တရုတ်ကြားဝင်စေ့စပ်ပေးမှုကြောင့် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန် မြန်မာလက်နက်ကိုင်တော်လှန်ရေးအဖွဲ့နှစ်ဖွဲ့၏ ကမ်းလှမ်းမှုများက တရုတ်၏ ဖိအားပေးမှုများကြောင့်ဖြစ်နိုင်ပြီး ပိုမိုကျယ်ပြန့်စွာ ဖြစ်ပွားနေသော တော်လှန်မှုများကို အဆုံးသတ်နိုင်ဖွယ်မရှိကြောင်း လေ့လာသုံးသပ်သူများက ရှုမြင်ကြသည်။
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေကျင်းသို့ သွားရောက်ပြီး မကြာမီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အဆင်သင့်ဖြစ်နေပြီဟု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ပြောကြားခဲ့ပြီး တရုတ်က ကြားဝင်ဖျန်ဖြေရေး ကြိုးပမ်းနေကြောင်း နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကလည်း အလားတူ ကြေညာချက်ထုတ်ပြန်ခဲ့ သည်။
ယင်းနှစ်ဖွဲ့စလုံးက ၂၀၂၃ခုနှစ် အောက်တိုဘာလကတည်းက စစ်အစိုးရကို ကျယ်ကျယ်ပြန့်ပြန့် ထိုးစစ်ဆင်မှု တွင် ပါဝင်ခဲ့သည့် ညီနောက်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည်။
MNDAA ၏ “အပြုသဘောဆောင်သော ပြောကြားချက်ကို တရုတ်အစိုးရက ကြိုဆိုကြောင်းနှင့် တရုတ်အကျိုး စီးပွားကို ကာကွယ်ရန် လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
“သက်ဆိုင်သူတွေအနေနဲ့ တရုတ်နယ်စပ်ဒေသတွေ၊ တရုတ်နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံက စီမံကိန်းတွေရဲ့ လုံခြုံရေးကို မထိခိုက်စေသင့်ပါဘူး” ဟု လင်ကျန်းက ပြောကြားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တရုတ်က ဆက်လက်ပံ့ပိုးကူညီသွားမည်ဟုလည်း ဆိုခဲ့သည်။
မြန်မာနိုင်ငံ အကျပ်အတည်းကို တရုတ်၏ ချဉ်းကပ်ပုံ
တရုတ်က မြန်မာစစ်တပ်နှင့် ယင်း၏နယ်စပ်အနီးရှိ လက်နက်ကိုင်အဖွဲ့များနှင့် နီးကပ်သော ဆက်ဆံရေးရှိသည်။ MNDAA သည် ကိုးကန့်ဒေသတွင် နေထိုင်သည့် မန်ဒရင်းစကားပြော ဟန်တရုတ်လူမျိုးကို ကိုယ်စားပြုပြီး ကိုးကန့်ဟု လူသိများသည်။
တရုတ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သို့မဟုတ် EAO များဟု သိကြသည့် လက်နက်ကိုင်အဖွဲ့များ အပေါ် အကြီးအကျယ် ချုပ်ကိုင်ရန် ကြိုးပမ်းနေကြောင်း မကြာသေးမီက သတင်းများက ဖော်ပြခဲ့သည်။
MNDAA ခေါင်းဆောင်ကို တရုတ်တွင် နေအိမ်အကျယ်ချုပ်ချထားခဲ့ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်နေသော်လည်း တရုတ်တာဝန်ရှိသူများက ငြင်းဆိုထားသည်။
မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က တော်လှန်ရေး အင်အားစုများ၏ မကြာသေး မီက အောင်ပွဲများကို စိုးရိမ်သည့်အတွက် တရုတ်က ရပ်တည်ချက်ပြောင်းလဲလာခြင်းဖြစ်သည်ဟု သုံးသပ်သည်။
“မြန်မာစစ်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ပြိုလဲတာက စစ်အစိုးရရဲ့ အားနည်းချက်ကို ဖော်ထုတ်ပြလာ ခဲ့တယ်” ဟု ၎င်းက ဆိုသည်။
“ဒီသဘောပေါက်မှုကနေ စစ်အစိုးရ ပြိုလဲမယ့်အလားအလာကို တားဆီးဖို့ တရုတ်က လုပ်ဆောင်လာခဲ့ပါတယ်။”
