Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

အရပ်သား ထိခိုက်၊ သေဆုံးမှု များပြားသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရချိန်၊ မြေပြင်တပ်များ အထိနာနေချိန်တွင် တော်လှန်ရေးသမားတို့ ခုခံရန် မစွမ်းသာသည့် လေကြောင်းကို စစ်ကောင်စီက အားပြုစစ်ဆင်နေသည်။

May 19, 2023
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ ပုန်ကန်မှုများကြောင့် စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ဗိုလ်ချုပ်ကြီးများက တော်လှန်ရေးသမားတို့ တုံ့ပြန်၊ ခုခံနိုင်စွမ်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများကို အားပြု စစ်ဆင်နေသည်။

ဒေသအလိုက် မှိုလိုပေါက်နေသည့် တော်လှန်ရေးအဖွဲ့များ၏ ပြောက်ကျားခုခံမှု၊ မိုင်းကို အားပြုခုခံမှုများကြောင့် မြေပြင်စစ်ကြောင်းများ အထိနာနေချိန်တွင် ပစ်မှတ်ကို တိတိကျကျ ပစ်ခတ်နိုင်သည့် တိုက်လေယာဉ်များ၊ ရုတ်တရက် စစ်ဆင်နိုင်သည့် တိုက်ခိုက်ရေးရဟတ်ယာဉ်များကို စစ်ကောင်စီက တောက်လျှောက်အသုံးပြုလာသည်။

စစ်ကောင်စီ၏ လေကြောင်းပစ်မှတ်များထဲတွင် စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ စသည့် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ ပါဝင်နေရာ ကလေးငယ်များ အပါအဝင် ရပ်ရွာဒေသခံများ အသက်သေဆုံးသည့် ဖြစ်စဉ်များစွာ ပေါ်ပေါက်နေသည်။

ထိုအဖြစ်အပျက်များစွာထဲမှ အရပ်သားများ အစုအပြုံလိုက်သေဆုံး ဒဏ်ရာရစေခဲ့သည့် ဆိုးရွားသော ဖြစ်ရပ်များကို စုစည်းဖော်ပြလိုက်ပါသည်။

ပဇီကြီးရွာ၊ ကန့်ဘလူမြိုနယ်၊ စစ်ကိုင်းတိုင်း (ဧပြီ ၁၁ ၊ ၂၀၂၃)

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများထဲတွင် အဆိုးရွားဆုံး၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင် အပါအဝင် အရပ်သားထိခိုက်မှုအများဆုံးဖြစ်ရပ်မှာ ဧရာဝတီမြစ်အနောက်ဘက်ကမ်း မြေပြန့်လွင်ပြင်တွင် တည်ရှိသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာတွင် ဧပြီ ၁၁ ရက်က ပေါ်ပေါက်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ရွာအခြေစိုက် ရုံးဖွင့်ပွဲ ကျင်းပနေချိန်၊ အကျွေးအမွေးဖြင့် ဧည့်ခံနေချိန်၊ လူ ၂၀၀ ဝန်းကျင်ရှိနေသည့် ဇီးပင်ကြီးရွာ အနောက်ဘက် မြေကွက်လပ် ကောင်းကင်ယံသို့ ထိုနေ့ နံနက် ၈ နာရီဝန်းကျင်တွင် တိုက်လေယာဉ်၊ ရဟတ်ယာဉ်တို့ ရုတ်တရက် ရောက်လာကာ ပစ်ခတ်သည်။

တိုက်လေယာဉ်က ပစ်သည့် ဒုံးကျည်နှစ်စင်းအနက် တစ်စင်းမှာ ရုံးနေရာကို ကျသည်။ ဒုံးကျည်နောက်တစ်စင်းက ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ အမျိုးသမီးများ အများစုရှိနေသည့် စားဖိုဆောင်ကို ထိသည်။ ပြေးရ၊ လွှားရ၊ ပုန်းရ၊ ရှောင်ရ ကမ္ဘာပျက်နေသည့် လူအုပ်၊ လူစုတို့ကို တိုက်ခိုက်ရေးရဟတ်ယာဉ်က လိုက်လံပစ်ခတ်သည်။

