စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အမေရိကန်ဒေါ်လာအဝင်/အထွက်တွေကို ထိန်းချုပ် ကိုင်တွယ်လိုက်တဲ့ နိုင်ငံခြားငွေတွေလဲရမယ် ဆိုတဲ့နောက်မှာ စက်သုံးဆီရှားပါးပြတ်လပ်ရတဲ့ ပြဿနာဖြစ်လာတာကို တွေ့ရပါတယ်။
သီလဝါဆိပ်ကမ်းက ပြဿနာတွေ
အခု ဒီဇင်ဘာလ ပထမပတ်အတွင်းကြုံနေရတဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် မြို့အများစုမှာ စက်သုံးဆီဝယ်မရတဲ့ပြဿနာ ဘာကြောင့် ဖြစ်နေတာလဲဆိုတာကို စက်သုံးဆီတင်သွင်းသူ၊ တစ်ဆင့်ခံရောင်းချဖြန့်ဖြူးသူနဲ့ သီလဝါဆိပ်ကမ်းမှာအလုပ်လုပ်ကိုင်နေသူတွေကို ဘီဘီစီက ဆက်သွယ် မေးမြန်းပြီး ဒီပြဿနာရင်းမြစ်ကို ရှာခဲ့ပါတယ်။
အခုနောကဆုံး ပြဿနာရဲ့ အစကတော့ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ ကြီးကြပ်မှုကော်မတီက စက်သုံးဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တွေကို ၂၀၂၃ ဒီဇင်ဘာ ၁ ရက်က စပြီး ဒေါ်လာမရောင်းပေးတာကနေ စခဲ့ပါတယ်။
လက်ရှိမှာ လုပ်ငန်းရှင်အချို့ရဲ့ အပြောအရ ဒီဇင်ဘာပထမပတ်အတွင်း စက်သုံးဆီဖိုးပေးချေဖို့ ဒေါ်လာ ၁၇၆ သန်း ကျော် လိုအပ်နေတယ်ဆိုတဲ့ သတင်းတွေလည်း စက်သုံးဆီလုပ်ငန်းရှင်တွေကြား ပျံ့နှံ့နေတာပါ။
ဘီဘီစီက ဒါကို မြန်မာနိုင်ငံစက်သုံးဆီဖြန့်ဖြူးရောင်းချသူများအသင်းကို ဆက်သွယ်မေးမြန်းပေမဲ့ မသိရှိကြောင်းသာ တုံ့ပြန်ပါတယ်။
ဒီဇင်ဘာ ၁ ရက်မတိုင်ခင်က ဓာတ်ဆီအမျိုးအစားအပါအဝင် Octane 92 နဲ့ 95 စက်သုံးဆီ တင်သွင်းသူတွေကို တင်သွင်းတဲ့ပမာဏအတွက်လိုအပ်တဲ့ အမေရိကန်ရဲ့ ဒေါ်လာ ၄၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းစျေး အမေရိကန် ၁ ဒေါ်လာကို ၂၁၀၀ ကျပ်နဲ့ ဗဟိုဘဏ်ကရောင်းချပေးခဲ့ပြီး ကျန်တဲ့ ၆၀ ရာခိုင်နှုန်းအတွက်ကို ပြင်ပပေါက်စျေးနဲ့ ဝယ်ယူတင်သွင်းခွင့်ပေးခဲ့တာပါ။
ဒါပေမဲ့ ဒီဇင်ဘာ ၁ ရက်ကစပြီး ပြောင်းလိုက်တဲ့ပုံစံ အရ ဆီတင်သွင်းမယ့် ပမာဏရဲ့ နိုင်ငံခြားငွေ ၁၀၀ ရာခိုင်နှုန်းလုံးအတွက် လိုအပ်တဲ့ အမေရိကန်ဒေါ်လာကို ပြင်ပပေါက်စျေးနဲ့ ဝယ်ယူရမှာဖြစ်ပါတယ်။
