မန္တလေးတိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ စျေးတန်းမှာ စျေးရောင်းစျေးဝယ် ပြုလုပ်နေတဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ ဒေသခံ ပြည်သူ ၂၇ ဦး သေဆုံးခဲ့ပါတယ်။ မနေ့က မွန်းလွဲ၃နာရီမှာ အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဗုံးတစ်လုံးက လက်ဖက်ရည်ဆိုင်ပေါ် တည့်တည့်ကျတာလို့ ဒေသခံတွေက ဆိုပါတယ်။ ဒဏ်ရာရသူတွေထဲမှာလည်း အသက်အန္တရာယ် စိုးရိမ်ရသူတွေရှိနေတယ်။
လက်ပန်လှရွာဟာ မန္တလေး – မိုးကုတ် ကားလမ်းပေါ်က လူစည်းကားတဲ့ ကျေးရွာကြီး ဖြစ်ပြီး အိမ်ခြေ ထောင်နဲ့ချီ ရှိပါတယ်။ စစ်ကောင်စီဟာ စစ်ရေးအရ အရေးမသာတော့ ပြည်သူကို အကြောက်တရား ပေးချင်တဲ့အတွက်စဉ့်ကူးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အုပ်စုက လေကြောင်း ဗုံးကြဲ သတ်ဖြတ်မှုတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။ စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် စစ်အုပ်စုက လေကြောင်းဗုံးကြဲ သတ်ဖြတ်တာ ခုနှစ်ကြိမ်ထက်မနည်း ရှိပြီ ဖြစ်တယ်။