မန္တလေးမြို့ကပြိုကျသွားတဲ့ တိုက်တာအဆောက်အအုံတွေမှာ Sky Villa ကွန်ဒိုက အခြေအနေအဆိုးဆုံးဖြစ်နေတယ်။ထိုကွန်ဒိုဟာ၁၂ထပ်ရှိပြီး ငလျင်ကြီးကြောင့်အောက်ဆုံးသုံးထပ်ပြိုကျသွားပြီး ကျန်တဲ့အထပ်တွေဟာလဲ နောက်ဆက်တွဲငလျင်တွေကြောင့်ဆက်လက်ပြိုကျသွားလို့ သေဆုံးသူနဲ့ပိတ်မိနေသူတွေအများအပြားရှိနေတယ်။ဒါပေမယ့်ဒီနေ့မှသာ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်လုပ်နိုင်တာကြောင့်အသက်ရှင်ကျန်ရစ်သူတွေ တွေ့ဖို့သိပ်မသေချာတော့ပါဘူး။
အခုငလျင်မှာဗုဒ္ဓဘာသာဝင်သံဃာတော်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေလဲ အများအပြားသေဆုံးခဲ့ပါတယ်။သာသနာနယ်မြေ စစ်ကိုင်းတောင်ကဘုန်းကြီးကျောင်းတွေက ဘုန်းကြီးတွေနဲ့သီလရှင် အများအပြားသေဆုံးခဲ့သလို မန္တလေးမှာလဲထိုနေ့ကစာဖြေပွဲတွေရှိနေလို့ စာဖြေနေရင်းပြိုကျသွားတဲ့ဘုန်းကြီးကျောင်းတွေရှိလို့ စာဖြေသံဃာအချို့သေဆုံးခဲ့တယ်။သောကြာနေ့ဟာအစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုရက်ဖြစ်ပြီးငလျင်လှုပ်တဲ့ အချိန်ဟာ ဝတ်ပြုချိန်ဖြစ်နေတာကြောင့် ဗလီတွေပြိုကျပြီးအစ္စလာမ်ဘာသာဝင်များစွာလဲ သေဆုံးခဲ့တယ်။အခုဆိုရင်သေဆုံးသူ ထောင်ဂဏန်းကျော်လာပါပြီ။နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေကတော့ သေဆုံးသူတစ်သောင်းကနေတစ်သိန်းကြားရှိမယ်လို့ ခန့်မှန်းထားကြတယ်။