နွေဦးတော်လှန်ရေး အစောပိုင်းကာလက ရှီကျင့်ဖျင် သမ္မတ သက်တမ်းတိုးရေးနှင့် ပတ်သက်၍ အလုပ်ရှုပ်နေကြ၍လည်းကောင်း၊ မြန်မာပြည်တွင်းရေးပဋိပက္ခတွင် နောက်ဆုံး၌ မြန်မာစစ်တပ်ကသာ ထိန်းချုပ်သွားနိုင်မည်ဟု ယူဆကြ၍လည်းကောင်း တရုတ်တို့သည် မြန်မာ့အရေးကို ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ် နှစ်နှစ်အတွင်း ကြားနေခဲ့၏။
သို့သော် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် စစ်တပ် ရှုံးပွဲဆက်ပြီး စစ်ရေးအရ ဗျူဟာမြောက်မြို့များအား ဆုံးရှုံးခဲ့ရာ မြန်မာစစ်တပ် ပြိုကွဲနိုင်သည်ဟု အများက သုံးသပ်လာကြသည့်အချိန်တွင် တရုတ်တို့ ကြားမနေနိုင်ကြတော့ပေ။ မြန်မာစစ်တပ် အသက်ဆက်ရေးအတွက် ဘက်ပေါင်းစုံက အကူအညီများ ပေးအပ်ခဲ့ပြီး မြန်မာ့ပြည်တွင်းရေးကို ဗြောင်အတိအလင်း ဝင်ရောက်စွက်ဖက်သည်ကို တွေ့ရတော့သည်။
ရှမ်းမြောက်ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) လားရှိုးကျပြီးနောက် ရက်ပိုင်းအတွင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် နေပြည်တော်သို့ ရောက်လာပြီး စစ်တပ်ခေါင်းဆောင်နှင့် တွေ့ဆုံကာ စစ်ကောင်စီ၏ နိုင်ငံရေးရည် ရွယ်ချက်များ၊ ရွေးကောက်ပွဲကျင်းပရေးတို့ကို ထောက်ခံခဲ့ပြီး အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို ထောက်ခံသည်ဆိုသည့် တရုတ်အစိုးရသည် အာဆီယံမူ ငါးချက်ကို ဆန့်ကျင်ခဲ့သည်။
ထို့ပြင် ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင်ကျင်းပသည့် လန်ချန်း-မဲခေါင်ဒေသ အစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင်ကို ပွဲထုတ်ခဲ့၏။ အာဆီယံအစည်းအဝေး တက်ရောက်ခွင့် ပိတ်ထားသည့် မင်းအောင်လှိုင်အား မဲခေါင်ဒေသတွင်ပါသည့် အာဆီယံ ငါးနိုင်ငံကြား နိုင်ငံရေးအရ နေရာပေးခဲ့၏။
စစ်ကောင်စီအား ရွေးကောက်ပွဲ ကျင်းပ၍ အရပ်သားအစိုးရအဖြစ် အရေခွံလဲစေပြီး အာဆီယံ၊ ကုလသမဂ္ဂတို့တွင် နေရာပြန်လည်ရရှိစေရန် တရုတ်တို့က နိုင်ငံရေးထွက်ပေါက်ပေးပြီး လမ်းဖွင့်ပေးခြင်းလည်းဖြစ်၏။ ဤလမ်းကြောင်းကိုလည်း စစ်ကောင်စီက သူတို့ဘာသာ ထိုးဖောက်နိုင်ခြင်းမရှိပေ။ တရုတ်၏ အားပေးထောက်ခံမှု လိုအပ်သည်။