Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဒရုန်းကို စစ်ကောင်စီတပ် ပိုသုံးလာခြင်းနှင့် အရပ်သား ထိခိုက်မှု

စစ်ရေးတွင် ဒရုန်း အသုံးပြုမှု ခြေတစ်လှမ်းနောက်ကျနေသော ဗိုလ်ချုပ်ကြီးများက အားနည်းချက်ကို ပြုပြင်လိုက်သော်လည်း ၎င်းတို့လက်ချက်ကြောင့် ထိခိုက်လာသူ အများစုမှာ အရပ်သားများ ဖြစ်နေသည်။

November 25, 2024
in သတင်း
Reading Time:3 mins read
Share on FacebookShare on Twitter

စက်တင်ဘာ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်က ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ကျေးလက်ဒေသ ဗုံးတပ်ဒရုန်းဖြင့် တိုက်ခိုက်စဉ် ထိခိုက်သွားသူများထဲတွင် အသက် ၂၀ ကျော်အရွယ် တော်လှန်ရေးရဲဘော် သီလဝ ဆိုသူလည်း ပါဝင်သည်။

၃၅ ရက် အကြာတွင်  ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အမှတ် ၃၅၀၁ တပ်ရင်းမှ  ရဲဘော် သီလဝ  သေဆုံးသွားသည်ဟု ဒေသတွင်း တော်လှန်ရေးတပ်သားတစ်ဦးက  ပြောသည်။ နောက် ၂ ရက် အကြာတွင် ရုပ်အလောင်း သင်္ဂြိုဟ်သည့် အစီအစဉ်မှာ အွန်လိုင်းသတင်းစာမျက်နှာများတွင် ဓာတ်ပုံနှင့်တကွ တက်လာသည်။

“ဒဏ်ရာ ကုသနေရင်း ဆုံးသွားခဲ့တာ” ဟု အထက်ပါ တော်လှန်ရေးတပ်သားက  ပြောသည်။

စစ်တောင်းမြစ်အရှေ့ကမ်း ကဲလင်းဆိပ်ရွာနှင့်  ရှားတောရွာ တို့ကို ဒရုန်းဖြင့် ဗုံးချစဉ်  ၃ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရခဲ့သည်။ ဒဏ်ရာရသူများထဲတွင် ရဲဘော်သီလဝနှင့် အခြား ၂ ဦးမှာ တော်လှန်ရေးသမားများဖြစ်ကြပြီး ကျန်ထိခိုက်၊ သေဆုံးသူတို့မှာ အရပ်သားများဖြစ်နေသည်။

စစ်ကောင်စီတပ်က ဒရုန်း အသုံးပြု တိုက်ခိုက်မှု ပိုမို များပြားလာသလို ရန်သူရှိမည်ဟု ယူဆရသည့် ရွာများကို တိုက်ခိုက်စဉ်  ပစ်မှတ်ဖြစ်သွားသူ အများစုမှာ   အရပ်သားများ ဖြစ်နေသည်။

ယခုလအတွင်း  ဒရုန်းတိုက်ခိုက်မှုကြောင့် ပဲခူးတိုင်း အရှေခြမ်း ရေတာရှည်တစ်မြို့နယ်တည်းမှာပင်   ဒေသခံ ၄ ဦး သေဆုံးခဲ့သည်ဟု စုံစမ်းသိရှိရသည်။

စစ်ရှောင်ခြင်း

ဗိုလ်ချုပ်ကြီးများ ရုံးစိုက်ရာ နေပြည်တော်နှင့် မိုင် ၅၀ခန့်သာ ကွာဝေးသည့် ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ်တစ်လျှောက် ကျေးရွာများကို စစ်ကောင်စီတပ်က  တိုက်ခိုက်ရာတွင်  လက်နက်ကြီးကိုသာ အားပြုခဲ့သည်။ ယခုအခါ  စစ်ကောင်စီတပ်က တော်လှန်ရေးတပ်များနည်းတူ ပစ်မှတ်ကို ထိမှန်ရန် ပိုသေချာသည့် ဗုံးတပ်ဒရုန်းများကိုပါ သုံးလာသည်။

စိုက်ပျိုးရေးနှင့် အခြားလုပ်ငန်းများသုံးရန် ထုတ်လုပ်ထားသည့်  ဒရုန်းများကို စစ်ဆင်ရေးအတွက်  မွမ်းမံပြုပြင် အသုံးပြုနေကြခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၃ ရက်နေ့က စစ်တောင်းမြစ်အနောက်ဘက်ကမ်း သဖန်းဇင်၊ ရွှေကဇောင်းရွာတို့ ဗုံးတပ်ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုတွင် ကလေးတစ်ဦးအပါအဝင် ဒေသခံ ၃ ဦး သေဆုံးကြောင်း၊  နောက်နှစ်ရက်အကြာတွင် ဒဏ်ရာ ပြင်းထန်သည့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ရေတာရှည် ဒေသခံတစ်ဦးက ဆိုသည်။

