ထုတ်ဝေခွင့်ပိတ်သိမ်းခံရသော်လည်း ဒီမိုကရေစီရေးအတွက် ဆက်လက်လုပ်ဆောင်မည်ဟု ကြေညာထားသည့် Mizzima သတင်းဌာနရုံးချုပ်ကို စစ်ကောင်စီတပ်ဖွဲ့များက ယနေ့(မတ် ၉) ညနေပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့သည်။
“ရုံးက ပြန်အပ်ထားတာ အာဏာသိမ်းကတည်းက၊ ဆိုင်းဘုတ်လည်းမရှိဘူး”ဟု Mizzima သတင်းဌာန အယ်ဒီတာချုပ် ဦးစိုးမြင့်က ပြောသည်။
ရန်ကုန် သန်လျှင်မြို့နယ်ရှိ Star City အိမ်ရာတွင် ဖွင့်လှစ်ခဲ့သော Mizzima သတင်းဌာန ရုံးချုပ်နေရာ ဟောင်းကို စစ်ကောင်စီ၏ လက်နက်ကိုင်များက ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူ မရှိ ကြောင်းလည်း ၎င်းက ပြောသည်။
အာဏာသိမ်း စစ်ကောင်စီသည် ပြီးခဲ့သည့်သီတင်းပတ်များမှ စတင်ကာ သတင်းမီဒီယာများကို ဆက်တိုက်ဖိအားပေး ခြိမ်းခြောက်ခဲ့ပြီးနောက် သတင်းဌာနရုံးခန်းများကိုလည်း ဆက်တိုက် ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ (မတ် ၈) တွင် ပန်းဘဲတန်းမြို့နယ် ကုန်ဈေးတန်းလမ်းရှိ Myanmar Now သတင်းဌာနကို ဝင်ရောက်စီးနင်းခဲ့ပြီး ယနေ့ (မတ် ၉) မွန်းလွဲပိုင်းတွင် ကမာရွတ်မြို့နယ်ရှိ ကမာရွတ်သတင်းဌာနကို ဝင်ရောက် စီးနင်းခဲ့သည်။
Myanmar Now သတင်းဌာနရုံး စီးနင်းခံရချိန်တွင် မည်သူတစ်ဦးတစ်ယောက်မျှ ဖမ်းဆီးခံခဲ့ရခြင်း မရှိသော်လည်း ကမာရွတ်သတင်းဌာန စီးနင်းခံရချိန်တွင် အဆိုပါသတင်းဌာန တွဲဖက်တည်ထောင်သူ ကိုဟန်သာငြိမ်းနှင့် အယ်ဒီတာချုပ် ကိုနေသန်မောင်တို့ကို စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွား ခဲ့သည်။
အပြည့်အစုံဖတ်ရန်; https://www.myanmar-now.org/mm/news/6010
Source; Myanmar Now