ပေါက်ကွဲမှု၊ ပစ်ခတ်မှုများကြောင့် တော်လှန်ရေးအဖွဲ့ရုံးနှင့် အကျွေးအမွေးဖြင့် ဧည့်ခံရာ တဲသာသာအဆောက်အအုံနှစ်လုံး ပျက်စီး၊ မီးလောင်ခဲ့ရသလို ထိုနေရာတစ်ဝိုက်တွင် မီးကျွမ်း၍ ရုပ်သဏ္ဌာန်ပင် မပီတော့သည့် အလောင်းများ၊ ခေါင်း၊ ကိုယ်၊ လက်၊ ခြေ၊ အသားစ၊ အသားစိုင်များကို တစ်စစီ ပြန့်ကျဲစွာတွေ့ရသည်။

ထိုဖြစ်စဉ်အပြီး သုံးရက်ကြာချိန် ယနေ့အထိ သေဆုံးသူများ မည်သူမည်ဝါဖြစ်သည်ကို ဝေခွဲမရသည်အထိ ရုပ်အလောင်းများ၏ အခြေအနေ ဆိုးလှသည်။ အလောင်းအများစုမှာ ခေါင်းနှင့် ကိုယ် ခန္ဓာအစိတ်အပိုင်း တွဲလျက်မရှိကြသဖြင့် ကယ်ဆယ်ရေးသမားတို့က ခန့်မှန်းခြေဖြင့် ရေတွက်နေရသည်။

ဧပြီ ၁၄ မွန်းလွဲပိုင်းစာရင်းအရ သေဆုံးသူ စုစုပေါင်း ၁၇၀ ကျော်ပြီဖြစ်ပြီး ထိုအထဲတွင် လသားအရွယ်မှအစ ကလေးပေါင်း ၃၀ ကျော်၊ အမျိုးသား ၇၀ ကျော်၊ အမျိုးသမီး ၂၀ ကျော် ပါဝင်သည်၊ ဒဏ်ရာရသူ ၅၀ ကျော်ရှိသည်ဟု ပဇီကြီးရွာအရေးကိစ္စများတွင် ကူညီနေသည့် တော်လှန်ရေးသမားတို့ထံမှ စုံစမ်း သိရှိရသည်။

စစ်ကောင်စီ အသုံးပြုသည့် လက်နက်၊ ခဲယမ်းများမှာ ဖျက်အားပြင်းလှသဖြင့် ကျည်ဆန်ထိမှန် ဒဏ်ရာရသူအများစုမှ အရိုးများပါ ဖွာလန်ကြဲကုန်သည်ဟု ၎င်းတို့က ပြောသည်။ လေကြောင်းမှ တိုက်ခိုက်ခံရသည့် ဧပြီ ၁၁ ရက် ညနေပိုင်းတွင် အလောင်းကောက်နေသူများရှိရာ ရွာတော်လှန်ရေးရုံး မြေနေရာသို့ စစ်ကောင်စီက နောက်တစ်ကြိမ် တိုက်လေယာဉ်သုံး၍ ပစ်ခတ်သည်။

ပဇီကြီးရွာကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့သည်ဟု စစ်ကောင်စီက နေ့တွင်းချင်း (ဧပြီ ၁၁) ဝန်ခံထားသော်လည်း အရပ်သားထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ နှုတ်ဆိတ်နေဆဲဖြစ်သည်။

ဝေဘူလမြို့ ၊ ဖလမ်းမြို့နယ်၊ ချင်းပြည်နယ် (ဧပြီ ၁၀၊ ၂၀၂၃)

စစ်ကောင်စီ၏ ဆိုးရွားသော လေကြောင်းတိုက်ခိုက်မှု နောက်တစ်ခုမှာ စစ်ကိုင်းတိုင်းနှင့် ကပ်လျက် ချင်းပြည်နယ်တွင် ဖြစ်ခဲ့သည်။ ဖလမ်းမြို့ အရှေ့မြောက်ဘက် ၁၀ မိုင်ကျော်အကွာတွင် ရှိသည့် ဝေဘူလမြို့ အထက်တန်းကျောင်းကို ဧပြီ ၁၀ ရက်၊ နံနက် ၁၁ နာရီ ဝန်းကျင်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချသည်။

ကျောင်းအုပ်ကြီးနှင့် ဇနီးအပါအဝင် သေဆုံးသူ ၉ ဦး ရှိခဲ့ပြီး ဒေသခံအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်ရှိ ဝေဘူလမြို့ အထက်တန်းကျောင်းအတွင်း တော်လှန်ရေးအဖွဲ့များ အခြေစိုက်ခြင်းမရှိဘဲ စစ်ကောင်စီက အရပ်သားပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းသာဖြစ်သည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နှင့် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တို့မှ တာဝန်ရှိသူတို့က ပြောဆိုထားသည်။

