ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပျက်နေသည်များကို သိသည်ဟုပြောသူ အများအပြားရှိသော်လည်း ကြေညာချက်များ၊ တန်ပြန်ကြေညာချက်များနှင့် အမျိုးမျိုးသော ကိန်းဂဏန်းများကို အကဲဖြတ်ရပါက မည်သူမှ အမှန်တကယ် မသိဘဲ လူအများစုသည် အမှန်တရား အနည်းငယ်နှင့် ရောနှောပြီး အခြေအနေကို ၎င်းတို့အမြင်တူသူများ စုဝေးကာ စိတ်ကြိုက်မှန်ဘီလူးဖြင့် ရှုမြင်နေခြင်းသာ ဖြစ်သည်။
ပြီးခဲ့သည့် မတ်လအတွင်း စာရေးသူသည် ဧရာဝတီ သတင်းဌာနတွင် “စစ်ကောင်စီက ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လုံးကို လူမျိုးရေးနှင့် လှည့်တိုက်နေ” ခေါင်းစဉ်ဖြင့် အတွေးအမြင်ဆောင်းပါးတပုဒ် ရေးသားခဲ့သည်။
ဆောင်းပါး နောက်ဆုံးအပိုဒ်တွင် စာရေးသူက “စစ်ရေးအရ အကြီးအကျယ် ရှုံးနိမ့်ရန် နီးကပ်လာသောကြောင့် ရခိုင်ပြည်နယ်တွင် ဆက်လက် ရပ်တည်နိုင်ရန် အပြင်းအထန် ကြိုးစားရင်း စစ်ကောင်စီသည် လူမျိုးရေးသွေးကွဲမှုကို မြန်နိုင်သမျှ အမြန်ဆုံး မီးထိုးပေးနေသည်။ မေးစရာရှိသည့် မေးခွန်းမှာ ရခိုင်များနှင့် ရိုဟင်ဂျာများအကြား ပြန်လည်သင့်မြတ်မှုသည် မည်မျှအထိ နက်ရှိုင်းသနည်း၊ စစ်ကောင်စီ၏ ကစားကွက်ကို မည်သည့် အတိုင်းအတာအထိ သိမြင်ပြီး ပယ်ချနိုင်သနည်း။ စစ်ကောင်စီ၏ ရုပ်သေးရုပ်အဖြစ် သူတို့ကိုယ်သူတို့ မည်မျှလောက် ခွင့်ပြုမည်နည်းဆိုသည့် မေးခွန်းသာဖြစ်သည်” ဟု ရေးသားခဲ့သည်။
လူမှုကွန်ရက်အရ အကဲဖြတ်ရမည်ဆိုပါက စစ်ကောင်စီ ရည်မှန်းချက် အောင်မြင်သည်။ အစွန်းရောက် အငြင်းပွားဖွယ် အမြင်များ လွှမ်းမိုးနေပြီး အလယ်အလတ် အာဘော်များကို ချိုးနှိမ်ထားသည်။ ထိုအချက်သည် စစ်ကောင်စီ၏ ရည်မှန်းချက်ဖြစ်ပြီး ၎င်းတို့သည် စိတ်ဓာတ်စစ်ဆင်ရေးလုပ်သည့် အတွေ့အကြုံ နှစ်ပေါင်း ၇၀ ရှိသည်။
လူမှုကွန်ရက် X မှ ပို့စ် အများအပြားက အာရက္ခတပ်တော် (AA) ကို လူမျိုးတုံးသတ်ဖြတ်မှု အပါအဝင် ၎င်းတို့ စဉ်းစားရသမျှ ရာဇဝတ်မှုများဖြင့် စွပ်စွဲကြပြီး စစ်ကောင်စီကျူးလွန်သည့် ရာဇဝတ်မှုများကို ဖော်ပြရန် မသိချင်ယောင်ဆောင်ကာ ပျက်ကွက်သည်။ ထိုအသုံးပြုသူ အကောင့်များအနက် အချို့သည် စစ်ကောင်စီထိန်းချုပ် X အကောင့်များ ဖြစ်သည်ဟုပင် သံသယဝင်ရသည်။ ကံမကောင်း အကြောင်းမလှသည့် အချက်မှာ အဝေးရောက် ရိုဟင်ဂျာများနှင့် တက်ကြွလှုပ်ရှားသူများက ထိုပို့စ်များကို သံယောင်လိုက်ပြီး AA ကို တင်းမာမှုမြင့်မားစေသည့် လူမျိုးရေးပို့စ်များ ဒေါသဖြင့် တုံ့ပြန်သည်။
