စစ်ကိုင်းတိုင်း ၊ ဘုတလင်နယ်ထဲကို နေ့စဉ်နီးပါး စစ်ကြောင်းထိုးသောင်းကျန်းနေတဲ့စစ်အုပ်စုရဲ့ ဖမ်းဆီးသတ်ဖြတ် တာခံရတဲ့ ဒေသခံပြည်သူ ၁၄ ဦး အထိ ရှိလာနေပါပြီ။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်မှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ( မုံရွာ-နမခ) ထဲက ထွက်လာပြီး ဘုတလင်နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ အင်အား ၈၀ ခန့်ပါ စစ်အုပ်စုဟာ အောက်တိုဘာလ ၉ ရက်မှာ ဘုတလင် မြို့ပေါ် ဝင်ရောက်လာပြီး မြို့ပေါ် ရပ်ကွက်တွေနဲ့ မြို့အနီးဝန်းကျင် ကျေးရွာတွေကိုစီးနင်းကာ ပြည်သူတွေကို အကြောင်းမဲ့ သတ်ဖြတ်နေခဲ့တာဖြစ်ပါတယ်။ထိုစစ်အုပ်စုဟာ ဘုတလင်မြို့ပေါ်မှာ ဗန္ဓုလ ကွက်သစ်ရပ်ကွက်ထဲက ကုန်စုံဆိုင်ပိုင်ရှင်အပါအဝင် မိသားစုဝင် ခြောက်ဦးကို ဖမ်းဆီးသတ် ဖြတ်ခဲ့သလို မြောက်ကြည်ရွာက ပြည်သူ ခုနစ်ဦးကိုလည်း အဲဒီနေ့မှာပဲ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်။ ဒေသခံ ပြည်သူ ၅၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး အမျိုးသမီးတွေကို လူသား ဒိုင်း အဖြစ် ရှေ့တန်းတင်ကာ စစ်ကြောင်းဆက်ထိုးနေတယ်။
စစ်အုပ်စုဟာ ဘုတလင်မြို့တွင်း အခုလို စစ်ကြောင်းထိုးဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်၊ ရွာစဉ်လှည့် လုယက်သောင်းကျန်းနေတာဟာ စက်တင်ဘာလ ၃၀ ရက်က ကူတော်ရွာရဲစခန်းကနေ ဘုတလင်မြို့ ကို ထွက်လာတဲ့ စစ်အုပ်စုအင်အား ၉၀ ခန့်ကို တော်လှန်ရေးအဖွဲ့တွေက စစ်ကြောင်းတစ်ခုလုံး တိုက်ခိုက်သိမ်း ပိုက်လိုက်တာကြောင့် အခဲမကြေဖြစ်ပြီး တုံ့ပြန်ရမ်းကားနေတာပါ။
လက်ရှိမှာ စစ်အုပ်စုက အခုလို ရမ်းကားသောင်းကျန်းနေတာကြောင့် ဘုတလင်နယ်ရှိ ကျေးရွာတွေက ပြည်သူတွေ စစ်အုပ်စုစစ်ကြောင်းကနေ ဘေးလွတ်ရာကို ရှောင်ရှားနေကြရတယ်။