တောင်ပိုင်းကရင်ပြည်နယ်မှာတော့ မြဝတီမြို့ကို စစ်ကူပေးမယ့် စစ်ကောင်စီစစ်ကြောင်းဟာ ဒေါနတောင်ပေါ်ကိုတော့ ရောက်ရှိနေပါပြီ။ ထိုစစ်ကြောင်းကို စစ်ကောင်စီက အောင်ဇေယျ စစ်ဆင်ရေးလို့ နာမည်ပေးထားပြီး နိုင်ငံတော်အဆင့်စစ်ဆင်ရေးလို့ သတ်မှတ်ထားတယ်။ ဒဏ်ရာမှ သက်သာလာပြီး လူမြင်ကွင်းကို ပြန်လည်ထွက်ပေါ်လာတဲ့ ဒုချုပ်စိုးဝင်းကိုယ်တိုင် ဦးစီးနေတယ်။ တောင်ပေါ်ကိုရောက်လာပေမယ့်လဲ အဆိုပါစစ်ကြောင်းဟာ အကျအဆုံးများပြားလျက်ရှိနေတယ်။ ကနဦးထိုစစ်ကြောင်းထဲမှာပါတဲ့ တပ်မ၅၅ဆိုရင် ဖွဲ့စည်းပုံပျက်သလောက်ဖြစ်သွားပြီ။ ဒါကြောင့် စစ်ကောင်စီဟာ တပ် ၇၇ နဲ့ ၃၃ ကို ထိုစစ်ကြောင်းမှာ အင်အားထပ်ဖြည့်ထားတယ်လို့သိရတယ်။ဒါ့ကြောင့် ကနဦးမှာ အင်အား ၅၀၀ နဲ့ ၁၀၀၀ ကြားရှိနေရာကနေ အခုဆိုရင် အင်အား ၁၃၀၀ ခန့်နဲ့ ရှေ့တိုးဖို့ ကြိုးစားနေတယ်လို့ တော်လှန်ရေးအဖွဲ့တွေကပြောတယ်။ရခိုင် နဲ့ ကချင်မှာ အရှုံးကြီးရှုံးနေတဲ့ စစ်ကောင်စီဟာ ထိုဒေသတွေကို အင်အားမဖြည့်ပဲ မြဝတီမြို့ကိုပြန်လည်ရရှိရေးကိုပဲ အိပ်သွန်ဖန်မှောက် ကြိုးစားနေတယ်။ သူ့ရဲ့ဂုဏ်သိက္ခါနဲ့ စိတ်ဓာတ်ပြန်လည်မြင့်တင်ရေးအတွက်လဲပါတာပေါ့။ ဒါ့ပေမယ့်လဲ တစ်လကျော်ကြာတဲ့အထိ မြဝတီမြို့အနားတောင် မကပ်နိုင်သေးပါဘူး။ ဒီလကုန်လောက်ဆို မိုးကျ တော့မယ်။ စစ်ရေးကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရ မိုးမကျခင် မြဝတီမြို့နားမကပ်နိုင်ရင် စစ်ကောင်စီစစ်ကြောင်းဟာ တပ်ခေါက်ရနိုင်ပါတယ်။ အဲ့ဒါဆိုရင်တော့ စစ်ကောင်စီအတွက် ရင်းနှီးထား သမျှ အချည်းနှီးဖြစ်တော့မယ်။ အချိန်ကသိပ်မကျန်တော့ပါဘူး။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။