ဘက်အားလုံးတွင် စာနာမှု၊ နားလည်မှု မရှိဖြစ်နေသည်။ စာနာမှုဟု ရေးသောကြောင့် ကရုဏာဟု ဆိုလိုခြင်း မဟုတ်သော်လည်း စာနာမှုသည် ကရုဏာကို ဖြစ်စေနိုင်သည်။ စာရေးသူ ဆိုလိုသည်မှာ အခြားသူတဦး၏နေရာမှ ခံစားကြည့်ခြင်းနှင့် ထိုသူများ မည်သို့ခံစားရမည်၊ စဉ်းစားမည်၊ မည်သည့်အရာများက ၎င်းတို့အား မည်သို့ စေ့ဆော်မည်ကို နားလည်ရန် ကြိုးစားခြင်းသာဖြစ်သည်။ အခြားသူတဦး၏ ခံစားချက်၊ အတွေးများနှင့် အတွေ့အကြုံများကို နားလည်ခြင်း၊ သိရှိခြင်း၊ ခံစားသိလွယ်ခြင်းနှင့် ဆန္ဒပြင်းပြစွာ ခံစားကြည့်ခြင်းဖြစ်သည်။
အပြင်းအထန် သဘောထားကွဲလွဲသူ ရှိနိုင်သော်လည်း စာနာမှုသည် တစုံတဦးအနေဖြင့် အခြားသူများကို မည်သို့တုံ့ပြန်ရမည်ဖြစ်ကြောင်း ပိုမိုကောင်းစွာ သေနင်္ဂဗျူဟာ ချမှတ်ပေးနိုင်သည်။ ယခုလွှမ်းမိုးနေသည့် စိတ်လိုက်မာန်ပါ ရှုတ်ချသည့် နည်းလမ်းသည် အလယ်အလတ်အာဘော်များ ချိုးနှိမ်လိုက်ပြီး ပြည်သူများကို ချောင်ပိတ်မိနေသော နေရာမှ ထွက်ပေါက်ရှာစေတတ်သည်။ အထူးသဖြင့် ၎င်းတို့သည် မာနကြီးပြီး အမျိုးသားရေးဆန်ပါက ထိုသို့ ပိုမိုဖြစ်စေနိုင်သည်။
စစ်ကောင်စီ၏နည်းလမ်းမှာ “ငါတို့ လိုချင်တာကို ငါတို့မရနိုင်ရင် အဲဒါကို ရုပ်ပိုင်းအရ၊ လူမှုပိုင်းအရ ဖျက်ဆီးပစ်မယ်” ဆိုသည့် နည်းလမ်းဖြစ်သည်။
စစ်ကောင်စီသည် ဘူးသီးတောင်နှင့် စစ်တွေတွင် ရိုဟင်ဂျာများ AA ကို ဆန့်ကျင်ရန် အတင်းအကျပ် လုပ်ခြင်းဖြင့် စတင်သည်။ ထိုသို့ လုပ်ခြင်းကြောင့် အတင်းအကျပ် လုပ်ခိုင်းသည်ဆိုသည့် အချက်ကို လျစ်လျူရှုသည့် ရခိုင်အများအပြားကို ဒေါသထွက်စေသည်။ ထိုသို့ ဒေါသထွက်သူများတွင် AA ခေါင်းဆောင်ပိုင်းပင် ပါဝင်ပုံရသည်။
ထို့နောက် စစ်ကောင်စီသည် အလုပ်တမျိုး အပြောတမျိုးလုပ်ပြီး နိုင်ငံသားအဖြစ် ၎င်းတို့ အသိအမှတ်မပြုရုံသာမက လက်တွေ့တွင် ၂၀၁၇ ခုနှစ်က သုတ်သင်ရှင်းလင်းရန်ပင် ကြိုးစားခဲ့သည့် ရိုဟင်ဂျာများကို အတင်းအကျပ် စစ်သားစုဆောင်းသည်။ ထိုသို့လုပ်သောကြောင့် ရိုဟင်ဂျာအများအပြားကို ၎င်းတို့ ဒေသများတွင် အကူအညီနှင့် လုံခြုံမှုပေးထားရသော AA က သစ္စာဖောက်ခံရသည်ဆိုသည့် ခံစားမှု ပိုမြင့်မားစေသည်။