‘’ဗဟိုဘဏ်က ဒေါ်လာမရောင်းပေးဘူးဆိုတာက ဗဟိုဘဏ်က ရာခိုင်နှုန်းအလိုက် စျေးခွဲပြီး ရောင်းပေးနေတာကို မရောင်းပေးတော့တာကိုပြောတာပါ။ ၁၀၀ ရာခိုင်နှုန်းလုံး အပြင်ပေါက်စျေးနဲ့ ဝယ်ရတာမျိုးဖြစ်သွားတာပါ‘’ လို့ ဆီတင်သွင်းတဲ့လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
သဘောကတော့ ဗဟိုဘဏ်က သူကြားခံရောင်းပေးနေတဲ့ ရာခိုင်နှုန်းခွဲတမ်းကို ဖျက်လိုက်ပြီး ဒေါ်လာ လိုအပ်ချက် ၁၀၀ ရာခိုင်နှုန်းလုံးကို စျေးကွက်ပေါက်စျေးနဲ့ အရောင်းအဝယ်လုပ်ခိုင်းလိုက်တာ ဖြစ်ပါတယ်။
‘’ဗဟိုဘဏ်က ဒေါ်လာရမယ့်နေရာကို ရှာပေးတာပဲလုပ်တော့တာ။ သူမရောင်းပေးတော့ဘူး။ ဘယ်မှာဒေါ်လာရှိတယ်။ ဘယ်လောက်ရောင်းပေးဆိုတာကို ညွှန်ကြားပေးတာပဲလုပ်တော့တာ။ ဗဟိုဘဏ်နဲ့ ဘဏ်တွေနဲ့ ချိတ်ထားပြီးသား။ သဘောက ဘဏ်မှာ ရှိသလောက်ပဲ ဒေါ်လာကရတယ်။ အပြင်စျေး လည်းဖြစ်သွားတယ်’’ လို့ ဆီတင်သွင်းနေတဲ့လုပ်ငန်းရှင်က ရှင်းပြပါတယ်။
ဒါပေမဲ့ စစ်ကောင်စီက နိုင်ငံခြားငွေဝယ်ယူ/ရောင်းချ/သုံးစွဲခွင့်ကို ဆက်လက်ထိန်းချုပ်ထားပြီး ဆီတင်သွင်းဖို့အတွက် ဝယ်ယူရမယ့် ဒေါ်လာဝယ်ယူခွင့်ကို နိုင်ငံခြားငွေကြီးကြပ်မှုကော်မတီကပဲ ချထားပေးနေတာပါ။
‘’AD (နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် Authorised dealer AD လိုင်စင်ရဘဏ်) တွေကို ဗဟိုဘဏ်က ဆီသမားအတွက်က ဒေါ်လာဘယ်လောက်ရောင်းဆိုတာ ညွှန်ကြားထားပြီးသား။ AD ဘဏ်ကလည်း ကျွန်တော်တို့မှမဟုတ်ရင် အပြင်လူကို သွားရောင်းလို့မရဘူး’’ လို့ ဆီတင်သွင်းနေတဲ့လုပ်ငန်းရှင်က ရှင်းပြပါတယ်။
ဆီတွေကို ထိန်းပြီးရောင်းနေ
နောက်တစ်ချက်ကတော့ ဆီတင်သွင်းတဲ့လုပ်ငန်းရှင်တွေက သူတို့ Terminal (ဆိပ်ကမ်းက ဆီသိုလှောင်ရုံ) ထဲမှာရှိတဲ့ စက်သုံးဆီတွေကို ထိန်းပြီးရောင်းနေတာကြောင့်လည်း စျေးကွက်ထဲဆီရှားပါးနေတာပါ။
ဘာကြောင့်လဲဆိုရင် စစ်ကောင်စီ က တစ်ပတ်တစ်ခါ ထုတ်ပြန်နေတဲ့ တစ်ပတ်အတွင်းရောင်းချရမယ့် စက်သုံးဆီ ရည်ညွန်းဈေးသတ်မှတ်ချက်စနစ်ကို ဖြုတ်မပေးတာကြောင့်လို့ အကြောင်းပြပါတယ်။
