မြန်မာ စစ်ကောင်စီသည် ကယားပြည်နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အင်အားစုများကို တိုက်ခိုက်ရာတွင် လူနေရပ်ကွက် အတွင်း မြေမြှုပ်မိုင်းထောင်ခြင်းများကို ပြုလုပ်လျက်ကြောင်း သိရသည်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှ နေရပ်စွန့်ခွာ အရပ်သားတဦးသည် စက်တင်ဘာ ၂၉ ရက်နံနက်က အစားအစာများ ယူဆောင်ရန် အခြားသူ ၂ ဦးနှင့်အတူ အိမ်သို့ပြန်စဉ် ကုန်းသာရွာတွင် မြေမြှုပ်မိုင်းပေါက်ကွဲသောကြောင့် သေဆုံးရ ကြောင်း ကရင်နီ တိုင်းရင်းသားများ ကာကွယ်ရေး တပ်ဖွဲ့ (KNDF) ၏ အဆိုအရသိရသည်။
၎င်းနှင့် အတူ ပါသည့် အခြားရွာသား ၂ ဦးမှာလည်း ပြင်းထန်သော ဒဏ်ရာများ ရရှိသောကြောင့် ဆေးရုံသို့ ပို့ဆောင်ထား သည်ဟု ဆိုသည်။
အင်္ဂါနေ့ (စက်တင်ဘာ ၂၈ ရက်) ကလည်း ထိုမြို့နယ်မှ အခြား နေရပ်စွန့်ခွာနေရသူ အရပ်သားတဦးသည် သေးဆူးလဲ ကျေးရွာတွင် စားနပ်ရိက္ခာများ ပြန်လည် ယူဆောင်ရန် သွားရောက်စဉ် မိုင်းနင်းမိသောကြောင့် ပြင်းထန်သော ဒဏ်ရာများ ရရှိသည်။
စစ်ကောင်စီသည် ဒီးမော့ဆိုမြို့နယ်မှ ကျေးရွာများကို လွန်ခဲ့သော ကြာသပတေးနေ့က ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်သည်။ စစ်အုပ်စုတပ်များသည် ကျေးရွာများတွင် မြေမြှုပ်မိုင်းများထောင်ခဲ့ကြောင်း KNDF ပြောခွင့်ရသူတဦးက ဧရာဝတီ သတင်း ဌာနသို့ စက်တင်ဘာလ ၂၉ ရက်က ပြောဆိုသည်။
အင်အားဖြည့်တင်းပြီး လက်နက်ကြီးများ ဖောက်ခွဲပစ္စည်းများ သုံးနေသော်လည်း စစ်ကောင်စီတပ်များသည် ကရင်နီ လက်နက်ကိုင်တပ်များ၏ ၂ ရက်ကြာ တိုက်ခိုက်မှုကြောင့် တနင်္ဂနွေနေ့တွင် ထိုကျေးရွာများမှ ဆုတ်ခွာရသည်။
ထိုကျေးရွာများမှ စစ်ကောင်စီ ထောင်ထားသည့် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော အမြောက်ဆံများကို ရှင်းလင်း ခဲ့ရကြောင်း KNDF ပြောခွင့်ရသူက ပြောသည်။
“စစ်ကောင်စီ တပ်တွေက မိုင်းတွေ ထောင်ထားခဲ့တယ်။ အရပ်သားတွေ သေမှာကို သူတို့ ဂရုမစိုက်ဘူး” ဟု ၎င်းက ပြောသည်။
ပြည်နယ်အတွင်း ချုံခိုတိုက်ခိုက်မှုများအပြီးတွင် စစ်ကောင်စီ ဆန့်ကျင်ရေးတပ်များသည် မပေါက်ကွဲသေးသော ဖောက်ခွဲ ပစ္စည်းများကို ရှင်းလင်းခဲ့ရကြောင်း KNDF တပ်ဖွဲ့ဝင်က ဆိုသည်။
နေအိမ်များသို့ ပြန်သောအခါ စစ်ကောင်စီ မြေမြှုပ်မိုင်း အန္တရာယ်ကို သတိထားရန် ကျေးရွာသားများကို ကရင်နီ လက်နက်ကိုင် အဖွဲ့များက တိုက်တွန်းထားသည်။