ရိုဟင်ဂျာအချို့ စစ်တပ်သို့ ဆန္ဒအလျောက် ဝင်ရောက်သည်ဆိုသည့် အဆင်မပြေလှသော အမှန်တရားသည် တင်းမာမှုကို မလျော့ကျစေသလို AA ခေါင်းဆောင် ထွန်းမြတ်နိုင်၏ လူမှုကွန်ရက် ရေးသားချက်များကလည်း ဒေါသအပြင် စာနာမှု လိုနေခြင်းကို ဖော်ပြသည်။
ရိုဟင်ဂျာတို့သည် မြန်မာတွင် ဒုက္ခခံစားရသည်။ စစ်အုပ်စုအဆက်ဆက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရခိုင်များနှင့် ဖိနှိပ်ရာတွင် တက်ကြွစွာပါဝင်ခြင်း မရှိသော်လည်း ၎င်းတို့ကို လျစ်လျူရှုသူများကြောင့် အများအပြားက ယခုတော်လှန်ရေးသည် ၎င်းတို့၏ တော်လှန်ရေးဟု မခံစားကြပေ။ ရိုဟင်ဂျာတဦးက လူမှုကွန်ရက်တွင် “ဘာတော်လှန်ရေးလဲ” ဟုမေးသည်။
ထိုကိစ္စမှာ ရိုဟင်ဂျာအချို့အတွက် ၎င်းတို့အကောင်းဆုံး ဖြစ်သည်ဟု ထင်သည့်လမ်းကို ရွေးချယ်ရသည့် ကိစ္စသာဖြစ်သည်။ အချို့က စစ်ကောင်စီနိုင်မည်၊ စစ်ကောင်စီသည် ၎င်းတို့ကို စားစရာ၊ စစ်ဝတ်စုံနှင် လက်နက်များပေးသည်ဟု ထင်ကြသည်။
AA ခေါင်းဆောင်မှု၏ အမြင်မှ ကြည့်ပါက ၎င်းတို့သည် ရိုဟင်ဂျာများကို လူသားချင်းစာနာမှု အကူအညီနှင့် အကာအကွယ် ပေးထားသော်လည်း ရိုဟင်ဂျာအချို့က စစ်တပ်နှင့်ပေါင်းပြီး သူတို့ကို တိုက်သောအခါ သစ္စာဖောက်ခံရသည်ဟု မြင်ကြသည်။
ရိုဟင်ဂျာအများစုသည် တော်လှန်ရေးကို ထောက်ခံကြပြီး AA အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့နှင့် တပ်တော်တွင်းသို့ပင် ဆန္ဒအလျောက် ဝင်ရောက်ကြသည်။ သို့သော် ထွန်းမြတ်နိုင်သည် လူမှုအသိုက်အဝန်းလိုက် အပြစ်တင်သည့် ထောင်ချောက်ထဲ ဝင်မိသွားပြီး အချို့ AA တပ်ဖွဲ့ဝင်များက ရိုဟင်ဂျာများအား ဒဏ်ခတ်မှုလုပ်သည်။
ထို့ကြောင့် အဓိကအားဖြင့် အဝေးရောက် ရိုဟင်ဂျာထံမှ ပြစ်တင်ရှုတ်ချမှုနှင့် လူမျိုးတုံးသတ်ဖြတ်မှု အပါအဝင် စွပ်စွဲချက်များ ပေါ်ပေါက်စေသည်။ ထိုသို့လုပ်ခြင်းသည် AA ခေါင်းဆောင်ပိုင်းသာမက အခြားသူများကိုပါ ပို ဒေါသဖြစ်စေသည်။
စစ်ကောင်စီက ထိုအခြေအနေကို ထပ်မံ မီးထိုးပေးပြီး မီတောက်စေမည့် ပြောဆိုချက်များကို ရိုဟင်ဂျာအမည်ခံကာ တင်သည်။ တက်ကြွလှုပ်ရှားသူအချို့က AA ကို စာနာမှု မရှိခြင်းသည်လည်း AA ဘက်က အင်အားမမျှ၊ မသင့်တော်သည့် နည်းလမ်းများကို သုံးရန် တွန်းအားဖြစ်စေသည်။ အမျိုးသားရေးဝါဒီ AA ကို ချောင်ပိတ်ခြင်းသည် ဒုက္ခမှတပါး များများရစရာ မရှိပေ။
