မဇ္ဈိမ။ ။ မြန််မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်နေမှုများကို ဆန့်ကျင်သည့် ဆန္ဒပြလှုပ်ရှားမှုများကို အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ စသည့်နိုင်ငံများတွင် ပြုလုပ်ခဲ့ကြကြောင်း Global Actions Against China’s Meddling in Myanmar အဖွဲ့၏ စည်းရုံးရေးမှူးတဦးဖြစ်သည့် ဒေါ်ခင်သီရိနန္ဒာစိုးက ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာစစ်ကောင်စီအပေါ် ပြုလုပ်နေသည့် အထောက်အပံ့အားလုံး ရပ်စဲရန်၊ အကြမ်းဖက်မှုများကို အားပေးအားမြှောက်ပြုလုပ်နေခြင်းများ ရပ်တန့်ပြီး စစ်ကောင်စီ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် ရည်ရွယ်၍ GAACMM လှုပ်ရှားမှုကို ပြုလုပ်ခြင်းဖြစ်ကြောင်း ဒေါ်ခင်သီရိနန္ဒာစိုးက မဇ္ဈိမကို ပြောသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှုနှင့် ပြည်သူများ၏ အလိုဆန္ဒကိုလေးစားရန်၊ မြန်မာပြည်ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံနှင့် ခိုင်မာသောဆက်ဆံရေးတည်ဆောက်နိုင်ရေးကိုတောင်းဆိုရန်၊ တရုတ်ပြည်၏ နိုင်ငံရေးရပ်တည်မှု အနေအထားနှင့် မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို ပြောင်းလဲပြီး မြန်မာပြည်သူများဘက်မှ ထောက်ပံ့ကူညီရန် တရုတ်အစိုးရထံ အကြံဉာဏ်ပြုခြင်းများ လုပ်ဆောင်သွားမည်ဟုလည်း ဒေါ်ခင်သီရိနန္ဒာစိုးက ဆိုသည်။
“ မဖြစ် ဖြစ်လာအောင် အဆင့်ဆင့်လုပ်ဆောင်သွားရပါမယ်။ နောင်မျိုးဆက်အတွက် လွတ်လပ်ပြီး မတရားဖိနှိပ်မှုတွေမရှိဘဲ ငြိမ်းချမ်းတဲ့အနာဂတ်ကို တည်ဆောက်ဖို့ရာမှာ ဒီလိုလူထုလှုပ်ရှားမှု လူထုအားကသာ အဓိကအကျဆုံး အရေးကြီးဆုံးဖြစ်ပါတယ်” ဟု ဒေါ်ခင်သီရိနန္ဒာစိုးက မဇ္ဈိမကို ပြောသည်။
GAACMM လှုပ်ရှားမှုနေ့အဖြစ် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို၊ ဝါရှင်တန်ဒီစီ၊ လော့စ်အန်ဂျလီ၊ ဖို့တ်ဝိန်း(Fort Wayne)၊ ကနေဒါ၊ သြစတြေးလျ စသည့်နိုင်ငံများတွင် ပြည်ပရောက်မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများက ဒေသစံတော်ချိန် ဒီဇင်ဘာ ၇ ရက်နေ့တွင် ဆန္ဒပြလှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။
“ ကျွန်တော်တို့က တရုတ်နိုင်ငံကို ဆန့်ကျင်တာမဟုတ်ဘူး။ တရုတ်ကွန်မြူနစ်ပါတီကို ဆန့်ကျင်တာ မဟုတ်ဘူး၊ ရှီကျင့်ဖျင်ရဲ့ ပေါ်လစီကို ဆန့်ကျင်တာဖြစ်တယ်။ ရှီကျင့်ဖျင်ရဲ့ ပေါ်လစီက မြန်မာပြည်ကို ပြောင်းလဲသွားတဲ့အတွက် စစ်အာဏာရှင်နဲ့ ပူးပေါင်းလိုက်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ရှီကျင့်ဖျင်ရဲ့ ပေါ်လစီကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်တာဖြစ်တယ်။ ပြည်သူလူထုရဲ့ ဆန္ဒကို ကျောခိုင်းပြီး Criminal မင်းအောင်လှိုင်နဲ့ ပေါင်းလိုက်တဲ့အတွက်ကျွန်တော်တို့က China ရဲ့ ပေါ်လစီကို ဆန္ဒပြနေတာဗျ” ဟု GAACMM လှုပ်ရှားမှု ဦးဆောင်သူ ကိုကိုလေးကလည်း ဆန်ဖရန်စစ်စကို ဆန္ဒပြပွဲတွင် ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ဒီမိုကရေစီအရေးလိုလားသည့် အင်အားစုများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အပြုသဘောဆောင် ချိတ်ဆက်ရန်နှင့် မြန်မာပြည်သူပြည်သားများ၏ ဆန္ဒကို လေးစားပြီး မြန်မာပြည်သူများအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် GAACMM က တောင်းဆိုသည်။