကိုက်ဖြစ်နေကြောင်း ရန်ကုန်မြို့မှ ကားဖြင့် ကုန်ပစ္စည်းပို့ဆောင်ပေးနေသည့် အမည်မဖော်လိုသော အမျိုးသားတစ်ဦးက ဆိုသည်။

“အရင်တုန်းကဆိုရင် လေးကြောင်း၊ ငါးကြောင်းလောက်အထိ ပို့ရတယ်။ အခုကတော့ မပို့ရတဲ့နေ့တွေလည်း ရှိတယ်။ ပို့ရရင်တော့ တစ်ကြောင်းလောက်ပဲ ရှိတယ်။ အဲ့ဒီမှာတင် အသွားအပြန်ဆီဖိုးနဲ့ ပို့ရတဲ့ခရီးနဲ့က ဆီဖိုးလောက်ပဲ ပြန်ရနေပြီး စားဝတ်နေရေးအတွက် မဖူလုံတော့ဘူး ” ဟု ၎င်းက ဆိုသည်။

“လုပ်ငန်းက မဖြစ်သလောက်နီးပါးဖြစ်နေတယ်။ အဲ့ဒီကြားထဲမှာမှ စက်သုံးဆီဈေးက မြင့်လာတော့ ကျွန်တော်တို့အတွက်၊ ဘယ်လိုပြောရမလဲ၊ စားဖို့တောင် အဆင်မပြေဘူး”

ယခင်က ဆီ ၅,၀၀၀ ဖိုးထည့်၍ ကုန်ပစ္စည်းပို့ဆောင်လျှင် ကျပ် ၂၀,၀၀၀ ဝန်းကျင် ပြန်ရနိုင်သော်လည်း ယခုအခါ ၁၀,၀၀၀ ကျပ်သာ ရနိုင်တော့ကြောင်း၊ သယ်ယူစရိတ်တိုးကောက်ရန်မှာ လုပ်ငန်းမကောင်းသည့် လက်ရှိအချိန်တွင် အခက်အခဲရှိကြောင်း ၎င်းက ဆိုသည်။

စက်သုံးဆီဈေးတက်ပါက သယ်ယူပို့ဆောင်ရေးစရိတ်လည်း မြင့်တက်လာမည်ဖြစ်ပြီး တစ်ဆက်တည်း အထွေထွေကုန်ဈေးနှုန်းလိုက်တက်လာကာ ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို စားသုံးသူတို့ ခါးစည်းခံရမည် ဖြစ်သည်။

ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်တွင် စက်သုံးဆီဈေးနှုန်းများ ဖော်ပြထားသည်ကို စက်တင်ဘာ ၁၃ က တွေ့ရစဉ်။ (ဓာတ်ပုံ-EPA)

လယ်သမားများ လက်လှမ်းမမီသည့် ဓာတ်မြေဩဇာဈေး

ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပြည်ပမှတင်သွင်းသည့် ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာဈေး မြင့်လာသဖြင့် လယ်သမားများဒုက္ခရောက်နေကြောင်း ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှ ရွှေစင်ကြယ် ဆေးနှင့် မြေဩဇာဆိုင်ရှင် ဒေါ်နွယ်နီလှိုင်က ပြောသည်။

ကုန်ကြမ်းပြတ်လပ်မှု၊ ကုန်ပစ္စည်းတင်သွင်းရန်ခက်ခဲမှုကြောင့် ယူရီယားပုလဲဓာတ်မြေဩဇာ၊ ရွှေနဂါး၊ အာမို စသည့် ဓာတ်မြေဩဇာတစ်အိတ်လျှင် ယခင်က ကျပ် ၂၅,၀၀၀ ဝန်းကျင်သာရှိသော်လည်း ယခုအခါ ၆၀,၀၀၀ အထိ စျေးတက်သွားကြောင်း ၎င်းက ဆိုသည်။

“(ဈေး) ကျနိုင်တယ်လို့တော့ မထင်သေးဘူး။ ဘာဖြစ်လို့လဲဆို‌တော့ အခုက အတက်တွေချည်းပဲ ဖြစ်နေတယ်။ ဒီနေ့နဲ့ မနက်ဖြန်တောင် မတူဘူး။ ကျွန်မတို့ဆိုရင် အရမ်းစိတ်ညစ်ရတယ်။ အရောင်းအဝယ်သမားတွေဆိုတော့ ကုန်အောင် ရောင်းနိုင်မှ အဆင်ပြေတယ်လေ။ ဒီနေ့ဘောင်ချာဖြတ်တယ်။ ပိုက်ဆံပေးလိုက်တယ်။ နောက်နေ့ကျတော့ ဈေးက မတူတော့ဘူး”ဟု ၎င်းက ဆိုသည်။