ဆီကုန်သည်တွေက ဆီလက်ကျန်ကိုပါ တက်ဈေးနဲ့ရောင်းချင်နေပြီး စစ်ကောင်စီကခွင့်မပြုတာကြောင့် ဆီသမားတွေကလည်း ဆီကိုထိန်းပြီးလွှတ်နေတာလို့ လက်ခွဲဆီဒိုင်လုပ်ကိုင်သူတချို့ကပြောပါတယ်။
”သူတို့ကလည်းဘာပြောလဲဆိုတော့ သူတို့ဒေါ်လာကို အပြင်ပေါက်စျေးနဲ့ ဝယ်ထားတာ ရည်ညွှန်းစျေးမဖြုတ်ရင် သူတို့ရှုံးမယ်ပေါ့။ အဲဒါကိုမဖြုတ်သေးရင် သူတို့လည်း ထိန်းဝယ်/ထိန်းရောင်းမယ်ဆိုတာမျိုး ဖြစ်နေတာ” လို့ လက်ခွဲဆီဒိုင်လုပ်ကိုင်သူက သီလဝါဆိပ်ကမ်းမှာဖြစ်နေတဲ့ အခြေအနေကိုရှင်းပြပါတယ်။
ကိုတာစနစ် (ခွဲတမ်းစနစ်) ကြောင့်လည်း ဆီရှားပါးပြတ်လပ်တဲ့ပြဿနာကို မကြာခဏရင်ဆိုင်နေရတာလို့ ဆီတင်သွင်းသူတွေက ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံခြားအရန်ငွေလုံလောက်မှုမရှိတာနဲ့ လောင်စာဆီတင်သွင်းမှုအတွက်သုံးရတဲ့ဘတ်ဂျက်ကို လျှော့ချချင်တာကြောင့် ခွဲတမ်း စနစ်၊ ကိုတာစနစ်နဲ့ ဆီတင်သွင်းခိုင်းထားတာပါ။
ဆီတင်သွင်းခွင့်လိုင်စင်ရထားတဲ့လုပ်ငန်းပေါင်း ၇၀ ကျော်ထဲကမှ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အမှန်တကယ်စက်သုံးဆီတင်သွင်းခဲ့တဲ့ ကုမ္ပဏီတွေကို ရွေးချယ်လိုက်ပါတယ်။
စိစစ်ထားတဲ့ ဆီတင်သွင်းခဲ့တဲ့ကုမ္ပဏီတွေကို စစ်ကောင်စီလက်ထက်ပြန်ပြင်လိုက်တဲ့ဘတ်ဂျက်နှစ် ၁၈ လ နဲ့ စားလိုက်ပြီး အဲဒီမှာထွက်လာတဲ့ တစ်လပျှမ်းမျှတင်သွင်းခဲ့တဲ့တန်ချိန်ကို အတိုး အလျော့မရှိ သတ်မှတ်ပမာဏအတိုင်းသာ တင်သွင်းခွင့်ပြုတာဖြစ်ပါတယ်။
ဒါကြောင့်စျေးကွက်ထဲမှာ စက်သုံးဆီ ဝယ်လိုအားနဲ့ရောင်းလိုအားမမျှဘဲ ဆီစျေးကြီးတာမျိုး နဲ့ ဆီရှားတာမျိုးဖြစ်လာတာပါ။
အာဏာမသိမ်းခင်က ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေး ၂ ခုပေါင်း တင်သွင်းမှုက တစ်လကို ပျှမ်းမျှတန်ချိန် ၆ သိန်းကျော်ရှိတယ်လို့ ဆီလုပ်ငန်းရှင်တွေဆီက စာရင်းတွေကဖော်ပြပါတယ်။
အခုအာဏာသိမ်းပြီးနောက်မှာ ပင်လယ်ရေကြောင်းတစ်ခုတည်းကတင်သွင်းခွင့်ရှိပြီး အခုဆိုရင် တစ်လကို ဆီတန်ချိန် ၃ သိန်း ၇သောင်းနီးပါးပဲ ရှိပါတော့တယ်။