ဒရုန်း တိုက်ခိုက်မှုတွင် ဒဏ်ရာရခဲ့ပြီး တစ်လကျော်အကြာတွင် သေဆုံးသွားသည့် အသက် ၂၀ အရွယ် ရဲဘော် သီလဝ၏ နာရေး အစီအစဉ်။ (ဓာတ်ပုံ – ပုဝါနီစစ်ကြောင်း)

ဤသို့ဖြင့် စစ်တောင်းမြစ်တစ်လျှောက်ကျေးရွာများမှ  ဒေသခံ အများအပြား   ရေတာရှည်၊ တောင်ငူ၊ နေပြည်တော် စသည့် အနီးဆုံးမြို့ကြီးများသို့ ပြောင်းရွှေ့နေထိုင်ကြပြီး သီတင်းကျွတ်ပိတ်ရက်များ တွင်ပင် နေအိမ်သို့ မပြန်ရဲသူများလည်း ရှိနေသည်ဟု နေပြည်တော်တွင် သွားရောက် အလုပ် လုပ်ကိုင်နေသည့် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“နေ့တိုင်း လက်နက်ကြီးပစ်လိုက်၊ ဗုံးကြဲလိုက်ဆိုတော့ အိမ် မပြန်တာ နှစ်နှစ်ကျော်ပြီ၊ အိမ်ကလည်း ပြန်မလာခိုင်းဘူး။ အိမ်ပြန်ရင် အသက်အန္တရာယ်က စိတ်မချရဘူးလေ။ အဖေနဲ့ အမေကတော့ မြို့ပေါ် လာတွေ့တယ်” ဟု သူက ဆိုသည်။

နိုင်ငံအလယ်ပိုင်း ပဲခူးရိုးမနှင့် နိုင်ငံအရှေ့ပိုင်းတောင်တန်းများကြားတွင် တည်ရှိသည့် စစ်တောင်းမြစ်ဝှမ်း ဒေသသည် စစ်ရေးအရ အချက်ချာကျသောကြောင့် ယင်းဒေသကို ခြေကုပ်ရယူနိုင်ရန် တော်လှန်ရေး အင်အားစုက ကြိုးပမ်းနေသည်။ စစ်ကောင်စီကလည်း ဒေသကို လက်မလွှတ်ရရေး အပြင်းအထန် တုံ့ပြန်နေသည်။

အောက်တိုဘာ ၉ ရက်က  စစ်တောင်းမြစ် အနောက်ဘက်ခြမ်းရှိ ရွှေသာရွာဟောင်း၊ သစ်နံ့ သာ၊ ရွာသာယာရွာတို့ကို  စစ်တပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်စဉ် အရပ်သား ငါးဦးထက်မနည်း ဒဏ်ရာ ရရှိသွားခဲ့သည်။

နောက်နှစ်ရက်အကြာ မြစ်အရှေ့ဘက် ခင်တန်းကျေးရွာကို ဗုံးတပ် ဒရုန်းဖြင့် တိုက်ခိုက်ရာ ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး ဒဏ်ရာရသွားပြီး နေပြည်တော် ကုတင်တစ်ထောင် ဆေးရုံတွင် ကုသမှုခံယူနေရသည်။

ဧပြီလက မြစ်အရှေ့ဘက် ရွာတစ်ရွာတွင် ဒရုန်း ဗုံးထိမှန် ပြီး PDF ၂ ဦး သေဆုံးခဲ့သည်။ သေဆုံးသူ ၂ ဦးမှာ တောင်ငူခရိုင် အမှတ် ၃၅၀၂ တပ်ရင်းမှ ရဲဘော်သက်ပိုင်၊ ရဲဘော် အငယ်လေးတို့ ဖြစ်ကြသည်။

KNU ကလည်း ၎င်းတို့၏ လှုပ်ရှားနယ်မြေအတွင်း  ဒရုန်းကြောင့် ထိခိုက်မှုများကို သတင်းထုတ်ပြန် ထားသည်။

ပဲခူးတိုင်းတွင်  စက်တင်ဘာလအတွင်း  ကျောက်ကြီး (လယ်ဒို) မြို့နယ်မှ အရပ်သား ၃ ဦး ဒဏ်ရာရသည်၊   ပဲနွယ်ကုန်းမြို့နယ်အနောက်ဘက် သဲဖြူရွာသစ်မှ ၃၇ နှစ်အရွယ် မဝင်းဇင်မိုး၊  အသက် ရှစ်လခွဲအရွယ် မမြဘုန်းတင့်တို့ ဒဏ်ရာရသည်၊   ရွှေကျင်မြို့နယ်မှ အရပ်သား ၂ ဦး  ဒဏ်ရာရသည်ဟု  ဆိုသည်။

