မြန်မာပြည်ရဲ့ လက်ရှိနယ်စပ်ကုန်သွယ်ရေး အခြေအနေတွေအကြောင်းပြောရရင် နယ်စပ်ကုန်သွယ်ရေးစခန်း စုစုပေါင်း ၁၇ ခုရှိတဲ့အနက် ခြောက်ခုကို တိုင်းရင်းသားလက်နက်ကိုင် (EAOs)တွေနဲ့တော်လှန်ရေး အင်အားစု တွေက သိမ်းပိုက်ထားပြီး စစ်ကောင်စီဟာ တရားဝင်နယ်စပ်ကုန်သွယ်မှု ရဲ့ ၆၀ရာခိုင်နှုန်းနီးပါးကို ဆုံးရှုံးသွားပြီ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် သုံးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှု တန်ဖိုး စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၂၄ ဘီလီယံကျော်ရှိခဲ့ပါတယ်။ အဲဒီအနက် တိုင်းရင်းသားလက်နက်ကိုင် (EAOs)တွေ နဲ့တော်လှန်ရေး အင်အားစုတွေ လက်ရှိထိန်းချုပ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း ခြောက်ခုရဲ့ တရားဝင် ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကျော်ရှိပါတယ်။ စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ ကျန်နယ်စပ် ကုန်သွယ်ရေးစခန်း ခြောက်ခုရဲ့ကုန်သွယ်မှုတန်ဖိုးက အမေရိကန် ဒေါ်လာ ၁၀ဘီလီယံ နီးပါခန့် ရှိပါတယ်။ အာဏာသိမ်းပြီးနောက် သုံးနှစ်တာကာလအတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုတန်ဖိုးဟာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၉၄ဘီလီယံကျော်ရှိပါတယ်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုကနေ အမေရိကန်ဒေါ်လာ ၆၉ ဘီလီယံ ရရှိပြီး စုစုပေါင်းကုန်သွယ်မှုရဲ့ ၇၃ ရာခိုင်နှုန်းကျော် ရှိပါတယ်။ အဲဒါကြောင့် မြန်မာ့ပြည်ပ ကုန်သွယ်မှုရဲ့ ၁၆ရာခိုင်နှုန်းနီးပါးကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားနိုင်ပြီလို့ ပြောလို့ရတယ်။ အခုလောလောဆယ် မြဝတီမြို့ဘက်မှာရပ်တန့်နေတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ထိုင်းနိုင်ငံ ရနောင်းမြို့မှ မြန်မာနိုင်ငံတောင်ဘက်စွန်း ကော့သောင်းမြို့ကို ကူးပြီးကော့သောင်းမှတဆင့် ရန်ကုန်ကို ပင်လယ်ရေကြောင်း မှ တဆင့် ကုန်ကူးခွင့်ကိုစစ်ကောင်စီက ခွင့်ပြုပေးလိုက်ပါတယ်။ နယ်စပ်ကုန်သွယ်ရေး စခန်းတွေ အများအပြားဆုံးရှုံးထားရတဲ့အတွက် စစ်ကောင်စီဟာရတဲ့ အပေါက်က ရသလိုကုန်သွယ်ဖို့ ကြိုးစားနေရတယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။