ဒီတော့ အာဏာသိမ်းပြီးတဲ့နောက် စက်သုံးဆီတင်သွင်းမှု ထက်ဝက်နီးပါးလျော့ကျသွားတဲ့သဘောပါ။
ပြောင်းလိုက်တဲ့ပုံစံကြောင့် ဆီစျေးကွက်ဘာဖြစ်လာနိုင်လဲ
ဒေါ်လာကို ၁၀၀ ရာခိုင်နှုန်း ပြင်ပပေါက်စျေးနဲ့ဝယ်ရတဲ့အခါ ဖြစ်လာတဲ့ ပြဿနာ ၂ ရပ်ရှိပါတယ်။
ပထမပြဿနာက ဘဏ်တွေမှာ ဒေါ်လာရှိမှဝယ်လို့ရမယ်ဆိုတာမျိုးပါ။ ဒုတိယပြဿနာကတော့ စက်သုံးဆီစျေးကြီးမြင့်လာမယ့် အခြေအနေဖြစ်ပါတယ်။
‘’ဆီသင်္ဘောတွေကရှိတယ်။ ဆီက ချထားပြီးသားလည်းရှိတယ်။ ဒါပေမဲ့ ပိုက်ဆံချေဖို့ အတွက် ဒေါ်လာပေးရတဲ့ စနစ်ပြောင်းသွားတော့ ဒေါ်လာလိုနေတော့ ငွေချေဖို့ ကြန့်ကြာသွားတယ်။ ဆိပ်ကမ်းမှာ Supplier ( ဆီရောင်းတဲ့ကုမ္ပဏီ)က ဆီကို Hold (ထိန်းထား)တာ။ ငွေမချေသေးရင် ဆီမထုတ်ပေးဘူး ဖြစ်နေတာ’’ လို့ သီလဝါမှာ ဆီရဖို့ ကြိုးပမ်းနေတဲ့ လက်ခွဲရောင်းချသူ တစ်ဦးကပြောပါတယ်။
ဒါကြောင့် Supplier ကိုင်ထားတဲ့ ဆီတွေ သီလဝါမှာရှိနေပြီး ငွေမချေ ရသေးတဲ့ စက်သုံးဆီတွေကို ထုတ်ယူသုံးစွဲနိုင်ရေးအတွက် ကိုယ့်အစီအစဥ်နဲ့ ဒေါ်လာဝယ်မရတဲ့ ကြားကာလမှာ ဗဟိုဘဏ်နဲ့ AD ဘဏ်တွေက စျေးကွက်ပေါက်စျေးသတ်မှတ်ပြီး လိုအပ်တဲ့ ဒေါ်လာကိုကြိုတင် ရောင်းချပေးနိုင်ဖို့ ဆီလုပ်ငန်းရှင်တွေက တင်ပြတောင်းဆိုထားကြတယ်လို့ လုပ်ငန်းရှင်အချို့ကပြောပါတယ်။
နိုင်ငံတကာကုန်တင်သင်္ဘောတွေရဲ့လမ်းကြောင်းကို ကြည့်နိုင်တဲ့ Marine Traffic ဝက်ဘ်ဆိုက်ကနေကြည့်ရင် ရန်ကုန်ပင်လယ်ဝနဲ့ သီလဝါဆိပ်ကမ်းမှာ ဆီသင်္ဘောတွေဆိုက်ရောက်နေပါတယ်။
သီလဝါဆိပ်ကမ်းက ဆီ Terminal မှာ အလုပ်လုပ်ကိုင်နေတဲ့ ဘီဘီစီရဲ့သတင်းရင်းမြစ်ကလည်း သီလဝါဆိပ်ကမ်းမှာ ဆီသင်္ဘောတွေ ဆိုက်ရောက်နေတာကို အတည်ပြုပါတယ်။
ဒါပေမဲ့စျေးကွက်ထဲကိုစက်သုံးဆီရောက်မလာတာကို ကြည့်ရင် ဆီထုတ်တဲ့နေရာနဲ့ ဆီဖြန့်ဖြူးတဲ့ကြားမှာ ပြဿနာရှိနေတာက ထင်သာမြင်သာဖြစ်ပါတယ်။
