ရန်ကုန်၊ တာမွေမြို့နယ် တာမွေစျေးမှတ်တိုင်အနီးနှင့် သီတာလမ်းမှတ်တိုင်တို့တွင် ယနေ့(ဇွန် ၁၈)ရက်နေ့ နေ့လည် ၃ နာရီကျော်တွင် ဗုံး ၃ လုံးပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ဆိုသည်။
သီတာလမ်းမှတ်တိုင်အနီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့တွင် ရပ်ထားသည့် စစ်ကားပေါ် ဗုံးကွဲခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက Myanmar Now သို့ ပြောသည်။
“စစ်ကားနားကို တက္ကစီတစ်စီးနဲ့ ဗုံးတစ်လုံးပစ်ထည့်သွားတယ်။ ဗုံးထပေါက်တယ် အုံးဆို အသံအကျယ်ကြီးကြားရတယ်။ မီးခိုးလုံးတွေ ထတက်လာတာ။ ကားမီးလောင်သွားတယ်။ စစ်သားတွေကတော့ စစ်ကားအောက်ဘေးနားမှာ ထိုင်နေတာများတယ်။ စစ်ကားနားမှာတော့ စစ်သားတွေအများကြီးရှိတယ်။ ကားခေါင်းခန်းပေါ်မှာတော့ စစ်သား ၂ ယောက် ဖုန်းထိုင်သုံးနေတာတွေ့တယ်။ နောက်ခန်းမှာက ၄ ယောက်” ဟု ၎င်းက ပြောသည်။
မည်မျှသေဆုံးထိခိုက်ဒဏ်ရာရရှိသည်ကို မသိကြောင်း၊ ပေါက်ကွဲမှုအပြီး ခဏအကြာတွင် အရေးပေါ်ကားနှင့် မီးသတ်ကားများရောက်ရှိလာကြောင်း ၎င်းက ဆက်ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စစ်ကားသည် ပြည်ခိုင်ဖြိုးပါတီရုံးရှေ့တွင် ရပ်ထားသည်မှာ ၃ ရက်ခန့်ရှိပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
ရန်ကုန်မြို့ လမ်းမများပေါ်တွင် ရှိတတ်သော စစ်သားများတိုက်ခိုက်ခံရမှုမှာ ရှားရှားပါးပါးဖြစ်ရပ်ဖြစ်သည်။
အလားတူ တာမွေစျေးမှတ်တိုင်နှင့် တာမွေမီးပွိုင့်ကြားတွင်လည်း ပေါက်ကွဲမှု နှစ်ခုဖြစ်ခဲ့ကြောင်း တာမွေမြို့နယ်တွင် နေထိုင်သူတစ်ဦးက Myanmar Now သို့ ပြောသည်။
“တာမွေစျေးမှတ်တိုင်နဲ့ တာမွေမီးပွိုင့်ကြားလောက်မှာ ပေါက်တာ။ တက္ကစီသမားတစ်ယောက်ကတော့ လက်ပြတ်သွားတယ်။ မီးပွိုင့်မိပြီး ကားတန်းနေတဲ့အချိန်မှာဖြစ်တာ။ အဲ့မှာပဲ နှစ်ကြိမ်ပေါက်တာ။ တစ်နေရာထဲမှာပဲ နှစ်သံထွက်သွားတာပေါ့” ဟု သူက ပြောသည်။
“စစ်သားတွေက ဖြစ်ဖြစ်ချင်း ထွေအုပ်ရုံးနားကနေ ထွက်လာပြီး ပြေးထွက်လာတယ်။ သေနတ်တွေနဲ့ စစ်သားအုပ်လိုက် ပြေးထွက်လာတယ်။ ကားတွေကို ပေးမသွားပဲ လမ်းပိတ်ထားတယ်။ အဲ့နားမှာရှိတဲ့ အချို့ကားတွေက ပြန်လှည့်ထွက်ဖို့လုပ်နေတာကို စစ်သားတွေက ပေးမထွက်ဘဲ ကားတွေကို ဒင်နဲ့ ထုတယ်”
တာမွေစျေးအနီးတွင် စစ်ကားတစ်စီးရပ်ထားကာ ပိတ်ဆို့ရှာဖွေနေသည်ဟု ၎င်းက ပြောသည်။
ဇွန်လ ၈ ရက်နေ့ကလည်း တာမွေမြို့နယ် ကျောက်မြောင်း သတိပဌာန်လမ်းတွင် စစ်ကောင်စီက ခန့်အပ်ထားသည့် ကျားကွက်သစ်အုပ်ချုပ်ရေးမှုး ဒေါ်စိုးစိုးလွင် ပစ်သတ်ခံခဲ့ရသေးသည်။
Source – Myanmar Now