ဒီနေ့မှာတော့မြန်မာနိုင်ငံအတွက် သမိုင်းဝင်မယ့်ဝမ်းနည်းစရာ အဖြစ်ဆိုးကြီးတစ်ခုဖြစ်ပျက်သွားပါတယ်။
ဒီနေ့ရုံးဖွင့်ရက်မို့ရုံးမှာ နေ့လည်စာစားနေတုန်းငလျင်လှုပ်တာကို သိသိသာသာခံစားလိုက်ရတယ်။အရင်ကလဲ ငလျင်လှုပ်တာကိုကြုံတွေ့ဖူးပေမယ့် ဒီတစ်ခေါက်က သုံးမိနစ်ကနေငါးမိနစ်အထိကြာတယ်။ရုံးထဲကလူတွေလဲအပြင်ကို ပြေးထွက်ကြတာပေါ့။စိတ်ထဲမှာ တစ်ခုခုဖြစ်တော့မယ်လို့တော့ထင်မိတယ်။ခဏအကြာမှာတော့ ဆိုရှယ်မီဒီယာတွေမှာ သတင်းတွေစတက်လာပါတယ်။ ပထမဆုံးတွေ့တဲ့သတင်းကတော့ နှစ်တရာနီးပါးသက်တမ်းရှိတဲ့ဧရာဝတီမြစ်ကူးအင်းဝတံတားကြီး အပိုင်းပိုင်းပြတ်ကာကျိုးကျသွားတဲ့ ပုံတွေတက်လာတယ်။ပီးတော့မန္တလေးမဟာမြတ်မုနိဘုရားကြီးရဲ့ ပြိုပျက်နေတဲ့စောင်းတန်းတွေရဲ့ပုံတွေတက်လာတယ်။ဆက်တိုက်ဆိုသလိုပဲ မန္တလေးမြို့တစ်မြို့ကအပျက်အစီးသတင်းတွေ တွေ့လာရတယ်။အင်အား၇.၇ရှိ အလွန်အင်အားပြင်းထန်တဲ့ ငလျင်ဟာမန္တလေးမြို့ကို ဗဟိုပြုပြီးလှုပ်ခတ်သွားတာပါ။ထိုငလျင်ရဲ့အရှိန်ကြောင့် ကီလိုမီတာတစ်ထောင်ကျော်ဝေးတဲ့ဘန်ကောက်မြို့မှာတောင်ဆောက်လက်စအထပ်မြင့် အဆောက်အအုံတစ်ခုပြိုကျသွားတယ်။ငလျင်ဗဟိုချက်ဖြစ်တဲ့မန္တလေးမြို့နဲ့ အနီးတဝိုက်ဒေသတွေအတွက်တော့ ကြမ္မာဆိုးဝင်တာပါပဲ။