“စစ်ကောင်စီက တရုတ်တောင်းဆိုသမျှကို သဘောတူပြီး တရုတ်ရဲ့ ရည်မှန်းချက်တွေဆီ အရောက်လှမ်းနိုင်ဖို့ အာမခံပါတယ်” ဟု ဦးသန်းစိုးနိုင်က ဆက်ပြောသည်။
တရုတ်-မြန်မာ ဆက်ဆံရေးပိုင်း ကျွမ်းကျင်သူ ဒေါ်လှကျော်ဇောကလည်း တရုတ်က စစ်အစိုးရနှင့် EAO နှစ်ဖက်စလုံးကို ညှိနှိုင်းရန် ဖိအားပေးနေသည်ဟု ဆိုသည်။
“တရုတ်ရဲ့ ရည်မှန်းချက်က သက်ဆိုင်သူအားလုံးကို စားပွဲဝိုင်းထဲ ရောက်အောင် ပို့ဖို့ပါပဲ” ဟု သူက ပြောကြားပြီး မကြာသေးမီက စစ်အစိုးရခေါင်းဆောင်ထံမှ “ထာဝရငြိမ်းချမ်းရေး” တောင်းဆိုမှုတွင် လက်နက်ကိုင်များ လက်နက်ချရမည်ဆိုသည့် ခါတိုင်းတောင်းဆိုချက်မပါဝင်ကြောင်း သူက ပြောကြားခဲ့သည်။
“ဒါက တရုတ်ရဲ့ လွှမ်းမိုးမှုကို ထင်ဟပ်စေတယ်” ဟု သူက ပြောကြားသည်။
MNDAA နှင့် TNLA တို့သည် အစားအသောက်နှင့် ဆေးဝါးများကဲ့သို့သော ကုန်ပစ္စည်းများအတွက် အရေးကြီးသော ထောက်ပံ့ရေးလမ်းကြောင်းများကို တရုတ်က ပိတ်ဆို့ထားခြင်းကြောင့် ညှိနှိုင်းရန် ဆန္ဒရှိလာခြင်းဖြစ်သည်။
ယင်းက လက်နက်ကိုင်များကို စစ်ရေးအရရော နိုင်ငံရေးအရပါ အားနည်းသွားစေပြီး ပေကျင်း၏ တောင်းဆိုချက် များကို လိုက်လျောရန် အလားအလာပိုများစေကြောင်း လေ့လာသူများက ဆိုကြသည်။
တရုတ်က EAO ထိုးစစ်များကို တုံ့ပြန်သည့်အနေဖြင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုကို ကန့်သတ်ထားကြောင်း ဇူလိုင်လတွင် မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP- Myanmar) မှတ်ချက်ပြုခဲ့သည်။
ဒေသတွင်း ပဋိပက္ခလေ့လာမှုများကို အထူးပြုလေ့လာသည့် အမည်မဖော်လိုသူ မြန်မာနိုင်ငံမှ ပါရဂူဘွဲ့ကြိုနှင့် သုတေသီတဦးက EAO များအပေါ် တရုတ်၏ လက်ရှိဖိအားများသည် လတ်တလောကာလတွင် အဆိုးရွားဆုံး ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
အထူးသဖြင့် TNLA နှင့် MNDAA ကဲ့သို့သော တရုတ်နယ်စပ်အနီးရှိ အဖွဲ့များအပေါ် ဖိအားများ ပြင်းထန်လာ သည်ဟု ယင်းသုတေသီက ပြောကြားသည်။
စီးပွားရေးနှင့် နိုင်ငံရေး လောင်းကြေးများ
မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် ခါးပတ်လမ်းရပ်ဝန်း စီမံကိန်းများ တွင် တရုတ်၏ စီးပွားရေးအကျိုးစီးပွားများ အထူးသဖြင့် ယင်း၏ ရင်းနှီးမြှုပ်နှံမှုများက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အဓိက မောင်းနှင်အားများဖြစ်သည်။
သို့သော်လည်း EAO များအပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှုက အကြွင်းမဲ့ မဟုတ်ကြောင်း လေ့လာသူများက ဆိုသည်။
ရခိုင်ပြည်နယ်အခြေစိုက် ရက္ခိုင့်တပ်မတော် (AA) သည် ယင်း၏ တည်နေရာ၊ အဓိက အကျိုးစီးပွားကို အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် ဗျူဟာမြောက် ဆက်ဆံရေးကြောင့် နယ်စပ်မှအဖွဲ့ များထက် တရုတ်၏ ဖိအားဒဏ်ကို ခံနိုင်ကြောင်း ဦးသန်းစိုးနိုင်နှင့် ဒေါ်လှကျော်ဇောတို့က မှတ်ချက်ပြုသည်။
