စစ်ကိုင်းတိုင်း ဘုတလင်မှာ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့စစ်အုပ်စုဟာ စီပါရွာကျေးရွာကို စီးနင်းပြီး မပြေးနိုင်တဲ့ အဖိုးအိုနဲ့ စိတ်မနှံ့သူတွေ အပါအဝင် ဒေသခံ ခြောက်ဦးကို သတ်ဖြတ်ကာ တချို့ကို ခေါင်းဖြတ်ပြီး ခြံစည်းရိုးမှာ ချိတ်ဆွဲထားခဲ့ပါတယ်။
အသတ်ခံရတာက အမျိုးသား ခြောက်ဦးပါ။ စိတ်မနှံ့တာက တယောက်ပါတယ်။ သုံးယောက်က ခြေဖြတ် လက်ဖြတ် အူနှုတ် ခေါင်းဖြတ်ပြီး ဝန်းထရံတွေမှာ ချိတ်ဆွဲပြီး ကျန်တဲ့ သုံးယောက်ကိုတော့ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။ ဒါ့အပြင် စစ်အုပ်စုက တနေကုန်၊ တညလုံး မီးရှို့လို့ စီပါ ကျေးရွာအတွင်း နေအိမ် ၃၀၀ ခန့် ပြာကျပျက်စီးခဲ့တယ်တယ်။ စစ်အုပ်စု သတ်ဖြတ်သွားတဲ့ အလောင်းတွေထဲ နှစ်ဦးကတော့ အသက် ၅၀ ခန့်အရွယ်တွေ ဖြစ်ကြပြီး စိတ်ကျန်းမားရေး ချို့တဲ့သူ ဘုန်းကြီးကျောင်းမှာ နေထိုင်တဲ့ ကပ္ပိယနဲ့ အသက် ၈၀ ခန့်အရွယ် အဘိုးအိုတို့ ပါဝင်တယ်။
အောက်တိုဘာလ ၁၂ ရက်က ဘုတလင်မြို့ပေါ်ကနေ စတင်ထွက်ခွါတဲ့ စစ်အုပ်စု စစ်ကြောင်းက ဝင်သမျှရွာတွေကို မီးရှို့ထားခဲ့တာ ဖြစ်ပါတယ်။ ကလေးသူငယ်တွေ အပါအဝင် ဒေသခံပြည်သူ ၂၀ ထက်မနည်းကို သတ်ဖြတ်ထားပြီး ဖြစ်သလို ကျေးရွာ ငါးရွာထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးထားတယ်။ ဒါ့အပြင် စစ်အုပ်စုက စစ်ကြောင်းတလျှောက်မှာ ပြည်သူ ၅၀ ခန့်ကို ဓားစားခံ လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်သွားပြီး ခဲယမ်းပစ္စည်းတွေကို သယ်ဆောင်ခိုင်းနေသလို တချို့အမျိုးသားတွေဆိုရင် စစ်အုပ်စုက သူတို့ရဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေကိုလည်း ဝတ်ခိုင်းထားတယ်။
စစ်အုပ်စု ဟာ လက်ရှိအချိန်ထိ ဘုတလင်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊လုယက်၊ မီးရှို့ နေဆဲ ဖြစ်ပြီး စစ်အုပ်စု ရန်ကြောင့် ဘုတလင်မြို့ပေါ်မှာ နေထိုင်သူတွေ အပါအဝင် ထောင်သောင်းချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးနေရပါတယ်။