ဖလမ်းမြို့ မြောက်ဘက် သုံးမိုင်ဝန်းကျင် မဏိပူရ်မြစ် အနောက်ဘက်ကမ်း ဗားရ်ရွာအခြေစိုက် စစ်ကောင်စီစခန်းကို တော်လှန်ရေးအဖွဲ့က ဧပြီ ၁၀ ရက် နံနက် ၅ နာရီဝန်းကျင်တွင် တိုက်ခိုက် သိမ်းပိုက်ပြီး နာရီပိုင်းအကြာတွင် အရှေ့ဘက် ၁၀ မိုင်ကျော်အကွာ ဝေဘူလမြို့စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲခြင်းဖြစ်သည်။

ခွာဖိုးရ်ရွာ၊ ထန်တလန်မြို့၊ ချင်းပြည်နယ် (မတ် ၃၀၊ ၂၀၂၃)

တောင်တန်းဒေသ ချင်းပြည်နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုများပြားသည့် ဖြစ်စဉ်နောက်တစ်ခုမှာ ပြည်နယ်မြောက်ပိုင်းရှိ ထန်တလန်မြို့၊ မြောက်ဘက် ၅ မိုင်အကွာရှိ ခွာဖိုးရ်ရွာတွင် မတ် ၃၀ ရက်တွင် ဖြစ်ခဲ့သည်။

အိမ်ခြေ ၇၀ ခန့်သာရှိသည့် ခွာဖိုးရ်ရွာကို စစ်ကောင်စီက တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကိုးလုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ကလေးနှစ်ဦး အပါအဝင် အရပ်သား ကိုးဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရခဲ့သည်။ ခရစ်ယာန်ဘာသာရေးအဆောက်အအုံ ၂လုံး၊ နေအိမ် ၁၁ လုံး ပျက်စီးသည်။

အနမ့်ပါ၊ ဖားကန့်မြို့နယ်၊ ကချင်ပြည်နယ် (အောက်တိုဘာ ၂၃၊ ၂၀၂၂)

အာဏာသိမ်းမှု နှစ်နှစ်ပြည့်ခါနီး ၂၀၂၂၊ အောက်တိုဘာ ၂၃ ရက်တွင် ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ အခြေစိုက်ရာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ အနမ့်ပါရွာကို စစ်ကောင်စီက တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးသုံးလုံး ကြဲချသည်။

KIA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ KIO ထူထောင်မှုနှစ်ပတ်လည် အထိမ်းအမှတ်နေ့ အကြိုဂီတဖျော်ဖြေပွဲ ကျင်းပနေချိန်၊ KIA အရာရှိများ၊ ဧည့်သည်တော်များ၊ ဒေသခံများ အစုံအလင်ရှိနေချိန် ထိုနေ့ ည ၉ နာရီတွင် အနမ့်ပါဒေသကို စစ်ကောင်စီက လေကြောင်းမှ ရုတ်တရက် တိုက်ခိုက်ခြင်းဖြစ်သည်။

တစ်လုံးမှာ ဖျော်ဖြေရေးစင်နှင့် အထူးဧည့်သည်တော်များ ရှိနေသည့် ရှေ့ဆုံးတန်းသို့ တည့်တည့်ကျသည်။ အခြားဗုံးများမှာ စားဖိုဆောင်နှင့် ပွဲခင်း၏ မနီးမဝေးသို့ ကျသည်ဟု ကိုယ်တွေ့ကြုံရသူအချို့ထံမှ သိရသည်။

ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသရှိ အနမ့်ပါရွာကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ၆၂ ဦး သေဆုံး၊ ၁၀၀ နီးပါး ဒဏ်ရာရသည်ဟု KIA က အတည်ပြုသည်။ သေဆုံးသူများထဲတွင် KIA အရာရှိ၊ အနုပညာရှင်၊ စီးပွားရေးသမား၊ ဒေသခံများ ပါဝင်သည်

လက်ယက်ကုန်းရွာ၊ ဒီပဲယင်းမြို့နယ်၊ စစ်ကိုင်းတိုင်း (စက်တင်ဘာ ၁၆၊ ၂၀၂၂)

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အများအပြား သေဆုံး၊ ဒဏ်ရာရသည့် ဖြစ်စဉ်နောက်တစ်ခုမှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာတွင် ၂၀၂၂၊ စက်တင်ဘာ ၁၆ ရက်က ဖြစ်ပွားသည်။

ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ စာသင်ကျောင်းကို တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်ခဲ့ရာ ကလေး ၇ ဦး၊ လူကြီး ၅ ဦး သေဆုံးခဲ့ရသည်။

စစ်ကောင်စီက ကလေးငယ်များ၏ ရုပ်အလောင်းများကို ယူသွားရုံမက ဒဏ်ရာရထားသည့် အသက် ၇ နှစ်မှ ၁၅ နှစ်အရွယ် ကျောင်းသား ၅ ဦး၊ ကျောင်းသူ ၂ ဦး၊ ဆရာဆရာမများ အပါအဝင် အသက် ၁၈ နှစ်မှ ၄၂ နှစ်အတွင်းရှိ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦးတို့ကိုပါ ဖမ်းသွားသည်။

ထိုဖြစ်စဉ်အပြီး တစ်လကျော်အတွင်း ကျောင်းသားကျောင်းသူများနှင့် လူကြီး ၆ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးသည်။ အသက် ၂၀ ကျော်အရွယ်များဖြစ်သည့် ကိုမင်းခန့်ဇော်နှင့် ကိုစိုးမင်းဦးတို့နှစ်ဦးကိုမူ ယနေ့တိုင် ဖမ်းထားသည်။

ရင်ပေါင်တိုင်ရွာ၊ ယင်းမာပင်မြို့နယ်၊ စစ်ကိုင်းတိုင်း (ဩဂုတ် ၁၁၊ ၂၀၂၂)

ရရာလက်နက်ဖြင့် ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု နောက်တစ်ခုမှာ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာတွင် ၂၀၂၂ ဩဂုတ် ၁၁ ရက်တွင် ပေါက်ပေါက်ခဲ့သည်။

ရင်ပေါင်တိုင်ရွာ၌ ငါးရက်တစ်ခါ ဖွင့်လှစ် ရောင်းချသော ဈေးနေ့၊ လူစည်ကားချိန် နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တည်ရှိရာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ဘက်မှ တက်လာသည့် တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီး ရင်ပေါင်တိုင်ရွာသို့ ရုတ်တရက်ရောက်လာကာ တစ်နာရီနီးပါးကြာ ပစ်ခတ်သည်။

ပစ်ခတ်ပြီးနောက် ရဟတ်ယာဉ်ပေါ်မှ စစ်သားများ ဆင်းလာကာ ရင်ပေါင်တိုင်ရွာ၌ သုံးရက်ကြာ တပ်စွဲသည်။ စစ်ကောင်စီတပ် ပြန်ထွက်သွားချိန်တွင် အသက် ၁၀ နှစ်အရွယ် ကလေးငယ်အပါအဝင် ဒေသခံ ၁၈ ဦး၏ အလောင်းများကို ရင်ပေါင်တိုင်ရွာခံများ ရှာတွေ့သည်။

စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းပြီး နှစ်နှစ်ကျော် ကာလအတွင်း နိုင်ငံအနှံ့ တိုက်ပွဲများ ဖြစ်နေရာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ဦးရေ ၁.၈ သန်းနီးပါး ရှိလာကြောင်း ကုလသမဂ္ဂက ဧပြီ ၅ ရက်တွင် ထုတ်ပြန်သည့် စာရင်းတွင် တွေ့ရသည်။

စစ်တပ်၏ လက်ချက်ဖြင့် သေဆုံးသူ ၃၂၄၀ ဦးအထိ ရှိကာ လူပေါင်း ၁၇၀၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က လက်လှမ်းမီသမျှ ပြုစုထားသည့် စာရင်းက ဆိုသည်။

အရပ်ဘက်အချက်အလက်ကောက်ယူရေးအဖွဲ့ Data for Myanmar ၏ စာရင်းများအရ ၂၀၂၂ ဖေဖော်ဝါရီမှစ၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ စစ်ကောင်စီကြောင့် နိုင်ငံတစ်ဝန်းတွင် နေအိမ် ၆၀၀၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကာ အများစုမှာ နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းမှ ဖြစ်ကြောင်း တွေ့ရသည်။

Source – Myanmar Now

 

 

 

Related Posts

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

သတင်း

မြန်မာရွေးကောက်ပွဲ နောက်ကွယ်မှ တရုတ်စွက်ဖက်မှု

July 24, 2025

မြန်မာစစ်ကောင်စီသည် ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်နေစဉ် တရုတ်သည်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English