လတ်တလောပြင်းထန်နေတဲ့ အယ်လ်နီညို အပူလှိုင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ လူသေဆုံးထိခိုက်မှုတွေရှိလာနေပါတယ်။
အပူချိန်အမြင့်ဆုံး ချောက်မြို့မှာ သက်ကြီးရွယ်အိုနဲ့ ရောဂါအခံရှိသူတွေ အခုရက်ပိုင်း ရုတ်တရက် သေဆုံးမှု ပိုများလာတယ်။ သက်ကြီးရွယ်အိုတွေ ၇၅၊ ၈၀ ကျော်တွေ တစ်နေ့ကို သေဆုံးတဲ့ ခန့်မှန်းခြေ အရေအတွက်က လေးယောက်နှုန်းလောက် ရှိနေတယ်လို့ဒေသခံတွေဆီက သိရတယ်။ မကွေးမြို့ပေါ်မှာလည်း အပူရှပ်တဲ့ လူနာတွေကို နေ့စဉ် ကုသပေးနေရပါတယ်။
အပူချိန်တွေကတော့ မနေ့က ထုတ်ပြန်ချက်အရ ဧပြီလ ၂၈ ရက်နေ့က မကွေးတိုင်း ချောက်မြို့မှာ အပူချိန် ၄၈.၂ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ပြီး တစ်နိုင်ငံလုံးမှာ အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ဒါ့အပြင် မကွေးမြို့မှာ နေ့အပူချိန် ၄၆.၁ ဒီဂရီဆဲလ်စီးယပ်၊ မင်းဘူးမြို့မှာ ၄၅.၅ ဒီဂရီ ဆဲလ်စီးယပ်နဲ့ အောင်လံမြို့မှာ ၄၅.၃ ဒီဂရီဆဲလ်စီးယပ်ထိ မြင့်တက်ခဲ့ပါတယ်။ မန္တလေးတိုင်းမှာလည်း အပူချိန် ပြင်းထန်ခဲ့ပြီး ညောင်ဦးနဲ့ မြင်းခြံမြို့တို့မှာ ၄၆ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ပါတယ်။
မန္တလေးမြို့မှာဆို ဈေးချိုမှာ ဈေးဝယ်နေတဲ့ အမျိုးသမီးတစ်ဦး အပူရှိန်ကြောင့် ရုတ်တရက် မူးလဲသွားပြီး ဆေးရုံပို့ချိန် လမ်းခုလတ်မှာပဲ သေဆုံးသွားပြီး သုံးဘီးအငှားယဉ်မောင်းတဲ့ အမျိုးသားတစ်ဦးလဲ မန္တလေးမြို့သစ်ဘက်မှာ အပူရှိန်ကြောင့် ရုတ်တရက် လဲကျသေဆုံးခဲ့တယ်လို့သိရတယ်။
လူသေဆုံးမှုတွေရှိလာနေပေမယ့်လဲစစ်ကောင်စီဘက်ကပြည်သူတွေအတွက်တုန့်ပြန်လုပ်ဆောင်ပေးမှုတစ်စုံတရာမတွေ့ရပါဘူး။ကိုယ့်နည်းကိုယ့်ဟန်တွေနဲ့ပဲအပူဒဏ်ကိုဖြေရှင်းနေရတယ်။