အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍ ခေတ်စနစ်၊ နိုင်ငံရေး အခြေအနေ မည်မျှပြောင်းလဲစေကာမူ မြန်မာ လူ့အဖွဲ့အစည်းအတွင်း လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတိုင်း တစိုက်မတ်မတ် ပြုလုပ်လာသည့် အရာတစ်ခု ရှိပါသည်။
ထိုအရာသည် တံဆိပ်ကပ် နိုင်ငံရေး (Political Label) ဖြစ်သည်။
တံဆိပ်ကပ် နိုင်ငံရေးဆိုသည်မှာ “အထွေထွေသော ကိစ္စရပ်များ၊ မူဝါဒများ၊ အကြောင်းအရာ အပေါ် ဆွေးနွေး ငြင်းခုံမှုပြုရာတွင် ဆွေးနွေးငြင်းခုံသူ တစ်ဦးက အခြားတစ်ဘက်ကို ဆွေးနွေးမှု ခေါင်းစဉ်မှသွေဖယ်ကာ လူပုဂ္ဂိုလ် သို့တည်းမဟုတ် အဖွဲ့အစည်းများအပေါ် နိုင်ငံရေးအရ အမျိုးအစားခွဲရန် တံဆိပ်တစ်ခု ကပ်လိုက်ခြင်း” ဖြစ်သည်။ ရလဒ်အားဖြင့် မူလအကြောင်းအရာ ရည်ရွယ်ချက်မှ သွေဖယ်ပြီး တစ်ဘက်အတွေးအမြင် ခံယူချက် အယူအဆများကို အမျိုးအစားခွဲခြားရာတွင် အသုံးပြုသော အလေ့အထဖြစ်သည်။
ဥပမာဆိုရသော် နိုင်ငံရေးဆွေးနွေးပွဲတွင် လူပုဂ္ဂိုလ် တစ်ဦးဆွေးနွေးမှုတစ်ခုကို ပြီးဆုံးအောင် နားမထောင်ဘဲ အပေါ်ယံ ငြင်းခုံရာတွင် လက်ဝဲ၊ လက်ယာ၊ လစ်ဘရယ် အစရှိသည်ဖြင့် ကိုယ်စ်ိတ်ထင်ရာတစ်ခုကို တစ်ဘက်လူဆွေးနွေးချက် တန့်သွားအောင် တံဆိပ်ကပ်လိုက်ခြင်းမျိုးဖြစ်သည်။
လွတ်လပ်ရေးအကြိုကာလ နှင့် ပါလီမန်ဒီမိုကရေစီ ခေတ်တွင် လက်ဝဲ-လက်ယာ ပွတ်တိုက် မှုများ အားကောင်းလာသည့်အတူ အပြန်အလှန် တံဆိပ်ကပ်မှုမှာ အိုင်ဒီယိုလော်ဂျီအပိုင်းနှင့် လူမျိုးစုရေးရာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ အပေါ် အခြေခံခဲ့သည်။ တစ်ဘက်နှင့်တစ်ဘက် မတူညီသော အမြင်များကို စုစည်း၍ ဖြစ်နိုင်ခြေရှိသည့် နိုင်ငံရေး အခင်းအကျင်းတစ်ခုကို ပုံဖော်ရမည့်အစား အစုအဖွဲ့ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်များ၊ နိုင်ငံရေးမကျေလည်မှုများအပေါ် ပြစ်တင်ပုံချကာ အပြန်အလှန် တံဆိပ်ကပ်နိုင်ငံရေး တည်ဆောက်ခဲ့ကြသည်။ လွတ်လပ်ရေးရကာစတိုင်းပြည်ကို ဖယ်ဒရယ်နှင့် ဒီမိုကရေစီ အခြေခံအုတ်မြစ် အခြေခံသော တိုင်းပြည်တည်ဆောက်ရေး (Nation Building) လုပ်ငန်းစဉ်အတွက် ပျက်ကွက်ခဲ့ကြသည်။
ဖဆပလအစိုးရက ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့ကို နိုင်ငံတော် ပုန်ကန်သူများအဖြစ် တံဆိပ်ကပ်သတ်မှတ်ခဲ့သည်။ ကွန်မြူနစ်များကို ဖမ်းဆီး၊ ထောင်ချ၊ ၎င်းတို့၏ လှုပ်ရှားမှုများကို ဖိနှိပ်ခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီကလည်း ဖဆပလအစိုးရကို ဖောက်ပြန်ရေးသမား၊ သစ္စာဖောက်လောက်ကောင်၊ အရင်းရှင်လက်ဝေခံ ဓနရှင်အစိုးရ စသည်ဖြင့် ပြန်လှန်ထိုးနှက် တံဆိပ်ကပ်ခဲ့ကြသည်။