“ဒီပထဝီဝင် အကွာအဝေး ကီလိုမီတာ ၂၀၀၀ လောက်ကြောင့် သူ့ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စစ်ရေးနဲ့ စီးပွားရေး ရပ်တည်ချက်က တရုတ်ဘက်က AA ကို သတိကြီးကြီးနဲ့ ချဉ်းကပ်မှုဖြစ်စေပါတယ်” ဟု ဦးသန်းစိုးနိုင်က ဆိုသည်။
AA ၏ ခံနိုင်ရည်အားသည် ပြည်တွင်းထောက်ခံမှု အားကောင်းခြင်းကြောင့် ဖြစ်ကြောင်း ဒေါ်လှကျော်ဇောက မှတ်ချက်ပြုသည်။
“နယ်စပ်အဖွဲ့တွေနဲ့ မတူတာက AA ကို တရုတ်က အကာကွယ်မပေးထားတာကြောင့် စစ်ရေးအရ လေကြောင်း က တိုက်ခိုက်တာကို ခံနေရပေမယ့် ရခိုင်ပြည်သူတွေရဲ့ ထောက်ခံမှုက တရားဝင်မှု ပေးပါတယ်” ဟု ၎င်းက ဆိုသည်။
AA သည် မြန်မာနိုင်ငံအနောက်ဘက်တွင် ဆက်လက်ထိုးစစ်ဆင်နေပြီး မြို့နယ် ၁၀ ခုကို ထိန်းချုပ်ထားပြီး နောက်ထပ် ခုနစ်ခုကို သိမ်းပိုက်နိုင်ရေးအတွက် တိုက်ပွဲများဆက်လက်ဆင်နွှဲနေရာ လေးမြို့နယ်ကို ထိန်းချုပ်နိုင် လုနီးပါးဖြစ်နေကြောင်း ဆိုသည်။
မြန်မာနိုင်ငံမှ လွတ်လပ်သော ပညာရှင်အဖွဲ့ဖြစ်သည့် မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP- Myanmar) အဆိုအရ AA သည် ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်း ၁၁ ခုအနက် ကိုးခုကို သြဂုတ် ၁၈ ရက်အထိ တစိတ်တပိုင်း ထိန်းချုပ်နိုင်ခဲ့ကြောင်း ဆိုသည်။
မြန်မာနိုင်ငံမြောက်ပိုင်းရှိ အထင်ကရ EAO တခုဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စစ်အစိုးရကို ဆက်လက်ထိုးစစ်ဆင်နေပြီး တရုတ်နိုင်ငံသို့ အဓိက နယ်စပ်ဖြတ်ကျော်ဝင်ရောက်နိုင်သည့်နေရာများကို ထိန်းချုပ်ထားသည်ဟုလည်း ဒေါ်လှကျော်ဇောနှင့် ဦးသန်းစိုးနိုင်တို့က ထောက်ပြသည်။
KIA ကို တရုတ်က အလားတူဖိအားပေးသော်လည်း ယင်း၏ စီးပွားရေးအမှီခိုကင်းမှုနှင့် သယံဇာတပေါကြွယ်ဝ သော ဒေသများကို အမာခံသိမ်းပိုက်ထားနိုင်မှုကြောင့် သြဇာဆက်လက်ထိန်းထားနိုင်သည်။
ပြင်ပဖိအားများကြောင့် ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဟု နှစ်ဦးစလုံးက မယုံကြည်ကြပေ။
“လတ်တလောရပ်တည်ချက်ကြောင့် EAO တွေက အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုနေပေမယ် ဖက်ဒရယ်စနစ် ကဲ့သို့ ရေရှည်မျှော်မှန်းချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်နေဆဲဖြစ်ပါတယ်” ဟု ဦးသန်းစိုးနိုင်က ဆိုသည်။ ယင်းသံသယများကို ဒေါ်လှကျော်ဇောက ပဲ့တင်ထပ်ဖော်ပြနေသည်။
“အာဏာခွဲဝေပေးဖို့ စစ်အစိုးရက ငြင်းဆိုနေတာက အဓိက အတားအဆီးပါပဲ” ဟု သူက ဆိုသည်။ “ဖိအား ကြောင့် ဖြစ်ပေါ်လာတဲ့ ငြိမ်းချမ်းရေးဟာ ကြာရှည်မခံပါဘူး။
“ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖော်မှုအပေါ် KIA က ထိန်းချုပ်ထားပြီး ရခိုင်မှာ AA ရဲ့ အနေအထားက တရုတ်ရဲ့ တောင်းဆိုမှုကို တွန်းလှန်နိုင်ပါလိမ့်မယ်။ ဒီအဖွဲ့တွေက တရုတ်ကို လုံးလုံးလျားလျား မှီခိုနေတာ မဟုတ်ပါဘူး။” ဟု ဦးသန်းစိုးနိုင်က ဆိုသည်