နိုင်ငံတဝန်းရေဘေးကြုံနေရတဲ့ ဒေသအများစုမှာ ရေတွေပြန်ကျသွားပေမယ့် အခုချိန်ထိရေပြန်မကျသေးတဲ့ ဒေသနှစ်ခုရှိနေပါတယ်။ကရင်နီပြည်နယ်လွိုင်ကော်၊မိုးဗြဲမြို့တွေနဲ့ ရှမ်းတောင်က အင်းလေးဒေသတွေပါ။
ကရင်နီပြည်နယ်မှာ ရေဘေးစကြုံကတည်းက ဘီလူးချောင်းရေလျှံမှုနဲ့မိုးဗြဲဆည်က ရေတွေဆက်တိုက်ဖောက်ချနေတာကြောင့် ရေဘေးကိုဆက်လက်ကြုံတွေ့နေရတယ်။လွိုင်ကော်မှာဆို မြို့လယ်ကောင်အထိရေတက်နေပြီး ထပ်တောင်တိုးလားနေတယ်။စစ်ကောင်စီက ပိတ်ဆို့ထားမှုကြောင့် ပရဟိတကူညီကယ်ဆယ်ရေးအဖွဲ့တွေလဲ လွတ်လပ်စွာမသွားလာနိုင်ကြဘူး။မိုးဗြဲမြို့မှာလဲ ထိုနည်းတူပါပဲ။ရေပင်လယ်ကြီးဖြစ်လို့နေတယ်။
ရှမ်းတောင်ကနာမည်ကျော်အင်းလေးကန်ထဲက ရွာတွေလဲကန်ရေအဆမတန် မြင့်တက်လာမှုကြောင့်အိမ်တွေ ရေမြုပ်နေကြပြီ။အင်းလေးကန်ထဲမှာ တည်ရှိတဲ့ရွာတွေဖြစ်တာကြောင့် အရင်ကတည်းကရေပေါ်မှာအိမ်ဆောက်နေထိုင်ကြတဲ့ ရွာတွေဖြစ်တယ်။ထိုရွာမျိုးတွေရေမြုပ်ကုန်တာကို လူတွေကသိပ်သတိမပြုမိကြတာကြောင့် အကူအညီတွေ အခုအထိရောက်မလာကြသေးပါဘူး။
အင်းလေးနဲ့လွိုင်ကော်ဒေသတွေ ရေဘေးသင့်နေမှုဟာမြေပြန့်ဒေသမှာလို မြန်မြန်ပြန်မကျသွားနိုင်ပါဘူး။မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အချိန်မှာ အင်းလေးကန်ထဲစီးဝင်နေတဲ့ ချောင်းပေါင်းများစွာရှိနေပြီးကန်ထဲက ရေပြန်ထွက်နိုင်တဲ့အပေါက်က ဘီလူးချောင်းတစ်ခုသာရှိနေတယ်။အဆိုပါဘီလူးချောင်းဟာလဲ ရေလျှံနေတာကြောင့် လွိုင်ကော်မှာလဲ ရေမြန်မြန်မကျနိုင်ပါဘူး။ထိုအခြေအနေဟာတစ်လလောက်အထိ ကြာမြင့်နိုင်တယ်လို့သိရတယ်။