အကျိုးဆက်အားဖြင့် နိုင်ငံရေးသမားများ၏ အုပ်စုအတွင်းမညီညွတ်မှု၊ အယူဝါဒ အတွေးအခေါ်ကွဲလွဲမှုများပေါ် အခြေခံ၍ ၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းလိုက်သည်။ နိုင်ငံတော်အာဏာကို ကျားချောင်းချောင်းနေသော စစ်တပ်သည် “ဖယ်ဒရယ်” ဆိုသည်မှာ ခွဲထွက်ရေးဖြစ်သည်ဟု ဆိုကာ ၁၉၄၇ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၂၀၂ အရ အခြေခံဥပဒေ အာဏာတည်သည့်နေ့မှစ၍ ဆယ်နှစ်အတွင်း ခွဲထွက်နိုင်သောပြဋ္ဌာန်းချက်ကို ချိုးဖောက် အာဏာသိမ်းကာ တိုင်းပြည်ကို စစ်အာဏာရှင်စနစ်အောက်သွတ်သွင်းခဲ့သည်။
တိုင်းပြည်၏ အရင်းခံပြဿနာသည် စစ်တပ်ဆိုသည့်အချက်ကို သတိလက်လွတ်ဖြစ်ကာ အချင်းချင်းအပြစ်တင် နိုင်ငံရေးတံဆိပ်ကပ်ရင်း အယူဝါဒနှင့်သွားမည့်လမ်းကြောင်း မတူညီမှုများကြားတွင် ပိတ်မိနေခဲ့သည်။
ပစ္စုပ္ပန်ကာလ သမိုင်းတွင်လည်း မြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ ဒီမိုကရေစီ လမ်းပြမြေပုံပေါ် ၇ ချက်အပေါ် အခြေခံ၍ စစ်တပ်အလိုအကျ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအောက်မှပေးထားသော အသွင်ကူးပြောင်းမှု (Transition) ကာလကို နိုင်ငံရေးအစုအဖွဲ့များကြားထဲ သဘောတူညီချက် မရရှိဘဲ အတင်းသွတ်သွင်း မောင်းနှင်ခြင်းခံခဲ့ရသည်။
ဤနေရာတွင်လည်း နိုင်ငံရေးအစုအဖွဲ့များကြား စစ်တပ်ဦးဆောင်ကျင်းပပေးသော ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး သဘောထားကွဲလွဲမှုများ ထပ်မံမြင်တွေ့ခဲ့ရသည်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နှင့် အခြားအင်အားကြီး၍ နိုင်ငံရေးအရ အစဉ်အလာ ကြီးမားသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) တို့သည် ၂၀၀၈ အခြေခံဥပဒေ၊၂၀၁၀ ရွေးကောက်ပွဲတို့ကို သပိတ်မှောက်ခဲ့ကြသည်။
၂၀၁၂ ရွေးကောက်ပွဲဝင်ခြင်း မဝင်ခြင်း ဆုံးဖြတ်ရာတွင် NLD သက်တော်ရှည် နိုင်ငံရေးသမား ဦးဝင်တင် (ဟံသာဝတီ) နှင့် ပါတီ၏ ဥပဒေအကြံပေး ဦးကိုနီတို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြီးမှ ဝင်ရောက်သင့်သည် (ပြင်-ဝင်) ဟူသော နိုင်ငံရေးအရ မူသဘောထားခဲ့သည်။
သို့သော်လည်း ပါတီ ဗဟိုကော်မတီအစည်းအဝေးက ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဟု ဆုံးဖြတ်လိုက်သည်။ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်၍ အခြေခံဥပဒေ ပြင်ဆင်မည် (ဝင်-ပြင်) ဟု သဘောထားပြောင်းလဲခဲ့သည်။ အထက်ပါကိစ္စတွင်လည်း ဆရာဦးဝင်တင်ကို ခေါင်းမာသူ အဖြစ် တံဆိပ်ကပ်ခဲ့ကြသည်။