‘’စက်သုံးဆီ သင်္ဘောက စင်ကာပူကနေလာရင် အနည်းဆုံးလေးရက်ကြာတယ်။ ဒီမှာအခု Payment( ငွေပေးချေစနစ်) ကပြောင်းသွားတဲ့အချိန်ဆိုတော့။ အဲဒီတော့ ငွေရဖို့ကြာနေတာနဲ့ ငွေပေးဖို့ စီစဥ်တာနဲ့ဆိုတော့ ဆီလက်ထဲရောက်လာဖို့က ၁၀ ရက်လောက်ကြာသွားတယ်။ အဲဒီလိုကြောင့် ဆီပြဿနာဖြစ်သွားတာ’’ လို့ ဆီတင်သွင်းသူတစ်ဦးကပြောပြပါတယ်။
စစ်ကောင်စီကလည်း ဆီတင်သင်္ဘော (၁၀) စီး ပင်လယ်ဝမှာရောက်နေသလို ဆီတင်သင်္ဘော (၃) စီးကလည်း သီလဝါဆိပ်ကမ်းက Jetty တွေမှာ ဆီချနိုင်ဖို့ အသင့်စောင့်ဆိုင်းနေပြီး သက်ဆိုင်ရာ Terminal တွေကို အချိန်မီ ဆီဖြည့်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဒီဇင်ဘာ ၆ ရက်မှာထုတ်ပြန်ပါတယ်။
ဒါပေမဲ့ သီလဝါဆိပ်ကမ်းက ဆီ Terminal အနည်းဆုံး ၈ ခုမှာ ဆီ အလုံအလောက်မရှိသလို ဆီလက်ကျန် လျော့နည်းနေတာလည်း ရှိနေတယ်လို့ ဘီဘီစီကစုံစမ်းသိရှိရပါတယ်။
‘’ပြေလည်အောင်ဖြေရှင်းနေပေမဲ့ ကိုင်တွယ်ရခက်နေတာမျိုးဖြစ်နေတယ်။ Terminal ၈ ခုရှိပေမဲ့ လက်ရှိမှာ Terminal တစ်ခုတည်းကပဲ ဆီထုတ်ပေးနိုင်တာမျိုး။ တခြား Terminal မှာဆီတွေလျော့နေတာ ဖြစ်နေတယ်’’ လို့ သီလဝါဆိပ်ကမ်းမှာ ဆီအတင်အထုတ်လုပ်နေတဲ့ ဘီဘီစီရဲ့သတင်းရင်းမြစ်က ပြောပါတယ်။
စက်သုံးဆီရဖို့ ဘယ်လိုလုံးပန်းနေရ
အခုရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် စက်သုံးဆီဆိုင်တွေမှာ ဆီအဝင်မရှိလို့ ဆီမရောင်းနိုင်သေးကြောင်း ဆိုင်းဘုတ်တွေကို ဆီဆိုင်ရှေ့တွေမှာ ထောင်ပြီး ကြေညာထားတာကို ဆိုင်တိုင်းနီးပါးမှာ တွေ့နေရပါတယ်။
ဆီရဖို့အတွက် ကားမှတ်တိုင် ၂ မှတ်တိုင်စာလောက်အကွာအဝေးမကတဲ့ ကားတန်းရှည်ကြီးကိုလည်း ရန်ကုန်မြို့က မြို့နယ်တိုင်းရဲ့ ဆီဆိုင်တွေရှေ့မှာ တွေ့နေရပါတယ်။
အဲဒီလို ဆီတန်းစီနေပေမဲ့ ကျိန်းသေပေါက် ရဖို့ ကလည်းမသေချာတဲ့အခြေအနေဖြစ်ပါတယ်။ ဆိုင်ရဲ့ ဆီ ရရှိမှုအခြေအနေအပေါ် မူတည်ပြီး အလှည့်ရောက်မှ ဆီပြတ်သွားတာ ဖြစ်နိုင်သလို တစ်ဦးကို ငွေကျပ် တစ်သောင်းဖိုးသာ ရောင်းပေးတာမျိုးလည်း ဖြစ်လာပါတယ်။
