မဇ္စျိမ။ ။မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာရှိ စစ်ကောင်စီတပ်အထိုင်စခန်းမှ စစ်သားနှင့် ပျူစောထီးပူးပေါင်းအဖွဲ့သည် စစ်ဘေးရှောင်များထံမှ ရွှေနှင့် ငွေသားများ အကြမ်းဖက်လုယူသွားကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာလ ၂၄ ရက် မွန်းလွဲ ၁၂ နာရီဝန်းကျင်က စစ်ဘေးရှောင်အများစုနေထိုင်သည့် ဘုန်းကြီးကျောင်း များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
“ရွာထဲဝင်လာကတည်းက သေနတ်တွေပစ်ဖောက်ပြီး ဝင်လာတယ်။ အမျိုးသမီးတွေဆို နားကနားကပ်ပါ မကျန် အကုန်ချွတ်ယူသွားတယ်။ အိပ်သွန်ဖာမှောက် အကုန်လှန်လှောပြီးရှာတယ်။ ထမိန်ခေါက်ထဲထည့် ထားတဲ့ပိုက်ဆံပါမကျန် အကုန်ယူသွားတယ်။ လာတုန်းက ခြေလျင်လာပြီး ပြန်တော့ တွေ့သမျှဆိုင်ကယ် တွေစီးပြီး ပြန်သွားတယ်” ဟု မျက်မြင်ကြုံတွေ့ခဲ့ရသည့် ခင်မကန်ရွာသားတဦးကဆို သည်
လယ်သစ်ကျေးရွာအထိုင်တပ်စခန်းမှ စစ်ကောင်စီတပ်က ခန့်မှန်းအင်အား ၃၀ ခန့်ဖြင့် စံပြ၊ သဲတောနှင့် ခင်မကန်ကျေးရွာများကို ရုတ်တရက်ဝင်ရောက်လာပြီး စစ်ဘေးရှောင်များထံမှ ရွှေ၊ ငွေသားနှင့် အခြား တန်ဖိုးရှိပစ္စည်းများ လုယူသွားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ကျေးရွာများသည် ကာကွယ်ရေးတပ်ဖွဲ့များ စိုးမိုးထားနိုင်ခြင်းမရှိသေးသည့် အတွက် စစ်ကောင်စီတပ်က အချိန်မရွေးဝင်ထွက်ကာ ဒေသခံများထံမှ ပစ္စည်းဥစ္စာများ လုယက်နေခြင်း ဖြစ်ကြောင်း သိရသည်။
“တော်လှန်ရေးအင်အားစုတပ်တွေ စိုးမိုးထားနိုင်တဲ့ အခြေနေမရှိဘူး။ စစ်တပ်အထိုင်စခန်းနဲ့နီးပေမဲ့ ကင်း စောင့်ဆိုတာလည်း မရှိသလောက်ပါပဲ။ ဒါကြောင့် ရွာထဲဝင်လာရင် ဘာမှန်းကို မသိလိုက်ရတာမျိုးပါ။ ဒါရောဆို ဒီလိုမျိုးဖြစ်စဉ် နှစ်ကြိမ်ရှိပါပြီ” ဟု ဒေသခံ အမျိုးသားတဦးက မဇ္စျိမကို ပြောသည်။
အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် လယ်သစ်အထိုင်တပ်စခန်းမှ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေ ခြင်းကြောင့် သဲတော၊ စံပြ၊ ခင်မကန်ကျေးရွာများမှ ဒေသခံ ၃,၅၀၀ ခန့် နေရပ်စွန့်ခွာ စစ်ရှောင်နေရ ကြောင်း သိရသည်။
စာတည်း။ ။စောဖေ