NLD အစိုးရလက်ထက်တွင် တိုင်းရင်းသားများနှင့်ဆက်ဆံရေး အဖုအထစ်များပေါ်ပေါက်ခဲ့ခြင်း၊ ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုန်းသတ်ဖြတ်မှု ကိစ္စ ပေါ်ပေါက်လာခြင်း၊ ကျောင်းသားသမဂ္ဂများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ ပြဿနာများတွင် သဘောထားမတိုက်ဆိုင်ခြင်း စသည့် အားနည်းချက်၊ ပြစ်ချက်များရှိခဲ့သည်။
NLD ပါတီ ထောက်ခံသူတချို့က ကျောင်းသားသမဂ္ဂများကို ကျောင်းနွားများ၊ အခြားနိုင်ငံရေးအစုအဖွဲ့တချို့က NLD ပါတီထောက်ခံသူများ နှင့် ပါတီလွှတ်တော် အမတ်များကို လူအုပ်ကြီးဝါဒ၊ ပေါ်ပြူလစ်စင်၊ နီပေါများစသည်ဖြင့် အသီးသီး တံဆိပ်ကပ်ခဲ့ကြသည်။
ဤနေရာတွင် ကောင်းခြင်း၊ ဆိုးခြင်း ဟူ၍ အဓိပ္ပာယ်မဖွင့်ဆိုနိုင်သော်လည်း အကျိုးဆက်အားဖြင့် သဘောထား အကွဲအလွဲများသာ ပိုဖြစ်၍ တစ်ဘက်နှင့်တစ်ဘက် နိုင်ငံရေးအရ ပိုမို ဝေးကွာလာခဲ့ကြသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသော လွှတ်တော်နိုင်ငံရေး အခင်းအကျင်းကို လျှောက်လှမ်းခဲ့ကြသောသူများမှာ NLD ပါတီတစ်ခုတည်းတော့ မဟုတ်ခဲ့ချေ။ ၂၀၁၀ ရွေးကောက်ပွဲအခင်းအကျင်းကို သပိတ်မှောက်ခဲ့ကြသော ပါတီများသည်ပင်လျှင် နောင်အထွေထွေ ရွေးကောက်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ဆိုစေကာမူ ထိုပါတီများသည်ပင်လျှင် လက်ရှိအချိန်ထိ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကျွန်ပြုထားသော နိုင်ငံရေး အခင်းအကျင်းထဲသို့ လျှောက်လှမ်းခဲ့သည်ဟူသော အသုံးအနှုန်းသုံးကာ နိုင်ငံရေးအရ တံဆိပ်ကပ်လျက်ရှိသည်။
နွေဦးတော်လှန်ရေးအခင်းအကျင်းတွင်လည်း နိုင်ငံရေးအရ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းပေါင်းစုံ တံဆိပ်ကပ်ခြင်း စသည်တို့ကို ဆက်လက်ရှုမြင်နိုင်သည်။
ခေတ်အဆက်ဆက် စစ်အစိုးရ၏ နိုင်ငံရေးတံဆိပ်ကပ်မှုကြောင့် ဗမာပြည်သူလူထု အများစုက ဖယ်ဒရယ်စနစ်ကို “ခွဲထွက်ရေး” အဖြစ်သာ မြင်လာခဲ့သည်၊ ဖက်ဒရယ်လိုလားသူများကိုလည်း ပြည်ထောင်စုမှ ခွဲထွက်လိုသူများအဖြစ် ရှုမြင်ခဲ့ကြသည်။
ဤသည်မှာလည်း ခေတ်အဆက်ဆက် နိုင်ငံရေးသမားများ နှင့် တိုင်းပြည်ကိုအုပ်ချုပ်သော စစ်တပ်၊ အစိုးရများ၏ ဗမာလူမျိုးကြီးဝါဒ ကျင့်သုံးခဲ့မှုနှင့် များစွာ ဆက်စပ်နေသည်။ ခေတ်အဆက်ဆက် စစ်တပ်၏မှိုင်းတိုက်မှု၊ လူမျိုးစုများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို ပိတ်ပင်ထားမှုတို့ကြောင့် အစ်ကိုကြီးအဖအရာ သဘောမျိုး ထင်ယောင်ထင်မှား ဖြစ်ခဲ့ကြသည်။