နိုင်ငံတကာနှင့် ပြည်တွင်း လူမှုအခြေပြုအဖွဲ့အစည်းများ (CSOs) က ရိုဟင်ဂျာများကိုသာ အာရုံစိုက်မှု မြင့်မားနေခြင်းသည် ရခိုင် CSOs များကို ပစ်ပယ်ရာရောက်သည်။ ဘူးသီးတောင်ဖြစ်ရပ် မတိုင်မီကပင် ရိုဟင်ဂျာ မဟုတ်သူ ရာနှင့်ချီ၍ လေကြောင်းတိုက်ခိုက်မှုများတွင် သေဆုံးပြီး သိန်းနှင့်ချီသောသူများသည် မိုးရာသီ စတင်သောအခါ အမိုးအကာ လုံလုံလောက်လောက်မရှိ ဖြစ်နေသည်ကို နိုင်ငံတကာအဖွဲ့အစည်းများက တုံ့ပြန်မှုမရှိသည့်အပြင် မှတ်သားထားခြင်းပင် မရှိပေ။
ထိုသို့သော ဖြစ်ရပ်သည် ၂၀၁၃ ခုနှစ်ကလည်း ဖြစ်ခဲ့သည်။ ထိုစဉ်က နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများသည် ရိုဟင်ဂျာများကိုသာ အာရုံစိုက်သောကြောင့် ရခိုင်များအကြား မုန်းတီးမှု ဖြစ်စေပြီး လူမှုအသိုက်အဝန်းများအကြား ဆက်ဆံရေးကို ထိခိုက်စေသည်။ ရခိုင်များသည် ကုလသမဂ္ဂ၏ အရေးပေါ် လိုအပ်ချက်များ အကဲဖြတ်မှုကို မသိကြပေ။ ၎င်းတို့ တွေ့ကြရသည်မှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ကုန်တင်ကားများသည် ၎င်းတို့ရွာများကို ဖြတ်သန်းပြီး ရိုဟင်ဂျာများထံ သွားသည်ကိုသာ ဖြစ်သည်။
ယခုအချိန်သည် မောင်တောကို အာရုံစိုက်နေသည့် ကာလဖြစ်သည်။ မောင်တောတွင် ပိတ်မိနေသည့် ရိုဟင်ဂျာ၊ ရခိုင်၊ ဟိန္ဒူနှင့် ဒိုင်းနက်များရှိသည်။ ထိုမြို့မှလူများ ဇွန်လ ၁၄ ရက်နေ့တွင် ထွက်ခွာကြရန် AA က သတိပေးသည်။ မည်သူ့လူမျိုးဖြစ်စေ ငွေရှိသူများ ထွက်ပြေးကြသည်။ ချမ်းသာသော ရိုဟင်ဂျာအချို့သည် ရန်ကုန်သို့ပင် ပြောင်းကြသည်။ ရိုဟင်ဂျာအချို့သည် မောင်တောမြို့နယ်အတွင်း ပိုမိုလုံခြုံသော နေရာများသို့ ရွှေ့ပြောင်းပြီးဖြစ်သည်။
မေးစရာမေးခွန်းမှာ အမျိုးမျိုးသော လူမျိုးစုများမှ အချို့သူများသည် ဘာကြောင့် မောင်တောတွင် ဆက်လက် နေထိုင်နေသနည်းဆိုသည့် မေးခွန်းဖြစ်သည်။ ရိုဟင်ဂျာများ၊ ရခိုင်များနှင့် မရမာကြီးများကို စကားပြောပြီးနောက် ထိုသူများသည် သတင်းအချက်အလက် မရခြင်း၊ နေအိမ်များကို အကာအကွယ်မဲ့ စွန့်ခွာရမည်ကို စိုးရိမ်ခြင်း၊ ငွေကြေးမရှိခြင်း၊ စစ်ဆေးရေးဂိတ်များကို ကြောက်လန့်ခြင်း၊ စစ်ကောင်စီဘက်တော်သား ရိုဟင်ဂျာ တိုက်ခိုက်ရေးသမားများ သို့မဟုတ် ရန်သူဟောင်း မြန်မာစစ်တပ်ကို မှားယွင်းစွာ ထောက်ခံနေသည့် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ (ARSA) ၏ တိုက်ခိုက်ခံရမည်ကို ကြောက်လန့်ခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ကြောင်း သိရသည်။