ဒါကြောင့် မဖြစ်မနေ ဆီထည့်ဖို့ လိုအပ်သူ တချို့က စစ်ကောင်စီကသတ်မှတ်ထားတဲ့ ညမထွက်ရ ကာဖျူးချိန်အတွင်း မှာတောင် အိမ်ကနေထွက်ပြီး စက်သုံးဆီရဖို့အတွက်လုံးပန်းနေကြရပါတယ်။
‘’မနက်က အိမ်ကနေ ၅ နာရီလောက်ထွက်တယ်။ နေ့ခင်း ၁၂ နာရီအထိ ဆီဘောက်ဆာလာမယ်ဆိုပြီး စောင့်နေပေမဲ့ မရခဲ့ဘူး။ နောက်တစ်ဆိုင်ထပ်သွားတယ်။ ကားတန်းက မျက်စိတစ်ဆုံး ဖြစ်နေတော့ ပြန်လာလိုက်တာ။ မနက်ဖြန်တော့ ကာဖျူးချိန်လွတ်တာနဲ့ အိမ်ကထွက်ဖို့လုပ်ထားတယ်’’ လို့ ရန်ကုန်သာကေတမြို့နယ်က စက်သုံးဆီရဖို့တန်းစီနေတဲ့ ယာဥ်မောင်းတစ်ဦးက ပြောပါတယ်။
အိမ်ကားတွေ၊ အငှားယာဥ်တွေပဲ ဆီမရတဲ့ ပြဿနာကိုရင်ဆိုင်နေရတာမဟုတ်ပါဘူး။ နေရာအနှံ့ကို ကယ်ဆယ်ရေးယာဥ်တွေနဲ့ လူမှုကူညီရေးလုပ်နေတဲ့ ပရဟိတအသင်းတွေအတွက်လည်း စက်သုံးဆီမရတဲ့ ပြဿနာက ရိုက်ခတ်မှုကြီးနေတာပါ။
”ဆီတွေကိုသုံးဖို့ အရေးပေါ် အသက်ကယ်ဖို့အတွက် အသက်ရှူကျပ်လူနာ၊ သေရေးရှင်ရေးလူနာတွေ အတွက် ချန်ထားရတာပါ။ အခုလူတိုင်းကိုမကူညီနိုင်တော့ဘူး။ အခုတော့ သေရေးရှင်ရေးတွေကိုပဲဦးစားပေးကူညီနေပါတယ်” လို့ ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်က ပရဟိတ တာဝန်ရှိသူတစ်ဦးက သူတို့ကြုံနေရတာကိုရှင်းပြပါတယ်။
စျေးကွက်ထဲမှာ ဆီဘာကြောင့်မရ
ဆီဆိုင်တွေရှေ့မှာ ဆီတန်းစီကြရတဲ့ အခြေစိုက်လာတာက လက်လီ/လက်ကား ဆီဆိုင်တွေမှာ ခွဲတမ်းဆီ လုံလုံလောက်လောက်မရတာနဲ့ သီလဝါမှာဆီထုတ်ရတဲ့ လက်ခွဲတစ်ဆင့်ခံရောင်းသူတွေအတွက် PO လို့ခေါ်တဲ့ ဆီဝယ်ယူခွင့်တင်တဲ့အခါ ကြန့်ကြာမှုတွေဖြစ်နေတာကြောင့်ပါ။
တစ်ချိန်တည်းမှာပဲ ဒေါ်လာပြဿနာငွေပေးချေမှုကြန့်ကြာတာကနေ ဆီမပြတ်လပ်အောင် အရန်ဆီတွေကို ထုတ်ပေးနေပေမဲ့ ကန့်သတ်ချက်တွေနဲ့ စိစစ်ထုတ်ပေးတာကြောင့် အရင်တစ်နာရီထက်ပိုမကြာတဲ့ စနစ်ကနေ တစ်ရက်လောက်ကြာတဲ့ အခြေအနေဖြစ်သွားတယ်လို့ ဆီလက်ခွဲရောင်းချသူ တချို့ဆီကသိရပါတယ်။
‘’တစ်နိုင်ငံလုံးက စက်သုံးဆီ လာထုတ်ကြတဲ့ ဆီဘောက်ဆာကားတွေ ရာနဲ့ချီ က သီလဝါမှာစုပြုံနေတာ’’ လို့ ဆီထုတ်ဖို့ စောင့်နေတဲ့ဆီဆိုင်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
