ရာဂီမုန်တိုင်းအရှိန်ကြောင့် နိုင်ငံရဲ့ဒေသအများအပြားမှာရေကြီးမှုအခြေအနေဟာ ပိုမိုဆိုးရွားလာတယ်။ရေဘေးသင့်ဒေသတွေဟာ ရှမ်းပြည်အရှေ့ပိုင်း၊ရှမ်းပြည်တောင်ပိုင်းကနေမန္တလေးတိုင်း၊ကရင်ပြည်နယ်၊ပဲခူးတိုင်းအထိပါ ကျယ်ပြန့်လာပြီ။ရှမ်းပြည်နယ်အရှေ့ပိုင်းမှာဆို တာချီလိတ်မြို့၊ကရင်ပြည်နယ်မှာ ဘားအံနဲ့ မြဝတီမြို့၊မြဝတီမြို့ဆို မိုးဦးကာလကရေကြီးခဲ့သေးတာကြောင့် ၃လအတွင်းမှာဒါဒုတိယအကြိမ်မြောက်ဖြစ်တယ်။ပဲခူးတိုင်းမှာဆို တောင်ငူမြို့နဲ့စစ်တောင်းမြစ်ဘေးက မြို့တွေရေဘေးကြုံနေရတယ်။အဆိုးရွားဆုံးကတော့ မန္တလေးတိုင်းအလယ်ပိုင်းက နေပြည်တော်အပါအဝင်မြို့တွေပါ။မိုးသည်းထန်စွာရွာသွန်းလို့ ဆည်ရေတွေဖောက်ချတာကြောင့် တခါမှရေမကြီးဘူးတဲ့ဝမ်းတွင်း၊ရမည်းသင်း၊တောင်သာမြို့တွေမှာ ရေဘေးအကြီးအကျယ်ကြုံနေရတယ်။ဆည်ရေတွေဖောက်ချတာကိုလဲ စစ်ကောင်စီက ကြိုတင်သတိမပေးခဲ့ဘူး။ရမည်းသင်းမြို့နယ်မှာဆို ရွာလုံးကျွတ်ရေထဲမြောပါသွားပြီး လူသေဆုံးမှုတွေပါရှိလာပြီ။အခုလောလောဆယ်အချိန်အထိ အနည်းဆုံး၂၀ ကျော်သေဆုံးသွားပြီလို့ သိရတယ်။ရမည်းသင်းမြို့နယ်ထဲက ရွှေတွင်းတစ်ခုမှာလဲ မြေပြိုမှုကြောင့်ရွှေလုပ်ကွက်တစ်ခုလုံး မြေအောက်ရောက်သွားတာ ကြောင့် သေဆုံးသူတွေအများအပြား ဆက်လက်တိုးလာနိုင်တယ်။
မန္တလေးတိုင်းအလယ်ပိုင်းဒေသဟာ မြစ်ချောင်းတွေနဲ့မနီးတာကြောင့် ရေဘေးကြုံရလေ့မရှိပါဘူး။အခုတော့ကြိုတင်အကြောင်းမကြားပဲ ဆည်ရေတွေဖောက်ချမှုကြောင့် ဒေသခံပြည်သူအများအပြား အတိဒုက္ခရောက်နေကြတယ်။မိုးကလဲ ဆက်လက်ရွာသွန်းနေတာကြောင့် ပျက်စီးဆုံးရှုံးမှုထပ်တက်လာနိုင်ပါတယ်။