ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ ချောင်းဘေးတစ်လျှောက်မှာ ရေကြီးရေလျှံပြီး လူနေအိမ်တွေနဲ့ ဆေးရုံတွေ ရေနစ်မြုပ်ပြီးနောက် သေဆုံးသူ တစ်ရာခန့် ရှိလာပါပြီ။ ကလောမြို့ဟာ တောင်ပေါ်အပန်းဖြေမြို့လေးတစ်ခုဖြစ်ပြီး ရေကြီးမှုတွေအပြင် မြေပြိုမှုတွေပါ ဖြစ်နေလို့ အသေအပျောက်များနေတယ်။ အိမ်တွေဆို အလုံးလိုက်၊ မိသားစုလိုက်ကို ရေထဲမျောပါသွားပြီး ပျောက်တဲ့သူတွေလည်း အများကြီးကျန်သေးတယ်။ ရေကြီးနစ်မြုပ်မှုဖြစ်လာမှာကို ကြိုတင်အသိပေးခဲ့ပေမဲ့ ဘေးလွတ်ရာရှောင်ကြဖို့ ငြင်းကြတာကြောင့် အခုလို သေဆုံးမှုများပြားတာပါ။ ကလောမြို့အဝင် ချောင်းရေ ဆက်လက်မြင့်တက်နေတာကြောင့် ကလောစျေး ရေမြုပ်ပြီး ကလောဘူတာ၊ နာရီစင်၊ ပန်းခြံနဲ့ အထက်တန်းကျောင်းနားမှာ နေထိုင်သူတွေ ဘေးလွတ်ရာထွက်ချိန်မရဘဲ ပိတ်မိနေသူတွေ အများကြီးရှိနေသေးတယ်။ကလောမြို့မှာ နေရာအနှံ့ မြေပြိုမှုတွေဆက်ရှိနေပြီး ကလောနဲ့ အောင်ပန်းကြားမှာလည်း တောင်ကျရေတွေ လျှံနေတာကြောင့် ကူညီကယ်ဆယ်ရေးလမ်းကြောင်းတွေလည်း ပြတ်တောက်နေတယ်။
မြန်မာပြည်အလယ်ပိုင်းက ရေကြီးမှုမှာလဲ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တောင် ရေကျော်လာပါပြီ။ မန္တလေးမြို့အထွက် အမြန်လမ်းပေါ်ရေကျော်လာလို့ လမ်းကိုခေတ္တပိတ်ထားရတယ်။ ရန်ကုန်-မန္တလေးလမ်းဟောင်းဆိုရင် တံတားတွေကျိုးနေတာကြောင့် သွားလာလို့တောင်မရတော့ပါဘူး။ ထိုလမ်းမကြီးတွေ ပိတ်ဆို့သွားရင် ကုန်စည်စီးဆင်းမှုပါ ရပ်တန့်သွားနိုင်ပါတယ်။