အောက်တိုဘာလတွင်   တောကျွဲအင်းမြို့အရှေ့ဘက် ရွာသစ် ကျေးရွာမှ ၅၅ နှစ်အရွယ် ဒေါ်ရင်ထွေး  သေဆုံးပြီး မုန်းမြို့နယ်၊ ငတိုးခင်ကျေးရွာမှ ၁၀၂ နှစ်အရွယ် ဦးပိုတင်၊ ၇ နှစ်သမီး မအိသန္တာထွေးတို့ ဗုံးစထိမှန် ဒဏ်ရာရသည်ဟု ဆိုသည်။

အောက်တိုဘာ ၂၂ တွင် KNU စစ်ဌာနချုပ် ဒရုန်းများနှင့် တိုက်ခိုက်ခံလိုက်ရသည်။ စစ်တပ် အာဏာသိမ်းထားသည့် ၄ နှစ်တာကာလအတွင်း ထိုနေရာမှာ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး ရဲဘော်တစ်ဦး ဒဏ်ရာရသည်ဟု KNU က သတင်းဌာနများကို ပြောသည်။

စက်တင်ဘာ ၂၇ ရက်က ရွှေကျင်မြို့နယ်အတွင်း ဒရုန်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်တစ်လုံး။ (ဓာတ်ပုံ – KNU)

တနင်္သာရီဒေသ

ဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်သားများထိခိုက်မှု များပြားလာသည်မှာ ကာလများစွာ မကြာသေးသော်လည်း  စစ်ကောင်စီ၏ စစ်လေယာဉ်များ နိုင်ငံအနှံ့သို့ နေ့စဉ် သွားရောက် တိုက်ခိုက်သဖြင့် အရပ်သားများထိခိုက်သေဆုံးနေသည်မှာ ကာလကြာပြီဖြစ်သည်။

စစ်ကောင်စီကို လေယာဉ်လောင်စာဆီ ပိတ်ပင်ရန် တောင်းဆိုလှုံ့ဆော်နေမှုများ ရှိလာချိန်တွင် ဒရုန်းကို အသုံးပြုခြင်းမှာ စစ်ကောင်စီတပ်အတွက် များစွာ တွက်ခြေကိုက်သော ရွေးချယ်မှုလည်း ဖြစ်နေသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသော ဗိုလ်ကြီးကောင်းသူဝင်းက စစ်တပ်က ဒရုန်းအသုံးပြုခြင်းသည် လေတပ်ပစ်ကူထက် ပိုမို လျင်မြန် ထိရောက်မှု ရှိသည်ဟု ဆိုသည်။

“လေတပ်က လေယာဉ်တစ်စီးထွက်လာဖို့ထက် စောင့်ရတဲ့ အချိန်လောက်လည်းမကြာဘူး၊ အမိန့် ဖြတ်သန်းစီးဆင်းပုံလည်း အဲဒီလောက် မကြာတဲ့အနေအထားမျိုးတွေဖြစ်တယ်” ဟု စစ်တက္ကသိုလ် အပတ်စဉ် ၅၂ ဆင်း ဗိုလ်ကြီးကောင်းသူဝင်းက  ပြောသည်။

“စစ်တပ်က နောက်ပိုင်း ဒရုန်းနဲအသုံးပြုလာတဲ့အနေအထားက တော်လှန်ရေးထဲမှာ အဓိက အခံလိုက်ရဆုံးဖြစ်တဲ့ဒရုန်းကို တန်ပြန်အသုံးပြုလာတဲ့အနေအထားမျိုးဖြစ်တယ်”

နိုင်ငံတောင်ဘက်ဆုံးဒေသ တနင်္သာရီတိုင်း၌ စက်တင်ဘာလအတွင်း ဒရုန်းတိုက်ခိုက်မှု ၁၉ ကြိမ် ရှိခဲ့ သည်ဟု အစီရင်ခံစာတစ်ခုက ဆိုသည်။

ထိုဒေသအခြေစိုက် FE5 Tanintharyi အဖွဲ့က မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် စစ်ကောင်စီဒရုန်းကြောင့် အရပ်သားများ သာမက တော်လှန်ရေးအဖွဲ့ဝင်များလည်း ထိခိုက်မှုရှိခဲ့သည်ဟု ဖော်ပြထားသည်။

