မနေ့ညကစစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကဧလာလေယာဥ်ကွင်းကိုတော်လှန်ရေးအဖွဲ့တွေရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့မီးအကြီးအကျယ်လောင်ခဲ့တယ်။မီးလောင်မှုဟာကြီးမားတာကြောင့်လေယာဥ်ဆီသိုလှောင်တဲ့နေရာတွေထိခိုက်သွားတယ်လို့ပြောကြသလိုလက်နက်ခဲယမ်းသိုလှောင်ရုံကိုကျရောက်ပေါက်ကွဲတယ်ဆိုကြတယ်။စစ်တပ်က လုံခြုံရေးအပြည့်အဝယူထားတဲ့နေရာဖြစ်တာကြောင့် ဘယ်လောက်ထိခိုက်သွားတယ်ဆိုတာတော့အတည်မပြုနိုင်သေးဘူး။စစ်ကောင်စီကတော့လေယာဥ်ကွင်းနားကတောမီးလောင်တာပါလို့သတင်းလွှင့်တယ်။
မရှေးမနှောင်းမှာပဲမကွေးတိုင်းဆိပ်ဖြူမြို့နယ်ကစစ်တပ်ရဲ့လေယာဥ်ဗုံးတွေထုတ်လုပ်တဲ့စက်ရုံတစ်ခုလဲရှော့တိုက်ဒုံးနဲ့အတိုက်ခံရတယ်။တော်လှန်ရေးအဖွဲ့တွေကအနီးဆုံးနေရာကနေသေချာချိန်ရွယ်ပစ်ခတ်ခဲ့တာကြောင့်လက်နက်သိုလှောင်ရုံထိမှန်ပေါက်ကွဲသွားတယ်လို့အတည်ပြုတယ်။စစ်သားတချို့လဲထိခိုက်သေဆုံးနိုင်တယ်။ပစ်ခတ်ခံရချိန်ထိုစက်ရုံမှာရုရှားကလက်နက်ပညာရှင်တွေလဲရောက်ရှိနေတယ်။သူတို့ထိခိုက်မှုရှိမရှိတော့သေချာမသိရဘူး။
အခုနောက်ပိုင်းမှာတော်လှန်ရေးအဖွဲ့တွေဟာစစ်တပ်ရဲ့အတွင်းစည်းကမဟာဗျူဟာမြောက်ပစ်မှတ်တွေကိုတိုက်ခိုက်လာနိုင်တာကိုသတိထားမိတယ်။ထိုကဲ့သို့ပစ်မှတ်တွေခပ်စိတ်စိတ်တိုက်ခိုက်လာနိုင်ရင်စစ်ကောင်စီအတွက်များစွာအခက်တွေ့စေနိုင်တယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။