စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့မှာ စစ်အုပ်စုက တွေ့သမျှလူကို ပေါ်တာဆွဲ ဖမ်းဆီးကာ အသေခံ စစ်သားသစ်အဖြစ် စုဆောင်းနေလို့ ပြည်သူတွေ အိမ်အပြင်ထွက် သွားလာတာတွေ မလုပ်ဝံ့တော့ဘဲ စျေးတွေလည်း ပိတ်ထားရတယ်။ စစ်အုပ်စုဟာ ဇန်နဝါရီလ ၂၅ ရက်က စလို့ မုံရွာမြို့မှာ တွေ့သမျှလူကို ပေါ်တာဆွဲ ဖမ်းဆီးကာ အသေခံ စစ်သားသစ် အဖြစ် စုဆောင်းနေတာပါ။ မြို့လယ်က လက်ဖက်ရည်ဆိုင်တွေမှာ ဆိုင်ထိုင်နေတဲ့သူတွေပါ ဝင်ဆွဲနေလို့ လက်ဖက်ရည်တောင်ကောင်းကောင်း မသောက်နိုင်ပဲ ထွက်ပြေးနေကြရတယ်။ လက်ရှိမှာ ပေါ်တာဆွဲခံရမှာ ကြောက်ရွံ့ကြတာကြောင့် မုံရွာမြို့ရဲ့ စီးပွားကူးသန်း ရောင်းဝယ်ကြသူတွေ အသွားအလာ မလုပ်ဝံ့ကြဘဲ မြို့တွင်း လမ်းသွားလမ်းလာ ကင်းမဲ့ကာ ခြောက်ကပ် တိတ်ဆိတ်နေသလို စျေးတွေလည်း ပိတ်ထားကြရတယ်။ ဒါ့အပြင် မုံရွာမြို့ အနီးဝန်းကျင် မြို့ရွာတွေက စျေးသည်စျေးဝယ်တွေလည်း မုံရွာမြို့ပေါ် မသွားရဲတော့ဘူး။ စစ်အုပ်စုက မုံရွာမြို့အဝင်အထွက် ဂိတ်တွေနဲ့ မြို့တွင်းမှာ ကားနဲ့လှည့်ပတ် ချောင်းမြောင်းကာ တွေ့သမျှလူကို ပေါ်တာဆွဲ ဖမ်းဆီးနေတာ ဖြစ်ပြီး ယခင်က ဖမ်းဆီးထားသူတွေကို ငွေနဲ့ ရွေးထုတ်ရင် ပြန်လွှတ်ပေးတာ ရှိခဲ့ပေမယ့် အခုရက်ပိုင်း ဖမ်းခံရသူတွေကိုတော့ ငွေနဲ့ ပြန်ရွေးထုတ်လို့ မရတော့ဘူး။ စစ်အုပ်စုက အခုလိုတွေ့သမျှလူ ပေါ်တာဆွဲနေလို့ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကနေ မုံရွာမြို့ကို သွားရောက်ပြီး အလုပ်လုပ်ကိုင်နေကြတဲ့ နေ့စား၊ လခစား ဝန်ထမ်းတွေလည်း အလုပ်မသွားရဲတာ ရတပတ်ကျော် ကြာရှိနေပါပြီ။ ပေါ်တာဆွဲခံရတဲ့ အရေအတွက် အတိအကျ မသိရပေမယ့် ရာနဲ့ချီပြီးရှိနိူင်ပါတယ်။ မုံရွာဆိုတာ မြို့ကြီးတစ်မြို့ဖြစ်ပြီး အခုလိုအခြေအနေမျိုး ရန်ကုန်နဲ့မန္တလေးလို မြို့ကြီးတွေဖြစ်မလာဘူးလို့ မပြောနိုင်ပါဘူး။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...