ဒီနေ့ဟာစစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ပဇီကြီးတေကျးရွာလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်သေဆုံးသွားတဲ့ပြည်သူတွေရဲ့ရက်လည်နေ့ပါ။ဒါပေမယ့်တရွာလုံးထွက်ပြေးနေရတာကြောင့်ရက်လည်ဆွမ်းသွတ်မလုပ်ကြဘူး။လုပ်မယ်ဆိုရင်လဲတရွာလုံးတအိမ်မကျန်အောင်လုပ်ရမှာပါ။ထိုနေ့ကဖြစ်ရပ်ကြောင့်တရွာလုံးမှာသေဆုံးသူမရှိတဲ့မိသားစုမရှိတဲ့အထိဖြစ်သွားခဲ့တယ်။တပတ်ပြည့်ခဲ့ပေမယ့်စစ်တပ်ရဲ့လေကြောင်းခြိမ်းခြောက်မှုတွေဆက်လက်ရှိနေတာကတကြောင်း၊ရွာသူရွာသားတေခမျာစိတ်ဒဏ်ရာပြင်းထန်စွာရနေကြလို့ရွာကိုပြန်မဝင်နိုင်သေးပဲနီးစပ်ရာတောထဲတောင်ထဲတွေမှာခိုအောင်းနေကြရတယ်။ရက်လည်နေ့အတွက်တရားဟောပေးမယ့်ဘုန်းကြီးမရှိတာကြောင့်ဖုန်းနဲ့ပဲအဆင်ပြေသလိုလုပ်လိုက်ကြရတယ်။
ဒီလောက်ပြည်သူတွေဒုက္ခရောက်နေတာတောင်ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာစစ်ကောင်စီကိုရှုံ့ချကန့်ကွက်ကြောင်းစာထုတ်ဖို့ကိုတောင်တရုတ်နဲ့ရုရှားကကန့်ကွက်လို့ဘာမှလုပ်လို့မရခဲ့ဘူး။မြန်မာပြည်သူတွေအတွက်အတော်ရင်နာစရာကောင်းတယ်။ကူရာကယ်ရာမဲ့အခြေအနေမှာကမ္ဘာကြီးဆီကဘာမှမျှော်လင့်လို့မရတော့ပါဘူး။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။