တရုတ်အစိုးရရဲ့ ရပ်တည်ချက်တွေမှာ အဓိကအချက်တစ်ခု ကျန်ပါသေးတယ်။ အဲ့ဒါကတော့ မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံကို ထူထောင်ထားသူဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရသို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက စစ်တပ်ကို အစားထိုးဝင်ရောက်၍ မရနိုင်ကြောင်း၊ စစ်တပ်ပြိုကျပြီး အနောက်နိုင်ငံများနှင့် နီးစပ်သည့် NUG နှင့် PDF အုပ်စုများ အနိုင်ရသွားမည်ကို တရုတ်ကလုံးဝလက်ခံ မည်မဟုတ်ကြောင်းတွေ့ဆုံပွဲမှာထည့်သွင်းပြောကြားသွားတာပဲ။ ဒါကိုကြည့်ခြင်းအားဖြင့် တရုတ်ဟာစစ်ကောင်စီဘက်မှာ ပြတ်ပြတ်သားသားရပ်တည်လိုက်ပြီလို့ ဆိုနိုင်တယ်။ NUG PDF ကိုလုံးဝလက်မခံကြောင်း ထုတ်ပြောထားတယ်။ အရင်က တရုတ်ဟာ မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကြိုးပမ်းခဲ့ပေမယ့် အခုတော့ဒါကိုစွန့်လွတ်လိုက်ပြီလို့ ဆိုနိုင်တယ်။
သိရတဲ့ ထိုအချက်အလက်တွေရဲ့ အကျိုးဆက်က တော်လှန်ရေးအပေါ် အကျိုးသက်ရောက်မှု ကြီးမားပါတယ်။ နိုင်ငံရေး တော်လှန်ရေး စစ်ရေးခေါင်းဆောင်တွေ ဘာဆက်လုပ်ကြမလဲ တကယ့်ကို အကြပ်အတည်းပါပဲ။ ဒီနေ့ ဒီချိန်မှာ ဘာဆက်လုပ်ကြမလဲဆိုတာ နိုင်ငံရေး စစ်ရေး တော်လှန်ရေးခေါင်းဆောင်တွေ အဖက်ဖက်က တွက်ချက် ဆုံးဖြတ်ရတော့မယ့်အကြပ်အတည်းအချိန် ဖြစ်နေပြီဖြစ်တယ်။ အရှိန်အဟုန် ပြင်းပြင်း အမြစ်ပြတ်အောင် တပြိုင်တည်း ဆက်တော်လှန်ယုံမှတပါး တော်လှန်ရေးဘက်ခြမ်းမှာ ရွေးချယ်စရာ မရှိပါဘူး။တရုတ်ဖိအားကို ဒီတကြိမ် ငြိမ်ခံလိုက်ရင် တရုတ်ဖိအားကိုရော စစ်ကောင်စီရဲ့ စစ်ရေးဖိအားကိုပါ နောက်တချိန်လုံး ခံစားရတော့မှာမို့ ဆိုင်ရာခေါင်းဆောင်တွေ ဆုံးဖြတ်ချက် မှန်ဖို့မျှော်လင့်ပါတယ်။