မန္တလေးတိုင်း ကျောက်ဆည်၊ စဉ့်ကိုင်နဲ့ တံတားဦးမြို့နယ်က လမ်းဆုံလမ်းခွတွေနဲ့ ကျေးရွာတွေကို စစ်အုပ်စုက ဒီမနက်ပိုင်း စီးနင်းကာ တွေ့သမျှလူ ပေါ်တာဆွဲ ဖမ်းဆီးနေပြီး လူဦးရေ ရာနဲ့ချီ ပေါ်တာဆွဲ ဖမ်းဆီးခံနေရတယ်။
ဩဂုတ်(၁၆)ရက် မနက်(၇)နာရီလောက်က စတင်ပြီး တံတားဦးမြို့ အနောက်ဘက်အထွက်၊ တံတားဦး – မြို့သာ – မြင်းခြံ လမ်းတလျှောက် စစ်အုပ်စုက တွေ့သမျှလူ ကားပေါ်ဆွဲတင်ပြီး ဖမ်းဆီး ပေါ်တာဆွဲသလို နေ့လည်(၁၂)နာရီကျော်မှာ စဉ့်ကိုင်မြို့နယ်၊ ညနေ(၄)နာရီလောက်မှာ ကျောက်ဆည်မြို့၊ အနောက်ဘက်က ကျေးရွာတွေကို စီးနင်းပြီး ပေါ်တာဆွဲ ဖမ်းဆီးနေတာပါ။အဓိကအားဖြင့် မန္တလေးကို အလုပ်သွားလုပ်တဲ့ လူငယ်တွေကို ဆိုင်ကယ်တွေ တားပြီး ချောဆွဲထားတဲ့ ကားတွေပေါ် အတင်း တက်ခိုင်းတယ်။ ထွေအုပ်ရုံးကို ပထမဆုံး ခေါ်သွားပါတယ်။ ခေါ်သွားတဲ့ကား အရေအတွက် ခုနှစ်စီး၊ ကားအမျိုးအစားတွေက ကန်တာ၊ လိုက်ထရပ်တွေ ဖြစ်ပြီး ခန့်မှန်း လူ (၂၅၀)ခန့် ရှိမယ်။ ဖမ်းဆီးပြီးနောက် မိသားစုဝင်တွေကို ဖုန်းဆက်ခေါ် လက်မှတ်ထိုးခိုင်းပါတယ်။
ထိုပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို စစ်တပ်က ဦးဆောင်ပြီး ပျူ၊ ထွေအုပ်၊ မီးသတ် စတာတွေ ပါဝင်ပါတယ်။ ဒါကြောင့် ထိုဒေသရှိ ကျေးရွာတွေမှာနေတဲ့ လူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေရတယ်။ စစ်ကောင်စီဟာ စစ်မှုထမ်းအပတ်စဉ် ၅ အတွက် လိုအပ်တဲ့ လူအင်အားမရတာကြောင့် အတင်းအဓ္ဓမပေါ်တာဆွဲမှုတွေ ပေါ်ပေါ်တင်တင်ဖြစ်လာပါပြီ။