စစ်ကိုင်းတိုင်း၊ဝက်လက်မြို့မှာမြို့ပေါ်ကထွက်လာပြီး ရွာတွေဘက်စစ်ကြောင်းထိုးနေတဲ့စစ်သူပုန်စစ်ကြောင်းနှစ်ခုကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေကစစ်ကြောင်းလိုက် ပြုတ်အောင်ခြေမှုန်းနိုင်ခဲ့ပါတယ်။ထိုစစ်ကြောင်းနှစ်ခုပေါင်း စစ်သူပုန်တစ်ရာခန့်သေဆုံးသွားပြီး ကိုးဦးကိုအရှင်ဖမ်းမိတယ်။ထိုစစ်သူပုန်စစ်ကြောင်းတွေကို အပြတ်ခြေမှုန်းနိုင်ခဲ့တဲ့တော်လှန်ရေးအဖွဲ့တွေဟာ ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေးတွေမှာပါဝင်ခဲ့ပြီး စစ်ကိုင်းတိုင်းကိုပြန်ရောက်လာတဲ့အဖွဲ့တွေဖြစ်တယ်။ရှမ်းမြောက်မှအတွေ့အကြုံနဲ့ လက်နက်တွေရလာပြီးနောက် အခုလိုစစ်ကောင်စီတပ်တွေရဲ့စစ်ကြောင်းတွေကို အပြတ်ချေမှုန်းနိုင်လာတာပါ။
စစ်ကိုင်းတိုင်းမှာရွာတွေကို မီးရှို့လူသတ်ဖျက်စီးဖို့ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေကို အခုလိုချေမှုန်းလိုက်နိုင်တာ ဒီတကြိမ်နဲ့ဆိုနှစ်ကြိမ်ခန့်ရှိပါဘူး။၂၀၂၄ခုနှစ်၊နိုဝင်ဘာလတုန်းကလဲ ကန့်ဘလူမြို့မှာတော်လှန်ရေးအဖွဲ့တွေက စစ်သူပုန်တွေကိုစစ်ကြောင်းလိုက် ချေမှုန်းလိုက်နိုင်ခဲ့သေးတယ်။အခုနောက်ပိုင်းမှာလဲစစ်သူပုန်တွေဟာ စစ်ကိုင်းတိုင်းထဲမှာအရင်လို ထင်တိုင်းမကြဲရဲတော့ပါဘူး။သူတို့ထိန်းချုပ်ထားတဲ့မြို့တွေပေါ်မှာပဲ ခံစစ်ပြင်နေထိုင်ကြတော့တယ်။စစ်ကိုင်းတိုင်းထဲက စစ်ရေးအခြေအနေတွေဟာ ဖြေးဖြေးနဲ့မှန်မှန်တိုးတက်လာပေမယ့် တော်လှန်ရေးအဖွဲ့တွေအနေနဲ့မြို့တွေကို အပြီးတိုင်သိမ်းပိုက်နိုင်ဖို့ကြိုးစားကြရပါဦးမယ်။