နိုင်ငံအနှံ့ရှိ အကျဉ်းထောင်များတွင် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရခြင်းကြောင့် ၉ လ အတွင်း နိုင်ငံရေးအကျဉ်းသား ၁၂ ဦး သေဆုံးခဲ့ရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်သည်။
စစ်ကြောရေးစခန်းများတွင် ရရှိသည့် ဒဏ်ရာများအတွက် ဆေးဝါးကုသမှုခံယူခွင့် လုံလောက်စွာမရခြင်းကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု ယမန်နေ့(အောက်တိုဘာ ၁) ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသည့် ရဲနှစ်ဦးအပါဝင် နိုင်ငံရေးအကျဉ်းသား ၁၂ ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု PPNM၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၂၄ ဇန်နဝါရီမှ စက်တင်ဘာအထိ သေဆုံးသူများထဲတွင် အသက် ၂၂ နှစ်နှင့် ၃၅ နှစ်အရွယ်အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ နှစ်ဦးလည်းပါဝင်သည်။
ဒိုက်ဦးထောင်မှ သုံးဦး၊ ကျိုက်မရောထောင်တွင် နှစ်ဦး၊ အင်းစိန်ထောင်၊ အိုးဘိုထောင်၊ မကွေးထောင်၊ ကလေးထောင်၊ သရက်ထောင်၊ ပြည်ထောင်၊ သထုံထောင်များမှ တစ်ဦးစီ သေဆုံးခဲ့သည်။
၆ ဦးမှာ စစ်ကြောရေးတွင် ရရှိခဲ့သော ဒဏ်ရာများ၊ လေထိုးလေအောင့် ဝေဒနာခံစားနေရစဉ် အကျဉ်းထောင်ဆရာဝန်တို့က ကောင်းမွန်သည့် ဆေးဝါးကုသမှုမပေးသဖြင့် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
ကျန် ၆ ဦးမှာလည်း နှစ်ရှည်ဆေးဝါးမီခိုနေရသည့် အသည်း၊ ကျောက်ကပ်၊ ကင်ဆာ၊ သွေးတိုး၊ နှလုံးရောဂါအခံရှိသူများဖြစ်ပြီး လုံလောက်သည့် ဆေးဝါးနှင့် ကျန်းမာရေးစောက်ရှောက်မှု မခံယူရသဖြင့် သေဆုံးခဲ့ရသည်ဟု PPNMက ဆိုသည်။
ထိုအဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း ထောင်တွင်း အခြေအနေများကို အထူး လျှို့ဝှက်ထားသည်။
စစ်တပ်လက်အောက်ခံ ထောင်အာဏာပိုင်တို့သည် နိုင်ငံရေးအကျဉ်းသားများ မိသားစုထံမှ ရသည့် ဆေးဝါးများကိုလည်း သိမ်းဆည်းထားပြီး ရံဖန်ရံခါမှသာ အကန့်အသတ်ဖြင့်သာ ထုတ်ပေးသည်ဟု သိရသည်။
နိုင်ကျဉ်းများကို အဆုတ်ရောဂါအခံရှိသူများနှင့် ရောနှောချုပ်နှောင်ထားပြီး မိသားစုကပေးပို့သည့် အကိုက်အခဲပျောက်ဆေး၊ အားဆေးများကို တစ်နေ့တစ်လုံးနှုန်းဖြင့် သုံးရက်စာသာ ပေးထားသည်ဟု နိုင်ငံရေးအကျဉ်းသား တစ်ဦး၏ မိသားစုဝင်က ပြောသည်။
ထို့ပြင် ထောင်အာဏာပိုင်တို့ကို လာဘ်ပေးထားသူများသာ အခွင့်အရေးအရေးရလေ့ရှိပြီး နိုင်ကျဉ်းများမှာ ပိုမိုဖိနှိပ်ခံနေရသည်ဟု သူက ဆက်သည်။
“ဆေးတွေကို အဆောင်မှူးကပဲ သိမ်းထားတာ။ ကျန်တာသူတို့သိမ်းထားတာ။ ဆေးမှုနဲ့ရောက်လာတဲ့
သူတွေက ပိုက်ဆံပေးထားတော့ အသာပေးထားတယ်။ တပ်ပြေးတွေဆိုရင် ဖားတယ်။ နိုင်/ကျဉ်းတွေဆို အရမ်းကျပ်တယ်”ဟု ၎င်းက ပြောသည်။
“အိမ်ကပို့တဲ့ဆေးတွေလည်း ပျောက်တယ်ဆိုပြီး မရကြဘူး။ တိုက်သမားတွေ (နှစ်ရှည်အကျဉ်ချခံရသူများ)တော့ ရတယ်။ ဒါတောင်အသိမ်းခံရတာတွေရှိတယ်”
ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရသည့်အပြင် မိသားစုကပို့သည့် ဆေးဝါးများကို ထောင်အာဏာပိုင်တို့က လက်ခံထားပြီး ထိုဆေးများ နိုင်ကျဉ်းများထံ မရောက်ဟုလည်း PPNM အဖွဲ့ဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
“ထောင်တော်တော်များများမှာ (တင်း)ကျပ်ပစ်လိုက်တာ။ စကျပ်တဲ့ကာလက ဒီနှစ် သင်္ကြန်(ဧပြီလ) နောက်ပိုင်းမှာ သိသိသာသာကိုပဲ ဖြစ်လာတာ”ဟု ၎င်းက ပြောသည်။
ထို့ပြင် အကျဉ်းထောင်ဆေးရုံများသည်လည်း ဆေးဝါးကုသရန်လိုအပ်နေသည့် နိုင်ကျဉ်းများ မသေဆုံးခင် ယာယီထားရှိသည့်နေရာကဲ့သို့ ဖြစ်နေသည်၊ ထောင်များကို ရှေ့တန်းစစ်မြေပြင်သဖွယ် သတ်မှတ်၍ နိုင်ကျဉ်းများကို ခေါင်းစဉ်အမျိုးမျိုးဖြင့် သတ်ဖြတ်နေသည်ဟုလည်း PPNM၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ အောက်တိုဘာ ၁ ရက်ထုတ်ပြန်ချက်တွင် နိုင်ငံရေးအကျဉ်းသား အရေအတွက် ၂၁,၀၀၂ ဦးထက်မနည်း ရှိနေသည်ဟုဆိုသည်။