ကရင်ပြည်နယ်မြဝတီမြို့အနီးကလက်ခတ်တောင်ပေါ်မှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကနှစ်ရက်တိုင်တိုင်တိုက်ခိုက်ပြီးတောင်ကြောတစ်ခုလုံးကိုသိမ်းယူလိုက်ပါတယ်။လက်ခတ်တောင်စခန်းဟာစစ်ရေးအရဗျူဟာအချက်အချာအကျဆုံးနေရာတစ်ခုပါ။စစ်ကောင်စီတပ်တွေအင်အားအလုံးအရင်းနဲ့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ လက်ခတ်တောင်ပေါ်မှာတပ်စွဲထားကြပြီး မြဝတီမြို့နဲ့၇မိုင်ပဲဝေးတာမို့ခံစစ်စည်းအဖြစ်သတ်မှတ်ထားကြတယ်လို့သိရတယ်။တိုက်ပွဲမှာတော်လှန်ရေးတပ်ဖွဲ့တွေကနေ လက်နက်အမြောက်အများရရှိခဲ့ကြတယ်။ စခန်းသိမ်းတဲ့အချိန် စစ်သားတွေက တောင်ပေါ်ကနေလေထီးခုန်သလိုကြောက်အားလန့်အားနဲ့ခုန်ချထွက်ပြေးတယ်။အာဏာသိမ်းခါစကဘယ်ကောင်သေရဲလဲဆိုတဲ့ကောင်တွေခုတော့ခွေးပြေး၊ဝက်ပြေးပြေးနေရတယ်။ပိုပြီးထူးခြားတာကတိုက်ပွဲဖြစ်ချိန်မှာတောင်ပေါ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူး က အသေမခံနိုင်လို့ ကြောက်လန့်ပြီး ထွက်ပြေးကြတယ်။ စစ်တပ်က အရာရှိပိုင်းတွေ ထွက်ပြေးလည်းပြေးချင်စရာပါပဲ၊ စစ်တိုက်ရတာ ပြည်သူရဲ့အားပေးထောက်ခံမှုလည်းမရ၊စားနပ်ရိက္ခာကလည်းမလုံလောက်ဘူး၊လူအင်အားကလည်းအတော်နည်းနေတယ်၊ဒါကိုအတင်းဖိအားပေးတော့ထွက်ပြေးတာပေါ့။အခုနောက်ပိုင်းတိုင်းရင်းသားဒေသတွေကရင်ဆိုင်တိုက်ပွဲတွေမှာစစ်သူပုန်တွေအပြင်းအထန်မခုခံတော့ပဲထွက်ပြေးမှုတွေပိုများလာတာသတိထားမိတယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။