စက်တင်ဘာ ၁၁   ဒရုန်းတိုက်ခိုက်မှုတွင် တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းကျေးရွာမှ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦး  ဒဏ်ရာရခဲ့သည်။  တနင်္သာရီတိုင်း မြို့နယ် ၃ မြို့နယ်တွင် စစ်ကောင်စီနှင့်တော်လှန်ရေး တပ်များအကြား ရက်ရှည်တိုက်ပွဲများဖြစ်ပွားနေရာ နေရပ်စွန့်ခွာ စစ်ရှောင်ရသူ ၅၆,၀၀၀ ဦး ရှိလာသည် ဟု FE5 Tanintharyi  လစဉ်အစီရင်ခံစာတွင် တွေ့ရသည်။

ထိုအစီရင်ခံစာနှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။ စစ်ကောင်စီတပ်ကမူ အရပ်သား ထိခိုက်မှုများမှာ ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း ရံဖန်ရံခါ ငြင်းဆိုတတ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသက ၎င်းတို့နယ်မြေတွင်  စက်တင်ဘာ တစ်လအတွင်း  ဒေသခံ ၁၂ ဦး သေဆုံးပြီး ၄၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်၊ ထိုအထဲတွင် ဒရုန်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုလည်း ပါဝင်သည်ဟု အောက်တိုဘာ ၁၆ ရက်နေ့က ထုတ်ပြန် ထားသည်။

ယမန်နှစ် နှစ်ကုန်ပိုင်းက  ဗုံးတပ်ဒရုန်း အများအပြား အသုံးပြုသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်တပ်စခန်း ရာနှင့်ချီ စွန့်လွှတ်လိုက်ရသည့် စစ်ကောင်စီတပ်က ၎င်းတို့ အကြီးအကျယ် အထိနာခဲ့ပြီးနောက် ဒရုန်းအသုံးပြုမှုကို သိသိသာသာ အားပြုလာခြင်း ဖြစ်သည်။

ဒရုန်းပျက်စီးလျှင် အပြစ်ပေးခံရနိုင်ခြင်း၊ အသုံးပြုနိုင်သူ အရေအတွက် အကန့်အသတ်သာ ရှိခြင်း စသည့် အားနည်းချက်များကြောင့် စစ်ရေးအသုံးစရိတ် များပြားသည့် စစ်ကောင်စီတပ်တွင် ဒရုန်း အသုံးပြုမှု များစွာ ကျယ်ပြန့်လာခြင်း မရှိသေးပေ။

၂၀၂၁ ဒီဇင်ဘာလက ချင်းဒေသတော်လှန်ရေးအင်အားစုထံတွင် သွားရောက်ပူးပေါင်းခဲ့သော  ဗိုလ်ကြီးကောင်းသူဝင်းက  စစ်တပ်၏ မြေပြင်စစ်ကြောင်းများတွင် ဒရုန်းသယ်ယူရန် အခက်အခဲ ရှိကြသည်ဟု မှတ်ချက်ပြုသည်။

“သူတို့ရဲ့ဒရုန်းကလည်း တော်လှန်ရေးအင်အားစုလို တီထွင်ဆန်းသစ်မှုမဟုတ်ဘဲ ပုံမှန် ထုတ်ပေးတဲ့ ပစ္စည်း၊  ဒရုန်းဗုံးသီးကိုပဲ သမားရိုးကျပုံစံနဲ့ပဲ သွားတဲ့အတွက် သူတို့အနေနဲ့ အရမ်းကြီး ထိရောက်မှုလည်း မရှိဘူး”  ဟု သူက ဆိုသည်။

ဒရုန်းကို အရေအတွက် အများအပြား  အသုံးပြုနိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်ဟု သူက ပြောသည်။ သို့သော်လည်း ဒေသအများအပြားတွင် အရပ်သားများ ထိခိုက်သေဆုံးသည်အထိ ဒရုန်းသုံးပြီး တိုက်ခိုက်နေသည့် စစ်တပ်တွင် ဤလက်နက်နှင့် ပတ်သက်ပြီး ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲသွားနိုင်ခြေလည်း ရှိနေသည်ဟု သူက ထောက်ပြသည်။

“အရမ်းကြီးထိရောက်မှုမရှိဘူးဆိုပေမယ့် ပေါ့လို့တော့ မရဘူး။ ဒရုန်း အသုံးပြုတာကလည်း ဆင့်ကဲဆင့်ကဲ ပြောင်းလဲနိုင်တဲ့အတွက် ဒရုန်းကလည်း သတိထားသင့်တဲ့အကြောင်းအရာတစ်ခု ဖြစ်တယ်”  ဟု ဗိုလ်ကြီးကောင်းသူဝင်းက  ပြောလိုက်သည်။

ယခုနှစ် မတ်လအတွင်းက ကရင်ပြည်နယ်အတွင်း တွေ့ရသော ကာကွယ်ရေးအဖွဲ့ ဒရုန်းတစ်စီး (ဓာတ်ပုံ –  Federal Wings) 

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English