ယေဘုယျအားဖြင့် သက်ကြီးရွယ်အိုများသည် ရွှေ့ပြောင်းရန် စိတ်အားထက်သန်ခြင်း မရှိကြပေ။ AA ဒေသတွင်းတွင် ၎င်းတို့ ထွက်ပြေးနိုင်သည့် ရိုဟင်ဂျာ ကျေးရွာများ ရှိသည်။ လက်တွေ့တွင် အချို့ ရိုဟင်ဂျာ ကျေးရွာများသည် ၎င်းတို့ရွာကို ဖြတ်သန်းသွားသူများထံမှ အခကြေးငွေ ကောက်ခံသည်။ ထိုကျေးရွာများသည် ရိုဟင်ဂျာများကိုလည်း အခကြေးငွေကောက်ခံသည် သို့မဟုတ် အခြားလူမျိုးစုများကိုသာ အခကြေးငွေကောက်ခံသည်ကို ရှင်းလင်းစွာ မသိရသေးပေ။
ယခုအခါ ပြည်သူများသည် မောင်တောတွင် ပိတ်မိနေပြီး AA က ၎င်းတို့ကို ကယ်ဆယ်ရန် ကြိုးစားနေသည်ဟု စာရေးသူ သိရသည်။
ယခုအခါ ဘင်္ဂလားဒေ့ရှ်တွင် ရောက်နေသည့် ရခိုင်သတင်းသမားတဦးက “ထွက်ပေါက်တွေကို စစ်ကောင်စီတပ်နဲ့ ရိုဟင်ဂျာ လက်နက်ကိုင်တွေက ပိတ်ထားတယ်။ တချို့ ထွက်ပေါက်တွေကို ဖေဖော်ဝါရီလ ကတည်းက ပိတ်ထားတာ။ AA က ကျီးကန်းပြင်ဌာနချုပ်ကို သိမ်းလိုက်ပြီးကတည်းက ပိုမိုတင်းကျပ်လာတာ” ဟု ပြောသည်။
ထို့ကြောင့် AA ၏ အမြင်မှ ကြည့်ပါက ၎င်းတို့သည် မောင်တောကို မလွဲမသွေ တိုက်ခိုက်ရမည် ဖြစ်သော်လည်း အရပ်သား ထိခိုက်သေဆုံးမှုကို ကန့်သတ်လိုသည်။ ထိုကိစ္စသည် မြန်မာတနိုင်ငံလုံးတွင် ထွက်ပြေးနေရပြီး ပိုမိုဘေးကင်းနိုင်သော နေရာများတွင် ယာယီခိုလှုံရာများ တည်ဆောက်နေရသည့် ကိစ္စမှာ လက်နက်ကိုင် အဖွဲ့အစည်းများ ဖြေရှင်းမရသည့် ခက်ခဲသော ပြဿနာ တခုဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် ပြည်တွင်း နေရပ်စွန့်ခွာ ၃ သန်းကျော်ရှိသည်။
ရခိုင်များနှင့် ရိုဟင်ဂျာ အများစုသည် ကုန်သွယ်ကူးလူးခဲ့ပြီး လူမှုဆက်ဆံရေးရှိကာ ငြိမ်းချမ်းစွာ နေထိုင်ခဲ့သည်ဆိုသည့် အချက်ကို မှတ်သားထားရန် လွန်စွာအရေးကြီးသည်။ လတ်တလောတွင် ဘက်အားလုံးမှ တွေ့ဆုံဆွေးနွေးရေးနှင့် နားလည်မှုရှိရေး အဆင်ပြေချောမွေ့စေရန်နှင့် စစ်ကောင်စီ၏ လူမျိုးစုသွေးခွဲရေး စိတ်ဓာတ်စစ်ဆင်ရေးကို ရှောင်ရှားရန် ခေါင်းအေးအေး စဉ်းစားခြင်းနှင့် စာနာမှု လိုအပ်သည်။ ဘက်ရွေးပြီး သံယောင်လိုက်ခြင်းသည် အထောက်အကူ မပြုပေ။
Source: Irrawaddy
Link : https://burma.irrawaddy.com/opinion/viewpoint/2024/06/25/385789.html