ဈေးနှုန်းကြီးမြင့်မှုကြောင့် ဓာတ်မြေဩဇာ လျှော့ချသုံးစွဲကြပြီး တချို့မှာ လုံးဝမသုံးနိုင်ဘဲ စိုက်ခင်းများကို ပစ်ထားလိုက်ရသည့်အခြေအနေရှိကြောင်း လှည်းကူးမြို့နယ်မှ အမည်မဖော်လိုသည့် လယ်သမားတစ်ဦးက ပြောသည်။

“မကိုက်မှန်းသိပေမဲ့ မြေတွေရှိနေတော့လည်း ဒီအတိုင်းထားလို့ကမဖြစ်ဘူး။ လုပ်နေကြရတာပဲ။ အဲ့ဒီတော့ ကုန်ကျစရိတ်တွေများ၊ ထွက်လာတဲ့သီးနှံက ထင်ထားသလိုမထွက်လာခဲ့ရင် အခက်အခဲတွေ ပိုများသွားတာပေါ့” ဟု ၎င်းက ပြောသည်။

စိုက်ခင်းအတွက် ဝယ်သုံးရသည့် ပစ္စည်းများ ဈေးနှုန်းမြင့်တက်နေသော်လည်း ကောက်ပဲသီးနှံမှာ ပြည်ပကုန်သွယ်ရေးလမ်းကြောင်းများ မပွင့်၍ ဈေးနှုန်းကျဆင်းနေသည်ဟု ၎င်းက ဆိုသည်။

ဒေါ်လာ၊ မြေဩဇာတို့ ဈေးတက်မှုကြောင့် လယ်သမားများ ဒုက္ခတွေ့ရခြင်းမှာ စစ်အာဏာသိမ်းမှုကြောင့်ဖြစ်သည်ဟု ၎င်းက အပြစ်ဖို့သည်။

ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်း

ကုန်စည်များနှင့် ဝန်ဆောင်မှုများဈေးတက်ခြင်း၏ ကုန်ကျစရိတ်အတိုင်းအတာတစ်ရပ်ကို ငွေကြေးဖောင်းပွမှုဟု ခေါ်ကြောင်း ပြည်သူ့လွှတ်တော်ရုံးသုတေသနဌာနက ထုတ်ပြန်သည့် ငွေကြေးဖောင်းပွမှုအစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။

ငွေကြေးဖောင်းပွမှုမှာ ငွေစက္ကူသစ်များထုတ်ဝေသုံးစွဲမှုကြောင့် လည်ပတ်ငွေကြေးပမာဏ ကြီးထွားလာခြင်း၊ ရောင်းလိုအားနှင့် ဝယ်လိုအားအခြေအနေတို့ကြောင့်ဖြစ်နိုင်သည်ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်၏ ခန့်မှန်းမှုအရ ၂၀၂၁ တွင် မြန်မာနိုင်ငံ၏ ပျှမ်းမျှငွေကြေးဖောင်းပွနှုန်းသည် ၆ ရာခိုင်နှုန်း ရှိနိုင်ပြီး ဒုတိယနှစ်ဝက်အတွင်း ပိုမိုမြင့်တက်နိုင်ကြောင်း သိရသည်။

ဆိုလိုသည်မှာ နှစ်စတွင် ကျပ်တစ်သိန်းဖြင့် ဝယ်ယူနိုင်သည့် ကုန်ပစ္စည်းတစ်ခုသည် နှစ်ကုန်တွင် ၁၀၆,၀၀၀ ဈေးပေးရတော့မည်ဖြစ်သည်။

စစ်ကောင်စီသည် ငွေစက္ကူအသစ်များထုတ်ဝေသုံးစွဲနေပြီး ထိုအခြေအနေကြောင့် လည်ပတ်ငွေကြေးပမာဏ ကြီးထွားကာ ကုန်ဈေးနှုန်းတက်စေကြောင်း အမည်မဖော်လိုသည့် ဘဏ္ဍာရေးကျွမ်းကျင်ပညာရှင်တစ်ဦးက ဩဂုတ်လဆန်းတွင် Myanmar Now ကို ပြောဆိုထားသည်။

“လုပ်ငန်းတွေက ပုံမှန်မလည်ပတ်နိုင်ဘူး။ ပုံမှန်မလည်ပတ်နိုင်ဘဲနဲ့ ငွေစက္ကူတွေထပ်ပြီးတော့ လည်ပတ်မှုထဲ ရောက်လာတယ်ဆိုရင် ဝယ်အားက များမယ်။ ရောင်းအားက သိပ်မရှိဘူးပေါ့နော်။ လုပ်ငန်းတွေ မလည်ပတ်တဲ့အတွက်ကြောင့်ပေါ့။ အဲ့ဒါကြောင့် ကုန်ဈေးနှုန်းတွေက ဒီထက်ပိုပြီး တက်လာနိုင်စရာ အကြောင်းရှိတယ်”ဟု ၎င်းက ဆိုသည်။

Source: Myanmar Now

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English