မေလနှောင်းပိုင်းမှ စတင်ပြီး စစ်ကောင်စီတပ်များသည် ကရင်နီ ခုခံရေး အင်အားစုများနှင့် ကယားပြည်နယ်ဘော်လခဲ၊ ဒီးမော့ဆို၊ ဖရူးဆိုးနှင့် လွိုင်ကော်မြို့နယ်များနှင့်အနီးရှိ ရှမ်းပြည်နယ်မှ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းမြို့နယ်များတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။
မြန်မာ စစ်ကောင်စီသည် နိုင်ငံကို စစ်အုပ်ချုပ်ရေး အပြည့်အဝ ကျင့်သုံးရန် ကြိုးစားနေစဉ် ပြည်သူလူထုကို ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်နေကြောင်း ထင်ရှားကျော်ကြားသည့် ယခင် ကုလသမဂ္ဂလူ့အခွင့်အရေး လေ့လာသူများ၏ လွတ် လပ်သောအဖွဲ့ တခုဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီက ပြောကြားခဲ့သည်။
စစ်ကောင်စီသည် ၎င်းတို့ သတ်ဖြတ်ထားသည့် အရပ်သား အလောင်းများ အောက်တွင် မိုင်းထောင်ထားခဲ့ကြောင်း၊ အသတ်ခံရသူများ၏ မိသားစုများနှင့် မိတ်ဆွေများကို ပစ်မှတ်ထားကြောင်းလည်း ထိုအဖွဲ့က ပြောသည်။
ပြည်သူလူထုကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းနှင့် အသက် ၂ အရွယ်အထိ ငယ်ရွယ်သည့် ကလေးများကိုပင် ဓားစာ ခံအဖြစ် ဖမ်းဆီးခြင်း အပါအဝင် စစ်ကောင်စီက အရပ်သားများအပေါ် ရက်စက်မှုများအတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေဖြင့် စစ်ကောင်စီကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာရန် အထက်ပါ အဖွဲ့က တနင်္လာနေ့တွင် တိုက်တွန်းသည်။
စစ်ကောင်စီသည် ချင်းပြည်နယ်တွင်လည်း မြေမြှုပ်မိုင်းများ အသုံးပြုလျက်ရှိသည်။
စစ်ကောင်စီတပ်များနှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားပြီး ဇွန်လ ၂၄ ရက်တွင် ချင်း ပြည်နယ် မင်းတပ်မြို့နယ်မြောက်ပိုင်း ကျေးရွားတခုအနီး မိသားစုနှင့်အတူ လယ်တောသို့ သွားစဉ် အသက် ၁၃ နှစ်အရွယ် ချင်းတိုင်းရင်းသား ဆလိုင်း ရှေအွမ်သည် စစ်ကောင်စီ ထောင်ထားသော မြေမြှုပ်မိုင်းကြောင့် သေဆုံးခဲ့ရသည်။
စက်တင်ဘာလ ၁ ရက်တွင် စင်ပြိုင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က စစ်ကောင်စီကို စစ်ကြေညာပြီးနောက် စစ် ကောင်စီသည် လူနေရပ်ကွက်များကို မီးရှို့ ဗုံးကြဲခြင်း အပါအဝင် စီးနင်းတိုက်ခိုက် အကြမ်းဖက်မှုများကို အထူးသဖြင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်များတွင် အရှိန်မြှင့် လုပ်ဆောင်နေသည်။
တချိန်တည်းတွင် မြန်မာနိုင်ငံတဝှမ်းမှ ပြည်သူ့ ကာကွယ်ရေးတပ်များကလည်း စစ်ကောင်စီတပ်များကို စစ်ဆင်ရေးများ တိုးမြှင့် လုပ်ဆောင်နေသည်။