MNDAAက ထုတ်တဲ့စာနဲ့ပတ်သက်ပြီး တချက်ချင်းဆီသုံးသပ်ရရင်တော့ NUGနဲ့မပတ်သတ်ဘူးလို့ပြောတာဟာ တရုတ်အလိုကျပြောရတာပါ။တကယ်မြေပြင်မှာNUGနဲ့ ပတ်သတ်ဆက်နွယ်မှုတွေ အများကြီးရှိနေပါတယ်။အနည်းဆုံးတော့ NUGကMNDAAကို လူအင်အားထောက်ပံပေးထားပြီးMNDAAက NUGကိုလက်နက်အင်အား ပြန်ထောက်ပံပေးထားပါတယ်။စစ်ရေး၊နိုင်ငံရေး သဘောတူညီချက်တွေလဲရှိထားတယ်လို့ သိရတယ်။ဒါပေမယ့်တရုတ်က မပတ်သတ်စေချင်ဘူးဆိုတော့လဲ တရုတ်အလိုကျစာထုတ်ပေးလိုက်တဲ့သဘောပါပဲ။
မန္တလေးနဲ့တောင်ကြီးကို မတိုက်ဘူးဆိုတာကလဲ ထိုမြို့တွေMNDAAကတိုက်ခိုက်မယ်လို့ ဘယ်တုန်းကမှာပြောကြားခဲ့ခြင်းမရှိခဲ့ပါဘူး။ပြီးတော့MNDAAရဲ့ အဓိကခြေကုတ်နယ်မြေဟာ ရှမ်းမြောက်နဲ့တရုတ်နယ်စပ်က လောက်ကိုင်နဲ့ ကြူကုတ်ပန်ဆိုင်းဒေသတွေပါ။အခုလာရှိုးထိတောင် သိမ်းပိုက်လာနိုင်တဲ့အတွက် သူတို့ရဲ့နယ်မြေဟာလိုအပ်တာထပ်တောင် ကြီးမားကျယ်ပြန့်နေပါပြီ။မန္တလေးကိုဖစ်ဖြစ် ရှမ်းတောင်ကိုဖြစ်ဖြစ် ဆက်လက်တိုက်ခိုက်မယ်ဆိုရင် အခြားတော်လှန်ရေးအဖွဲ့တွေနဲ့ နယ်မြေအငြင်းပွားမှုတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်တရုတ်က ဖိအားမပေးလဲMNDAAဟာ မန္တလေးနဲ့တောင်ကြီးကိုသူတို့ကိုယ်တိုင် တိုက်ခိုက်ဖို့အလားအလာနည်းပါတယ်။ဒါပေမယ့် တကယ်တိုက်မယ့်အဖွဲ့တွေကို နောက်ကလိုအပ်တာတွေ ထောက်ပံပေးတာမျိုးတော့ဖြစ်နိုင်တယ်။စာထဲမှာလဲ မတိုက်ဘူးလို့ရေးထားတာပါ။မထောက်ပံပါဘူးလို့ ရေးမထားပါဘူး။
ပြီးတော့ကိုယ့်ကိုကိုယ်ခုခံပိုင်ခွင့်ကို ကိုင်ဆွဲထားတယ်ဆိုတာက စစ်ကောင်စီလာတိုက်ရင်တော့ ပြန်တိုက်ရမယ်လို့စကားခံထားတာပါ။MNDAAကငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ ပြောလိုက်ပေမယ့်စစ်ကောင်စီကတော့ ဘယ်တော့မှဆွေးနွေးမှာ မဟုတ်ပါဘူး။အနည်းဆုံးတော့ သိမ်းထားတဲ့မြို့ရွာတွေကို လေကြောင်းကဗုံးကြဲနေဦးမှာပဲ။အခုလဲကြဲနေတာပါပဲ။ဒါကြောင့်စစ်ကောင်စီက အပစ်မရပ်ရင် MNDAAက ပြန်လည်တိုက်ခိုက်နိုင်ခွင့်ရှိတယ်လို့ စကားခံထားတာပါ။
ထိုစာထုတ်သည်ဖြစ်စေ၊မထုတ်သည်ဖြစ်စေ MNDAAဟာ လားရှိုးနဲ့လောက်ကိုင်လို မြို့ကြီးတွေကိုသိမ်းပိုက်ထားနိုင်တာကြောင့် ထိုးစစ်တွေရပ်ထားပြီးအုပ်ချုပ်ရေးနဲ့ ပြန်လည်ထူထောင်ရေးကို ဦးစားပေးလုပ်ကိုင်နေပါတယ်။ထိုအလုပ်တွေအတွက် တရုတ်ရဲ့အကူအညီအများကြီးလိုတယ်။ဒါ့ကြောင့်တရုတ်စိတ်ကြိုက်ဖြစ်စေမယ့် စာမျိုးထုတ်ပြန်ရတာဖြစ်မယ်လို့ ထင်မိတယ်။