စစ်ကိုင်းတိုင်းမုံရွာမြို့နယ်၊ကြာပိုင်ကျေးရွာမှာစစ်သူပုန်တွေစီးနင်းလုယက်မီးရှို့ပြီးရွာခံပြည်သူအမျိုးသား၁၁ဦးကိုမီးရှို့သတ်ဖြတ်သွားပါတယ်။စစ်သူပုန်တွေဟာမနက်၈နာရီကျော်မှာဝင်ရောက်စီးနင်းတာဖြစ်ပြီးရွာထဲမှာလုယက်မီးရှို့ကာညနေ၃နာရီလောက်ပြန်ထွက်သွားလို့မီးဝင်ငြိမ်းရာမှာမီးရှို့သတ်ထားတဲ့အလောင်းတွေတွေ့ရတာပါ။သေဆုံးသူတွေဟာ ကြာပိုင်ရွာသား လူလတ်ပိုင်းအရွယ် (၁၁)ဦး ဖြစ်ပြီး စစ်အုပ်စုနဲ့ပျူတွေက သူတို့ကို ဖမ်းဆီးကာ နေအိမ်ထဲ လှောင်ပိတ်ပြီး မီးရှို့ သတ်ဖြတ် သွားတာပါ။စစ်အုပ်စု စီးနင်းချိန် ဒေသခံပြည်သူ (၆၀)ထက်မနည်း ဖမ်းဆီးခံရပြီး တချို့ ပြန်လွတ်ကာ အဲ့ဒီ (၁၁)ဦးကတော့ တိုက်ပိတ် မီးရှို့ သတ်ခံလိုက်ရတာဖြစ်တယ်။မနေ့က ညပိုင်းမှာ မုံရွာမြို့နယ် စစ်အုပ်စု လက်အောက်ခံ ပျူစခန်း ဖွင့်ထားတဲ့ တောပုရွာ (ရွာသစ်) ပျူစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ဒီမနက်ပိုင်းမှာ မုံရွာမြို့အဝင်၊ မုံရွာ-မန္တလေးလမ်းပေါ်က စွမ်းရည်ထက် ဆီဆိုင်ဂိတ်မှာ ဂိတ်ဖွင့်ထားတဲ့ စစ်အုပ်စုနဲ့ပျူတွေက အဲ့ဒီ တိုက်ခိုက်ခံရတဲ့ ပျူစခန်းနဲ့ ကပ်လျှက်က ကြာပိုင်ရွာကို စီးနင်းပြီး မီးရှို့၊သတ်ဖြတ်တာ ဖြစ်တယ်။
နို၀င်ဘာ(၃၀)ရက်ကလည်း မုံရွာမြို့နယ် ညောင်ဖြူပင် ရဲစခန်းထဲ အထိုင်ချနေတဲ့ စစ်အုပ်စုက အဲ့ဒီ ညောင်ဖြူပင်ကျေးရွာကို မီးရှို့ဖျက်ဆီး သောင်းကျန်း ခဲ့တာကြောင့် နေအိမ်တစ်ချို့ မီးလောင် ပျက်စီးခဲ့ပါတယ်။ဒါအပြင် နို၀င်ဘာ(၂၉)ရက်ကလည်း မုံရွာ မြို့ပတ်လမ်းပေါ်က မင်္ဂလာကုန်းကျေးရွာကို စစ်အုပ်စုက စီးနင်းလုယက်ကာ မီးရှို့ဖျက်ဆီးသလို ဒေသခံပြည်သူ(၁၉)ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံပြည်သူတွေဒီနေ့အထိပြန်လည်လွတ်မြောက်လာတာမရှိသေးပါဘူး။ဒီရက်ပိုင်းမှာတောက်လျောက်မုံရွာမြို့နယ်ထဲကရွာတွေကိုစစ်သူပုန်တွေဝင်ရောက်စီးနင်းသောင်းကျန်းနေပါတယ်။မုံရွာဟာစစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်တာကြောင့်မြို့ပတ်ဝန်းကျင်ကိုစစ်ကောင်စီကစိုးမိုးထားနိုင်တယ်။လက်ရှိအချိန်မှာတော့စစ်တပ်ဟာစစ်ကိုင်းတိုင်းနေရာအနှံအပြားကိုစစ်ကြောင်းထိုးမွှေနှောက်နိုင်ခြင်းမရှိတော့ပဲစစ်ကိုင်းတိုင်းမှာသူတို့ရဲ့ခံတပ်ကြီးဖြစ်တဲ့မုံရွာမြို့ပတ်ဝန်းကျင်ကိုတော်လှန်ရေးအဖွဲ့တွေရောက်မလာစေရေးဦးစားပေးနေတာကြောင့်မြို့ပတ်ဝန်းကျင်ရွာတွေကိုမွှေနှောက်နေတာပါ။