ဆီဖြန့်ဖြူးတဲ့စနစ်က Importer လို့ခေါ်တဲ့ စက်သုံးဆီတင်သွင်းသူကနေ လက်ခွဲယူရောင်းတဲ့ မြို့အနှံ့ စက်သုံးဆီဆိုင်သမားတွေကို ခွဲတမ်းအလိုက်ပြန်လည်ရောင်းချပေးနေတာပါ။
ဒီဇင်ဘာ ၁ ရက်မတိုင်ခင်က လက်ခွဲဆီဆိုင်သမားတွေ အနေနဲ့ သီလဝါဆိပ်ကမ်းကနေ တစ်ပတ်ကို နှစ်ကြိမ် ခွဲတမ်းဆီဂါလံကို ထုတ်နိုင်ပေမဲ့ အခုတော့ နေ့တိုင်းခွဲထုတ်ရတာမျိုးဖြစ်နေတယ်လို့ မန္တလေးက ဆီလက်ခွဲရောင်းချသူတချို့ကပြောပါတယ်။
အရင်က ဆိုင်တစ်ဆိုင်ကို တစ်ပတ်စာ ဆီခွဲတမ်းအတွက် နှစ်ပတ်မှာ နှစ်ကြိမ် ၃ ရက်နဲ့ ၄ ရက်တစ်ခါစီကို တစ်ပေါင်းတည်း ပေါင်းထုတ်ခွင့်ပေးထားတာပါ။
အခုစနစ်သစ်အရ ၃ ရက်တစ်ခါ ပေါင်းထုတ်လို့ရတဲ့ ဆီကို တစ်ရက်စာချင်း ခွဲထုတ်နေရတဲ့အတွက် ဆီပမာဏနည်းနည်းပဲရပြီး ထုတ်ယူရတဲ့ကုန်ကျစရိတ် က ပိုများလာသလို ဆီအလျဉ်မမီဘဲ ဆီပြတ်လပ်မှုတွေ ဖြစ်လာတယ်လို့ ဘီဘီစီကိုပြောပါတယ်။
”သူတို့မှာဆီမရှိတာပေါ့။ အဲဒီတော့ အခုလို တစ်ရက်ချင်းစီကို ဂါလံနည်းနည်းနဲ့ ခွဲပေးနေတော့ ရန်ကုန်ကနေ မန္တလေးကိုသွားရတဲ့ဆီတွေက ကုန်ကျစရိတ်တွေတက်တယ်။ သီလဝါမှာစောင့်ရတာအချိန်တွေကုန်တယ်။ ဆီမရလို့ မန္တလေးမှာ ဆိုင်တော်တော်များများပိတ်ထားလိုက်ကြရပြီ” လို့ ဆီလက်ခွဲရောင်းချတဲ့ လုပ်ငန်းရှင်တစ်ဦး က ပြောပါတယ်။
စက်သုံးဆီစျေးဘယ်လိုဖြစ်လာမလဲ
ပြည်တွင်းစက်သုံးဆီစျေးကွက်ဖြစ်လာနိုင်တဲ့ အခြေအနေက စစ်ကောင်စီပြောင်းလဲထုတ်ပြန်လိုက်တဲ့ နိုင်ငံခြားသုံးငွေရောင်းဝယ်တာကို ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာရောင်းချနိုင်တယ်ဆိုတဲ့ ကြေညာချက်နဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။
ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက်တို့မှာ ဆက်တိုက်ကြေညာလိုက်တဲ့အတိုင်း ပို့ကုန်သမားတွေရဲ့ ပို့ကုန်ဝင်ငွေထဲက ၆၅ ရာခိုင်နှုန်း နိုင်ငံခြားငွေ ကို စျေးကွက်ပေါက်စျေးအတိုင်း လွတ်လပ်စွာရောင်းချနိုင်မှာပါ။
ဆိုလိုတာက Import လို့ခေါ်တဲ့ နိုင်ငံခြားကတင်သွင်းတဲ့ ကုန်စည်တွေအဆင်ပြေစေရေးစစ်ကောင်စီ ရဲ့ စဥ်းစားချက်ဖြစ်ပါတယ်။