နွေဦးတော်လှန်ရေး အတော်အသင့် အရှိန်ရလာသော ၂၀၂၂ နှစ်ဦးပိုင်းတွင် သမိုင်းတစ်ပတ်လည်သည်ဟု ဆိုရမလို လက်ဝဲ၊ လက်ယာ၊ လစ်ဘရယ် အိုင်ဒီယိုလော်ဂျီ နှင့် ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်စနစ် မည်သို့သွားမည်ကို အွန်လိုင်းလူမှုကွန်ရက်တွင် ဆွေးနွေးငြင်းခုံလာကြသလို တံဆိပ်ကပ်မှုများလည်း ဆက်လက် ရှိလာပြန်သည်။ နိုင်ငံရေးအရ ထိုသို့ငြင်းခုံမှုမျာသည် ကောင်းမွန်သော အလေ့အထဖြစ်သောကြောင့် တဖက်မှလည် လေးလေးစားစား အချက်အလက် အကိုးအကားများဖြင့် ပြန်လှန်ချေပရန် လိုအပ်သည်။
ထိုသို့သဘောထားကွဲလွဲမှုများကို တစ်ဘက်နှင့်တစ်ဘက် ရန်သူသဖွယ် မဆက်ဆံမိစေရန်နှင့် အောက်လုံးများဖြင့် ထိုးနှက်ခြင်းမပြုကြဘဲ ဆွေးနွေးဖက်သဖွယ် သဘောထားပါမှ ချစ်စရာကောင်းသော နိုင်ငံရေး ဆွေးနွေးမှုအသွင်ဖြစ်ပေမည်။
သို့သော် ဗမာ့လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေသော ကိစ္စရပ်တစ်ခုအကြောင်း ဆွေးနွေးကြသည့်အခါ အလယ်အလတ် မျှခြေသဘောမရှိ၊ အဆုံးတစ်ဖက်ကို ရွေးချယ်မှသာလျှင် ရပ်တည်ချက် မှန်သည် ခိုင်မာသည်ဟု သတ်မှတ်ထားကြသည်။ ထို့အပြင် အရင်းခံ အကြောင်းအရာသည် ဆွေးနွေးမှု လမ်းကြောင်းမှ လွဲချော်၍ ထိရောက်မှုရှိသော ဆွေးနွေးမှုဖြစ်မလာဘဲ တစ်ဘက်နှင့် တစ်ဘက် တံဆိပ်ကပ်ခြင်းဖြင့်သာ ပြီးဆုံးခဲ့ရသည်။
နိုင်ငံရေးဆွေးနွေးချက်တစ်ခုကို မျှခြေသဘော ဆွေးနွေးသုံးသပ် ပြောဆိုမိလျှင် မူမခိုင်၊ လေယူရာယိမ်းတတ်သူဟု ဝိုင်းတံဆိပ်ကပ်ကြဆဲဖြစ်သည်။
နွေဦးတော်လှန်ရေးတွင်လည်း မေမေ့သား၊ ကွန်ကြောင်၊ ရေပေါ်ဆီ၊ ဖရဲသီး၊ သစ္စာဖောက်၊ ဗီလိန် စသည်ဖြင့် တံဆိပ်ကပ်မှုများလည်းရှိသည်။ “ဒလန်” ဟု တံဆိပ်ကပ်မှုကို အများအပြား တွေ့နိုင်သည်။ ထိုတံဆိပ်ကပ်မှုအောက်တွင် အမှန်တကယ် စစ်တပ်ကို သတင်းပေးသော ဒလန်များလည်းရှိသလို နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအရ မကျေနပ် အမြင်မကြည်သည့် အခြေအနေတွင် တစ်ဦးဦးကို ချောက်ချလိုသဖြင့် ဒလန်ဟု လွယ်လွယ်တံဆိပ်ကပ်ပေးလိုက်ခြင်းလည်း ရှိသည်၊ မှားယွင်းတံဆိပ်ကပ်မိလျှင် ထိုသူ၏ဘဝမှာ အနည်းဆုံး ဂုဏ်သိက္ခာထိခိုက်မည်၊ အသက်အန္တရာယ် စိုးရိမ်ရလောက်သည့်အထိလည်း အဖြစ်ဆိုးသွားနိုင်သည်။
လက်ရှိ နွေဦးတော်လှန်ရေးနှင့်အတူ စနစ်ဟောင်း အယူအဆဟောင်းများကို တိုက်ဖျက်သည့် အတွေးအခေါ် တော်လှန်ရေးသည်လည်း ကျွဲကူးရေပါဆိုသလို အားကောင်းကောင်းဖြင့် ပူးတွဲပါလာခဲ့သည်။ ထိုအထဲတွင် ကျား မ ရေးရာ ခွဲခြားမှုများသည်လည်း ဖိုဝါဒအားကောင်းသော ဗမာ့လူအဖွဲ့အစည်းတွင် တွန်းလှန်တိုက်ထုတ်ရမည့် အရာတစ်ခုဖြစ်သည်။
