ရခိုင်ပြည်နယ်၊ ဗျိုင်းဖြူရွာမှာ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၀ ကျော်သွားပါပြီ။ စစ်ကောင်စီတပ်သားတွေဟာ ဗျိုင်းဖြူရွာထဲရှိ စာကြည့်တိုက်ကွင်း၊ ရွာလယ်လမ်းမနဲ့ ကန်ဘောင်ပေါ်တို့မှာ ၂၉ ရက်ကနေ ဒီနေ့အထိ သုံးရက်ဆက်တိုက် ပစ်ခတ်သတ်ဖြတ်နေခဲ့တာပါ။ ပစ်သတ်နေတဲ့ သေနတ်သံတွေလည်း ဆက်တိုက်နေ့တိုင်း ကြားရတယ်” လို့ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူတွေက ပြောပါတယ်။ အဲဒီလို ပစ်ခတ်သတ်ဖြတ်ပြီးနောက် အလောင်းတွေကို မီးရှို့ဖျောက်ဖျက်ခဲ့ကြတယ်။ အချို့အမျိုးသမီးငယ်တွေဟာ သတ်ဖြတ်မခံရခင် စစ်ကောင်စီတပ်သားတွေရဲ့ အဓမ္မပြုကျင့်ခြင်းကို ကြုံခဲ့ရတယ်။ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဗျိုင်းဖြူရွာက ရွာသားတွေကို မေလ ၂၉ ရက်နေ့ နေ့လည်ကနေဒီနေ့ မနက်ပိုင်းအထိ ရွာထဲလမ်းမနဲ့ ရွာလယ်ကွင်းပြင်တွေမှာ ဖမ်းဆီး၊ ထိုင်ခိုင်းထားခဲ့တာဖြစ်ပြီး အဲဒီသုံးရက်အတွင်း ထမင်းတနပ်သာ စားခဲ့ရတယ်။ စစ်ကောင်စီတပ်ဟာ စစ်တွေမြို့နယ်အတွင်းမှာ တိုက်ပွဲတစုံတရာဖြစ်ပွားတာမျိုးမရှိဘဲ လူနေကျေးရွာတွေထဲ စစ်ကြောင်းထိုးကာ ဖမ်းဆီး၊ သတ်ဖြတ်တာတွေ ဆက်တိုက်လုပ်နေတာပါ။ ဗျိုင်းဖြူရွာမှာတော့ စစ်ကောင်စီတပ်တွေရှိနေဆဲ ဖြစ်ပြီး ရွာခံတွေကိုတော့ ဖမ်းဆီးသွားတာ ၊ ရွာမှာမနေဖို့ နှင်ထုတ်ခံရတာတွေကြောင့် ဒေသခံတွေမရှိကြတော့ပါဘူး။ စစ်ကောင်စီတပ်ဟာ မြို့တော် စစ်တွေပတ်လည်မှာ မြေမြှပ်မိုင်းတွေ ထောင်ထားပြီး အ၀င်အထွက်အားလုံးကို ပိတ်ထားကာ မြို့အနီး၀န်းကျင်ရှိ လူနေရွာတွေမှာလည်း တပ်စခန်းသစ်တွေ ချထားသေးတယ်။ အေအေဘက်ကတော့ ဒီကိစ္စကို ပြင်းထန်စွာလက်စားချေမယ်လို့ ထုတ်ပြန်ထားတယ်။