ပို့ကုန်ဝင်ငွေရတဲ့ နိုင်ငံခြားငွေပမာဏအများစုကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ပေး လိုက်တဲ့အခါ စျေးကွက်ထဲ ဒေါ်လာစီးဆင်းမှုသွက်လက်လာပြီး သွင်းကုန်အတွက် လိုတဲ့ဒေါ်လာ လွယ်လွယ်ကူကူရနိုင်တယ်လို့ ပို့ကုန်၊ သွင်းကုန်သမားတွေက တွက်ပြပါတယ်။
‘’ဒီလိုစနစ်က ဆီသမားတွေရော ပို့ကုန်သမားတွေရောတောင်းဆိုနေတဲ့အချက်ပဲ။ ကျွန်တော်တို့ ဒေါ်လာဝယ်ရောင်းကို လွတ်လွတ်လပ်လပ်ပဲ လုပ်ချင်တယ်။ အခုသူတို့ ( စစ်ကောင်စီ) ပြောင်းပေးလိုက်တဲ့စနစ်ကြောင့် ဒေါ်လာရဖို့ ခဏပဲ ကြန့်ကြာနေတာ နောက်ပိုင်းပြေလည်သွားမှာ’’ လို့စက်သုံးဆီတင်သွင်းတဲ့လုပ်ငန်းရှင်က ပြောပါတယ်။
ဒါပေမဲ့လည်း ဆီစျေးကွက်မှာ လက်ရှိ တစ်လီတာပေါက်စျေးထက် ၂ ဆစျေးမြင့်တက်သွားမယ်လို့ စက်သုံးဆီစျေးကွက် ကျွမ်းကျင်သူတချို့က သုံးသပ်ပါတယ်။
‘’နောက်ဆိုဆီက ပေါသွားမယ်။ ဒါပေမဲ့ အပြင် ဒေါ်လာပေါက်စျေးနဲ့တွက်ရောင်းမှာဖြစ်လို့ ဆီစျေးတက်လာမယ်’’ လို့ ဆီတင်သွင်းနေတဲ့ ဆီလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
နောက်တစ်ချက်ကတော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကိုတာစနစ်နဲ့ ဆီတင်သွင်းခွင့်ပေးတဲ့ စနစ်ကိုပယ်ဖျက်ပေးဖို့ စက်သုံးဆီတင်သွင်းသူတွေက တောင်းဆိုနေပါတယ်။
ဒီစနစ်ကိုပယ်ဖျက်ဖို့ စစ်ကောင်စီနဲ့ ဆီတင်သွင်းသူတွေကြား ဆွေးနွေးနေလို့ ဒီစနစ်မရှိတော့ရင် စက်သုံးဆီစျေးကွက် ပြိုင်ဆိုင်မှုပြင်းထန်လာပြီး စျေးနှုန်း ငြိမ်တာ ဆီရှားတာမရှိတော့သလောက်ဖြစ်မယ်လို့ လည်း တွက်ချက်ထားကြပါတယ်။
‘’ကိုတာစနစ်ကိုပယ်ဖျက်လိုက်ရင်လည်း ဆီပြဿနာတစ်ခုအေးမှာ၊ အခုက ကိုတာစနစ်လုပ်ထားတယ်။ ဘာလို့လုပ်လဲ စက်သုံးဆီသုံးစွဲတာကို လျှော့ချင်လို့ လို့ပြောတယ်။ မဟုတ်ဘူးဗျ သူတို့ (စစ်ကောင်စီ) ရှိတဲ့ ဒေါ်လာကို လျှော့သုံးချင်လို့ ဆီလျှော့သွင်းခိုင်းထားတာ’’ ဆီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
SOURCE – BBC