၁၉၈၉ ခုနှစ်က အမေရိကန် ပါမောက္ခ Kimberlé Crenshaw ဆွေးနွေးတင်ပြထားသော စာတမ်းတစ်ခုတွင် “Intersectionality” ဟူသောဝေါဟာရ၏ အဓိပ္ပာယ်ကို “လူမှုရေးအလွှာစဉ်များ၊ ဥပမာအားဖြင့် လူမျိုးရေး၊ ကျား/မ၊ လူတန်းစား၊ လိင်စိတ်ခံယူမှု၊ စွမ်းဆောင်ရည်နှင့် အခြားသော ကိုယ်ပိုင်လက္ခဏာဆိုင်ရာ အသွင်အပြင်တို့သည် အပြန်အလှန်သက်ရောက်မှုရှိပြီး ထူးခြားသော ခွဲခြားဆက်ဆံမှုများနှင့် အခွင့်ထူးများ၏ ဖန်တီးပုံကို နားလည်ရန် အရေးပါသော သီအိုရီဘောင်တစ်ခု ဖြစ်သည်” ဟု နားလည်တွေ့ရှိရသည်။
ကျား မ တန်းတူရေးလှုပ်ရှားမှုများတွင် နိုင်ငံရေးသဘောထားကွဲလွဲမှုကဲ့သို့ တစ်ဘက်နှင့်တစ်ဘက် မျှခြေမရှိဘဲ အဆုံးအထိ တံဆိပ်ကပ်ကြခြင်းဖြစ်သည်။ ကျားမ တန်းတူရေး ကြိုးပမ်းနေသော တချို့သောအဖွဲ့များနှင့်အမျိုးသမီးများသည် အမျိုးသားတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဖြစ်တည်မှုအပေါ် နှင့် ထိုသူ၏ လက်တွေ့ဘဝဖြတ်သန်းမှုကို အပေါ်ယံလောက်သာသိရှိပြီး ဖိုဝါဒကြီးစိုးသူဟု လွယ်လွယ်ပင် ခေါင်းစဉ်တပ် တံဆိပ်ကပ်လျက်ရှ်ိသည်။ တရားဝင်ထုတ်ဖော်ပြောကြားထားခြင်းမရှိသော အမျိုးသားတစ်ယောက်၏ လိင်စိတ်ခံယူမှု၊ တိမ်းညွတ်မှု သဘောတရားသည် အဆိုပါ သီအ်ိုရီနှင့် ချိန်ထိုးကြည့်ပါမှ (Come-out) မလုပ်ထားသော အမျိုးသားများ၏ ဖြစ်တည်မှုကို ပိုမိုနားလည်ပေးနိုင်မည်ဖြစ်သည်။
ထိုသူတို့၏ တံဆိပ်ကပ်မှုခံရသူများတွင် လက်ရှိ LGBTQ+ အရေးတွင် စိတ်ရောကိုယ်ပါ လေ့လာဆောင်ရွက်နေသူများလည်း ပါဝင်သည်၊ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဖြစ်တည်မှုအပေါ် နိုင်ငံရေးအရ အထက်တွင်ဖော်ပြခဲ့သော တံဆိပ်ကပ်မှုများကို ဝမ်းနည်းဖွယ်တွေ့ရှိရသည်။
ခြုံငုံသုံးသပ်ရလျှင် ယနေ့အချိန်ထိ ဗမာ့လူ့အဖွဲ့အစည်းသည် တစ်ဘက်နှင့်တစ်ဘက် အကြောင်းအရာ ကိစ္စတစ်ခုအပေါ်တွင် ကောင်းမွန်စွာဆွေးနွေးခြင်းမပြုဘဲ၊ နိုင်ငံရေး တံဆိပ်ကပ်မှု အဆင့်မှ တိုးတက်မလာသေးဟု ဆိုရတော့မည်။ ထိုသို့ တံဆိပ်ကပ်နိုင်ငံရေးကြောင့် လူအဖွဲ့အစည်းအတွင်း သဟဇာတ ဖြစ်မှုမှာ ဝေးကွာလာသည်၊ အလွဲလွဲ အချော်ချော် တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် စွပ်စွဲပြစ်တင်ခြင်းများဖြင့် အမုန်းတရားများသာ ဆက်လက်တိုးပွားလျက်ရှိသည်။
ထိုသို့သော အမုန်းတရားများကို လက်ရှိမျိုးဆက်အတွင်းသာ ထားခဲ့သင့်သည်။ နိုင်ငံရေး လူမှုရေးအရ အမြင်မတူမှုများကို သေချာနားထောင်ပေးရန်လိုအပ်သည်။ တစ်ဘက်နှင့်တစ်ဘက် အဆုံးစွန် နိုင်ငံရေး တံဆိပ်ကပ်သော အလေ့အကျင့်သည် စစ်အာဏာရှင်စနစ်နှင့်အတူ ထားခဲ့သင့်သော အရာဖြစ်သည်။