စစ်ကောင်စီဟာ နိုင်ငံရဲ့နေရာဒေသ အများအပြားမှာ အတင်းအကြပ် ပေါ်တာဆွဲ လူသစ်စုဆောင်းမှုတွေ လုပ်နေတာဟာ အင်မတန် ကြောက်ဖို့ကောင်းလာပါပြီ။
အခုလက်ရှိမှာ တော်လှန်ရေးတပ်ပေါင်းစုတွေ သိမ်းထားတဲ့ မြို့ပေါင်း ၈၀ ခန့် ရှိလာပါပြီ။ နှစ်ဖက်တပ်တွေ အကြိတ်အနယ်ဖြစ်ပြီး တိုက်ပွဲပြင်းထန်နေတဲ့မြို့က ဆယ်နဲ့ချီရှိနေတယ်။ ဒီကြားထဲ တိုက်ပွဲမပြင်းထန်ပေမယ့် ဆိုင်ထားကြပြီး ပိတ်ဆို့ခံထားရတဲ့မြို့တွေလည်းမနည်းဘူး။ စစ်တပ်ဟာ တနိုင်ငံလုံးမှာ နေ့စဥ်တိုင်းမှာ တပ်စခန်းများစွာ တပြိုင်တည်း တိုက်ခိုက်ခံနေရတယ်။ ဒါ့ကြောင့် စစ်ကောင်စီတပ်ရဲ့ စစ်အင်အား လိုအပ်ချက်က ထောင်သောင်းချီမက လိုအပ်နေတယ်လို့ ပြောနိုင်တယ်။
စစ်ကောင်စီ လုပ်ဆောင်နေတာတွေက ဘာလို့ ကြောက်ဖို့ကောင်းလဲဆိုတာ ဒီရက်တွေထဲ သတင်းတွေအရဆို စစ်ကောင်စီဟာ အံ့သြဖို့ကောင်းအောင်ထိ စစ်အင်အားတွေ ဖြည့်တင်းနေတယ်။ ရှမ်းမြောက်ကို ပြန်တိုက်ဖို့ ထောင်ဂဏန်း အင်အားဖြည့်နေတယ်။ တောင်ခမ်းကို ရာချီ စစ်ကူပို့နေတယ်။ ရှမ်းတောင်မှာလည်း အင်အားပြန်စုထားတာ ရှိသလို ကရင်နီမှာလည်း စစ်အင်အား တိုးချထားတယ်။ ရခိုင်ကိုလည်း လေကြောင်းကနေ စစ်ကူတွေ ပို့တယ်။ ကရင်ထဲမှာလည်း စစ်ကူပို့ထားသလို ပဲခူးတိုင်းထဲမှာလည်း တပ်တွေဆိုင်ထားတယ်။တနင်္သာရီတိုင်းထဲမှာလည်း အင်အားတွေ တိုးချပြီး စစ်ကြောင်းတွေ ထိုးဖို့ပြင်နေတယ်။ စစ်ကိုင်းတိုင်းထဲ မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ပင်လည်ဘူး ထီးချိုင့်အပါအဝင် မြို့များစွာ စစ်ကူပို့နေတယ်။
နေ့တိုင်း အတုံးအရုန်း သေနေတဲ့စစ်တပ်က နေရာတိုင်း စစ်ကူပို့နိုင်နေပြီး နေရာတချို့မှာပါ အင်အားဖြည့်ပြီး စစ်ကြောင်းပြန်ထိုးဖို့ လုပ်နိုင်နေတယ်ဆိုတာ အဲဒါတွေက စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိတဲ့ ဒေသထဲလူတွေက တကယ်ကြောက်သင့်တယ်။ စစ်တပ်ဟာ ဒီလောက်များပြားတဲ့ တပ်အင်အားအရေအတွက် ရဖို့အတွက်ဆိုရင် လူထုတ်တဲ့စက် ရှိနေတာမဟုတ်ပဲ သူထိန်းချုပ်ထားတဲ့ဒေသထဲက လူတွေကို စစ်မှုထမ်းဆင့်ခေါ်တာနဲ့ ပေါ်တာဆွဲပြီး ရယူနေတာပါ။ စစ်ကောင်စီကသာ စစ်မှုထမ်းဆင့်ခေါ်တာ တလကို လေးထောင်ကျော် ငါးထောင်နီးပါးလို့ ပြောနေပေမယ့် စစ်မှုထမ်းဆင့်ခေါ်တာမဟုတ်ပဲ ပေါ်တာဆွဲပြီး စုဆောင်းထားတဲ့ လူအင်အားက သောင်းချီ ရှိနေလိမ့်မယ်။ ကိုယ့် ဆန္ဒမပါပဲ စစ်တပ်ထဲရောက်ပြီး ရှေ့တန်းရောက်ကာ သေနေကြတာလည်း မနည်းပါဘူး။ဒါတွေကိုကျော်လွားဖို့ဆိုရင် စစ်ရေးကို အရှိန်မြင့်တင်ယုံမှတပါး အခြား မတွေ့မိပါဘူး။တော်လှန်ရေးဟာ ကြာနေလို့ ကောင်းတာတခုမှ မရှိဘူး။