ကြာအင်းဆိပ်ကြီးမြို့ထဲမှာ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကရင့်ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ကြာအင်းဆိပ်ကြီးမှာအခြေစိုက်တဲ့ခြေလျင်တပ်ရင်းဌာနချုပ်ကိုမနေ့ညသန်းခေါင်ယံကစတင်ပြီး မနက်ပိုင်းအထိ ကရင့်ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးချကာ ကနဦး တိုက်ခိုက်ခဲ့တယ်။ အဲဒီနောက်မှာတော့ မြို့ပေါ်က ခရိုင်ရဲတပ်ဖွဲ့ရုံး နဲ့ဌာနဆိုင်ရာ ရုံးတွေကို ကရင့်ပူးပေါင်းတပ်တွေ ဝင်တိုက်တယ်။ တိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူ အသုံးပြုခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းအရပ်သားထိခိုက်သေဆုံးမှုရှိခဲ့ပြီးစစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီး ကျည်ကြောင့် မြို့ပေါ် ကဘုန်းကြီးကျောင်းနဲ့လူနေအိမ်ခြေအချို့ ထိခိုက်ပျက်စီးသလိုသံဃာ၁ပါးနဲ့အရပ်သား၄ဦးထက်မနည်းသေဆုံးခဲ့ရတယ်။
ကြာအင်းဆိပ်ကြီးမြို့ကို တော်လှန်ရေးအင်အားစုတွေ ဝင်တိုက်တာဟာ ဒီနှစ်ထဲမှာ ၂ ကြိမ်မြောက်ရှိပါပြီ။ ပထမအကြိမ်ကတော့ နှစ်ဆန်းပိုင်း ဇန်နဝါရီလအတွင်းမှာ KNU နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်တိုက်ခဲ့တာပါ။ ကြာအင်းဆိပ်ကြီးမြို့ဟာ KNU တပ်မဟာ (၆) နယ်မြေထဲမှာရှိပါတယ်။