MNDAAအဖွဲ့ခေါင်းဆောင်ဖုန်တာရွှင်ကို တရုတ်ဘက်ကဖမ်းဆီးထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။သူဟာပြီးခဲ့တဲ့လကုန်ပိုင်းက တရုတ်နိုင်ငံမှာတရုတ်အထူးကိုယ်စားလှယ်နဲ့ သွားရောက်တွေ့ဆုံပြီးနောက်ပိုင်းကိုးကန့်ဘက်ကို ပြန်မရောက်လာတော့ပါဘူး။ကိုးကန့်တပ်တွေကိုအတင်းအကြပ်ဖိအားပေးနေတဲ့ တရုတ်ဟာ ကိုးကန့်တပ်ခေါင်းဆောင်ကိုဖမ်းဆီးထားပြီး လားရှိုးကိုစစ်ကောင်စီကိုပြန်ပေးဖို့ အကြပ်ကိုင်နေပါတယ်။ကိုးကန့်တပ်တွေဘက်ကတော့ ဘယ်လိုအခြေအနေမျိုးဖြစ်စေလားရှိုးက ဆုတ်ခွာမပေးဘူးလို့ပြောထားတယ်။ဒါပေမယ့်လဲ သူတို့ခေါင်းဆောင်အသက်အန္တရာယ်ရှိနိုင်တာကြောင့် လားရှိုးကဆုတ်ခွာသွားတာမျိုးလဲဖြစ်နိုင်ပါတယ်။လားရှိုးက MNDAAတို့ဆုတ်ပေးလိုက်ရင် ပြင်ဦးလွင်လားရှိုးလမ်းပေါ်ကTLNAသိမ်းပိုက်ထားတဲ့ နောင်ချို၊ကျောက်မဲ၊သီပေါမြို့တို့ကိုTLNAကပါဆုတ်ပေးရမှာပါ။အခြေအနေတွေက ထင်သလောက်မလွယ်ပါဘူး။ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာပဲ။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


