စစ်အာဏာသိမ်းပြီးနောက် တနေ့တခြား ပေါများလာတဲ့ ဒုစရိုက်မှုတွေဟာ အဆိုးဆုံးအခြေအနေကိုရောက်ရှိလာနေပါပြီ။ ဒီနေ့ဆိုရင် မြန်မာနိုင်ငံရဲ့ အဓိက မြို့ကြီး သုံးမြို့ဖြစ်တဲ့ ရန်ကုန်၊ မန္တလေးနှင့်မုံရွာမြို့ တို့မှာ တမနက်ထဲ ဓားပြတိုက်လူသတ်ပြန်ပေးစွဲမှု သုံးမှုဖြစ်ခဲ့တယ်။
ရန်ကုန်မြို့မှာ ဗဟန်းမြို့နယ်ရှိအလှကုန်ပစ္စည်းဆိုင်တစ်ဆိုင်ကို နံနက်၈နာရီခန့်တွင် အမျိုးသားတစ်ဦးကဝင်ရောက်လုယက်ပြီး ဆိုင်ရှင်အမျိုးသမီးကိုဓါးဖြင့်ထိုးခဲ့တယ်။ အလုခံရသူ အမျိုးသမီးကပြန်ခုခံလို့ ဓားထိုးခံရတာဖြစ်ပြီး ထိုအမျိုးသမီးဟာ ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်။ တရားခံကိုတော့မမိလိုက်ပါဘူး။ မန္တလေးမြို့မှာလဲ ဒိုင်းမွန်းပလာဇာအနီးမှ နဂါးနန်းတော် စိန်ရွှေရတနာဆိုင်ကို ယနေ့ နံနက် ၈ နာရီ ၅၀ မိနစ်ခန့်မှာ ဓားပြတိုက်ခံရပြီး ရွှေ ၁ ပိဿာနှင့် ငွေကျပ်သိန်း ၃၀ပါသွားတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာလဲ ကားမောင်းလာသူအမျိုးသမီးတစ်ဦးအားသေနတ်ဖြင့် လေးချက်ပစ်သတ်ပြီး ကားအားလုယက်ယူဆောင်သွားမှု ဒီနေ့နံနက်ပိုင်း၌ဖြစ်ခဲ့ပါတယ်။ တရားခံတွေကိုတော့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က လိုက်လံဖမ်းဆီးနေပါတယ်။
ရာဇဝတ်မှုတွေဖြစ်ခဲ့တဲ့ မြို့ကြီးသုံးမြို့မှာ ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်ပြီး မန္တလေးမြို့ဟာမြန်မာနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်တယ်။ နှစ်မြို့စလုံးကို စစ်ကောင်စီကထိန်းချုပ်ထားတယ်။ မုံရွာမြို့ကတော့ စစ်ကိုင်းတိုင်း၏ မြို့တော်ဖြစ်ပြီး တော်လှန်ရေးအင်အားသူများရော စစ်ကောင်စီကပါ ထိန်းချုပ်ထားတယ်။ မန္တလေးမြို့မှာ ဒီတစ်ကြိမ်ဆိုရင် မြို့လယ်ခေါင်တွင် ရှစ်ရက်အတွင်း သုံးကြိမ်ဓားပြတိုက်ခံရခြင်းဖြစ်တယ်။